Category: News

  • ဗုံးလာကြဲသည့် စက်တပ်လေထီး ၂ စီးကို ပါပစ်ချနိုင်ခဲ့

    ဗုံးလာကြဲသည့် စက်တပ်လေထီး ၂ စီးကို ပါပစ်ချနိုင်ခဲ့

    စစ်ကောင်စီ၏ ညောင်ကျိုးစခန်းကို AA က အပြင်းအထန်တိုက်ခိုက်နေပြီး ကာကင်းစခန်းအတွင်း ပိတ်မိကာ အစာရေစာပြတ်လပ်၊ ဗုံးလာကြဲသည့် စက်တပ်လေထီး ၂ စီးကို ပါပစ်ချနိုင်ခဲ့

    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ညောင်ကျိုး လက်နက်ကြီးအထိုင်ချစခန်းနှင့် နတ်တောင်တာဝါတိုင် စခန်းကုန်းတို့တွင် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲအပြင်း အထန်ဖြစ်ပွားနေကြောင်း သိရသည်။

    ညောင်ကျိုးစခန်း၏ ကာကင်းစခန်းကုန်းဖြစ်သည့် နတ်တောင်တာဝါတိုင်းစခန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် AA က ပိတ်ဆို့ထားပြီး ညောင်ကျိုးစခန်းတွင်ပါ ထိုးစစ်ပြင်းထန်၍ တိုက်ပွဲအပြင်း အထန် ဖြစ်ပွားနေကြောင်း သိရသည်။

    “ပုဂံကွဲကျပြီးတဲ့နောက် နတ်တောင်စခန်းက အပိတ်ခံ ထားရတာ။ စားနပ်ရိက္ခာလည်းမပို့နိုင်လို့ ငတ်ပြတ်နေတယ်လို့ သိထားတယ်။ ညောင်ကျိုးကနေ ရိက္ခာရော လက်နက်ခဲယမ်းရော ဘာမှ မပို့နိုင်တော့တာ။ စခန်းကုန်းထဲအကုန်ပိတ်မိနေကြတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့များ ပိတ်မိနေသည့် နတ်တောင်တာဝါကုန်းစခန်းသည် AA သိမ်းပိုက်ထားသည့် ပုဂံကွဲစခန်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ညောင်ကျိုးလက်နက်ကြီး အထိုင်စခန်းတို့ကြားတွင် တည်ရှိကြောင်း သိရသည်။

    ယမန်နေ့က တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီက စက်တပ်လေထီးများဖြင့် ဗုံးလာကြဲရာတွင် စက်တပ်လေထီး (Paramotor) နှစ်စီးကို AA က ပစ်ချခဲ့ရာ စက်တပ်လေထီးနှင့်အတူလိုက်ပါလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးလုံးသေဆုံးသွားကြောင်း သိရသည်။

    ညောင်ကျိုးတိုက်ပွဲအတွင်းသို့ ညောင်ခြေထောက်ရှိ အမှတ်(၆)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၆ ) အတွင်းမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ကူတိုက်ခိုက်နေပြီး ညောင်ကျိုးနှင့် ကပစ စက်ရုံများမှာ ၁၀ မိုင်ဝန်းကျင်ခန့်သာ ကွာဝေးကြောင်း သိရသည်။

    AA သည် ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းအစပ်ရှိ တောင်ပုံကြီးစခန်းကို သိမ်းယူပြီးနောက် မိုးထိတောင် စခန်းကို ဆက်လက်သိမ်းယူခဲ့ရာ စစ်ကောင်စီက မိုးထိတောင်စခန်း ပြန်လည်ရရှိရေးအတွက် ပုဂံကွဲ၊ ညောင်ကျိုး၊ ညောင်ခြေထောက်တို့တွင် ခံစစ်စခန်းများတည်၍ ပြန်လည်ထိုးစစ်ဆင်လာခြင်းဖြစ်သည်။

    ထိုသို့ထိုးစစ်ဆင်ရန် ကြိုးပမ်းလာသော စစ်ကောင်စီတပ်များ မိုးထိတောင်စခန်းမှ ပြန်လန်ကျကာ ခံစစ်စခန်းဖြစ်သည့် ပုဂံကွဲစခန်းအသိမ်းခံရပြီး လက်ရှိတွင် ညောင်ကျိုးနှင့် ကာကင်းစခန်းဖြစ်သည့် နတ်တောင်တာဝါတိုင်စခန်းတို့တွင်ပါ အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကို ခံနေရသည်။

    ဓာတ်ပုံ-စစ်ကောင်စီတပ်မှ စက်တပ်လေထီးလေ့ကျင့်နေစဥ်(ပုံဟောင်း)

  • ရန်ကုန် အဝင် အထွက် အစစ်အဆေးတင်းကြပ်ရန်နှင့် မိသားစုဝင်များကို လုံခြုံသည့်နေရာတွင် ကိုယ့်အစီအစဉ်နှင့်ကိုယ်ထားရန် ညွှန်ကြားထား

    ရန်ကုန် အဝင် အထွက် အစစ်အဆေးတင်းကြပ်ရန်နှင့် မိသားစုဝင်များကို လုံခြုံသည့်နေရာတွင် ကိုယ့်အစီအစဉ်နှင့်ကိုယ်ထားရန် ညွှန်ကြားထား

    ရန်ကုန်နှင့် ပဲခူးတို့တွင် PDF တပ်များက တိုက်ပွဲများဖော်ဆောင်မည်ဆိုသော သတင်းကြောင့် စစ်ကောင်စီဘက်က ရန်ကုန်အဝင်၊ အထွက်များအား အစစ်အဆေးတင်းကြပ်မည်ဟု သိရသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်သူ့ကာကွယ်ရေးတပ်များက ရန်ကုန်နှင့် ပဲခူးတွင် တိုက်ပွဲများဖော်ဆောင်မည်ဆိုသော သတင်းကြောင့် ရန်ကုန်တိုင်း နယ်လုံဝန်ကြီးနှင့် ရန်ကုန်တိုင်း ထိပ်ပိုင်းရဲခေါင်းဆောင်များ ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် အစည်းအဝေးလုပ်ကာ ယင်းသို့ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ရဲ အသိုင်းအဝိုင်းထံ မှ သိရသည်။

    “ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရဲချုပ်တွေပေါ့နော်။ နယ်လုံဝန်ကြီး၊ မြို့နယ်ရဲမှူးတွေ၊ ခရိုင်ရဲမှူးတွေလည်းပါတဲ့ အစည်းအဝေးကနေပြီးတော့ NUG ကနေပြီးတော့ ရန်ကုန်နဲ့ ပဲခူးမှာ တိုက်ပွဲတွေဖော်ဆောင်မယ်ဆိုတဲ့ သတင်းရတယ်ဆိုပြီး ရန်ကုန်တိုင်းကို ဒီ့ထက်ပိုပြီးစစ်ဆေးဖို့ အဝင်အထွက်တွေ ကြပ်မတ်ဖို့နဲ့ လုံခြုံရေး သတိ အသိတွေရှိဖို့ဆိုပြီးတော့ ညွှန်ကြားတယ်။”ဟု ရဲအသိုင်းအဝိုင်းမှ သတင်းပေးတစ်ဦးက ပြောသည်။

    ရန်ကုန်တိုင်းအတွင်းသို့ ဝင်ရောက်လာနိုင်သည့် ခရီးသည်တင်ယာဉ်များ၊ အိမ်စီးကားများနှင့် ဝင်ရောက်လာမည့် လူများအား စစ်ဆေးရန်၊ ရပ်ကွက်များတွင်လည်း အစစ်အဆေး ကြပ်မတ်ရန်၊ စစ်မှုထမ်းကိစ္စများနှင့်ပါတ်သက်၍ လူငယ်များအား ထိထိရောက်ရောက် ဆောင်ရွက်ရန်လည်း ညွန်ကြားသည်ဟု သိရသည်။

    “ဘယ်မြို့နယ်ကို အဓိကတင်းကြပ်ပါဆိုပြီးပြောတာ မဟုတ်ဘူး။ ရန်ကုန်အဝင်၊ အထွက်တွေကို တင်းကြပ်ပါပေါ့။ အဓိကတော့ တိုက်ပွဲတွေဖြစ်နေတဲ့ နေရာနဲ့ နီးစပ်တဲ့နေရာတွေ အရင်ကတည်းက ရန်ကုန်နဲ့နီးတဲ့ တိုက်ပွဲဖြစ်ခဲ့ဖူးတဲ့နေရာတွေကို တင်းကြပ်ဖို့ပေါ့။ အဓိကတော့ ရန်ကုန် အဝင်၊ အထွက်တွေ တင်းကြပ်ဖို့နဲ့ မြို့နယ်တွေမှာ လူတွေစစ်ဖို့ ညွှန်ကြားတာပေါ့နော်။”ဟု ၎င်းကဆက်ပြောသည်။

    စစ်ဆေးတင်းကြပ်မှုများကို မည်သည်နေ့က စတင်လုပ်ဆောင်မည်ဟု ပြောဆိုခြင်းမရှိဘဲ ယနေ့မှစတင်၍ ရက်ပိုင်းအတွင်း စစ်ဆေးရန် ညွှန်ကြားခြင်းဖြစ်သည်ဟု ဆိုသည်။

    ထို့အပြင် ရန်ကုန်တိုင်းအတွင်း တိုက်ပွဲများကြောင့် အဆိုးဆုံးအခြေအနေဖြစ်လာခဲ့ပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကို လုံခြုံသည့်နေရာတွင် ကိုယ့်အစီအစဥ်နှင့်ကိုယ်ထားရန် ပြောဆိုသည်ဟုလည်း သိရသည်။

  • ဗန်းမော်၌ စစ်ရေးအထိနာ၍ ကျေးရွာများကို ပို ဗုံးကြဲ

    ဗန်းမော်၌ စစ်ရေးအထိနာ၍ ကျေးရွာများကို ပို ဗုံးကြဲ

    ဗန်းမော်တိုက်ပွဲအတွင်း တပ်ရင်းတချို့ လက်လွှတ်ရသည့် စစ်တပ်က ဗန်းမော်၊ မိုးမောက်၊ မံစီမြို့နယ်တို့ရှိ ကျေးရွာ များ အား ပစ်မှတ်ထားဗုံးကြဲမှု ပိုလုပ်လာကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

    ဗိုလ်မှူးကြီး နော်ဘူက “မိုးမောက်မြို့နယ်တို့ မံစီမြို့နယ်တို့မှာ ညသန်းခေါင် လေယာဉ်နဲ့ဗုံးကြဲတာ အရပ်သား သေဆုံးမှုရှိ တယ်။ အရေအတွက် အသေးစိတ် မသိရသေးပါဘူး။ ဗန်းမော်ဘက်မှာ သူတို့အထိနာတယ်ဆိုတော့ ပြည်သူရှိတဲ့ဘက်ကို ဗုံးကြဲတာ ပြည်သူကို ကျနော်တို့တော်လှန်တဲ့အဖွဲ့တွေနဲ့ အဆက်အသွယ် မလုပ်အောင် ခြိမ်းခြောက်တဲ့ပုံစံနဲ့ ဗုံးကြဲတာ” ဟု ပြောသည်။

    ယမန်နေ့ ညပိုင်းတွင် စစ်တပ်အနေဖြင့် မံစီမြို့နယ် မန်ဝိန်းကြီးဒေသနှင့် ဧရာဝတီမြစ်အတွင်း ရွှေတူးဖော်နေသည့် နေရာ တခုကို ဗုံးကြဲခဲ့ရာ ထိခိုက်ဒဏ်ရာရမှုအခြေအနေအသေးစိတ်ကို မသိရသေး ကြောင်းလည်း ၎င်းက ပြောသည်။

    ခလရ ၂၃၆ လက်လွှတ်ခဲ့ရသည့် ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းကလည်း မိုးမောက်မြို့နယ် ဝက်ယင်းနှင့် နန့်အီကျေးရွာတို့ အား စစ်တပ်က ဗုံးကြဲရာ အရပ်သား ကလေးငယ်သုံးဦးအပါအဝင် ၇ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့သည်။ ဝက်ယင်းရွာမှ သေဆုံးသူ ၇ ဦးသည် မိသားစုဝင်များဖြစ်ကြပြီး ၎င်းတို့အိမ်အပါအဝင် ရွာရှိနေအိမ်တချို့လည်း ပျက်စီးခဲ့ရသည်။

    ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မံစီမြို့နယ်၊ မံသာကျေးရွာအား စစ်တပ်က ဗုံးကြဲသည့် အတွက် ကလေးတဦးအပါအဝင် ၂ ဦး သေဆုံးကာ သုံးဦးဒဏ်ရာရခဲ့သည့်အပြင် ဗန်းမော်မြို့နယ်၊ ရေလဲရွာတွင် လည်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင်း အရပ်သား ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

    ဖေဖော်ဝါရီ ၂၁ ရက်က မံစီမြို့နယ်၊ မန်တာကျေးရွာကို ဗုံးကြဲ၍ ပျက်စီးမှုများ/Thein aung (CJ)

    လူအစုလိုက် သေဆုံးစေသည့် စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုအပေါ်ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) က ထုတ်ပြောခဲ့ပြီး ဖြစ်ပွားနေသော ပဋိပက္ခများအတွင်း ဒေသခံများအနေဖြင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များ ဆက်လက် တိုးမြင့်လာလျက်ရှိနေကြောင်းလည်း ၎င်းတို့က ဆိုသည်။

    စစ်တပ်အနေဖြင့် KIA ထိန်းချုပ်နယ်မြေများအတွင်းရှိ ကျေးရွာများအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ပစ်မှတ်ထားကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် စစ်ရေး သတိ ရှိကြရန် KIA က တိုက်တွန်းထားသည်။

    KIA ပူးပေါင်းတပ်များက ယမန်နှစ်ဒီဇင်ဘာလဆန်းပိုင်း၌ စတင် ထိုးစစ်ဆင်နေသည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲသည်လည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး လတ်တလော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အနီး အဓိက တိုက်ပွဲ ပြင်းထန်နေကြောင်းလည်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

    ၎င်းက “တိုက်ပွဲက ဆက်ဖြစ်နေပါတယ်။ အဓိကတော့ စကခ ၂၁ ဘက်မှာ၊ စကစဘက်ကတော့ အဓိက လေကြောင်းနဲ့ ဒရုန်းတွေနဲ့ တိုက်နေတာပေါ့။ စစ်ကူပို့တာတွေလည်း ရှိတယ်” ဟု ပြောသည်။

    ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်များက ခလရ ၂၃၆၊ အမြောက်တပ် အမတ ၃၆၆၊ သံချပ်ကာတပ်ရင်း၊ တင့်ကားတပ်ရင်းနှင့် တပ်စခန်းတချို့ တိုက်ခိုက်သိမ်းပိုက်ကာ မြို့ပေါ်နေရာအများစုအား ထိန်းချုပ်ထားနိုင်ပြီး မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက် ကြိုးပမ်းနေကြောင်း KIA ဘက်က ပြောထားသည်။

  • ပုပ္ပါး-တောင်သာလမ်းကို ညဘက် မသွားလာဖို့ PGF ထုတ်ပြန်

    ပုပ္ပါး-တောင်သာလမ်းကို ညဘက် မသွားလာဖို့ PGF ထုတ်ပြန်

    မန္တလေးတိုင်းအတွင်းက ပုပ္ပါး-တောင်သာလမ်းကို ပြည်သူတွေအနေနဲ့ ည ၈ နာရီကနေ မနက် ၄ နာရီအတွင်း ဖြတ်သန်းသွားလာတာမလုပ်ဖို့ Popa Guerilla Force(PGF) က ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    စစ်ရေးအရှိန်မြှင့်မှာကြောင့် ညဘက်မှာ ဖြတ်သန်းသွားလာတာမလုပ်ဖို့ ထုတ်ပြန်တာလို့ Popa Guerilla Force(PGF) တပ်ဖွဲ့ ဒုတာဝန်ခံ ရဲဘော်ဗျတ္တက ပြောပါတယ်။

    “စစ်ကောင်စီက အဓိက ညဘက်တွေမှာ စစ်ရေးလှုပ်ရှားလာတာတွေရှိတယ်။ ခရီးသည်တင်ကားတွေနဲ့ လိုက်လာတာတွေရှိတယ်။ ညဘက်တွေမှာ ပေါ်တာဆွဲတာတွေရှိတယ်။ အဲဒါကြောင့် ပြည်သူတွေက အပြင်မထွက်ရဲကြဘူး။ ကျွန်တော်တို့က စစ်ရေးအရှိန်မြှင့်မှာကြောင့် ညဘက်မထွက်ဖို့ ထုတ်ပြန်တာဖြစ်တယ်”

    ညဘက်မှာ ပြည်သူတွေမသွားလာရင် စစ်ရေးဖော်ဆောင်မှုတွေကို လွတ်လွတ်လပ်လပ် လုပ်နိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာအောင် လုပ်နိုင်မယ်လို့လည်း ရဲဘော်ဗျတ္တက ပြောပါတယ်။

    ကျန်းမာရေးကိစ္စအပါအဝင် အရေးကြီးကိစ္စနဲ့ ညဘက်မှာ သွားလာဖို့လိုအပ်ရင် နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေကို အကြောင်းကြားပြီး သွားလာနိုင်တယ်လို့လည်း PGF က ပြောထားပါတယ်။

    စစ်ရေးအရှိန်မြှင့်မှာကြောင့် တိုက်ပွဲတွေပြင်းထန်လာနိုင်ပြီး ပြည်သူတွေအနေနဲ့ ထိခိုက်မှုတွေမဖြစ်ရအောင် မလိုအပ်ဘဲ ခရီးမသွားဖို့လည်း ရဲဘော်ဗျတ္တက ပြောပါတယ်။

    ကျောက်ပန်းတောင်မြို့နယ်မှာ ပြည်သူတွေထံက ငွေကြေတောင်ခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PGF တပ်ဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

    အလားတူ ဇန်နဝါရီလ ၅ ရက်နေ့ကလည်း ပုပ္ပါးတောင်မကြီး ပတ်ဝန်းကျင်ကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို PGF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

    Popa Guerilla Force(PGF) တပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။ (Photo: PGF)

  • အုပ်ချုပ်‌ရေးမှူး ကံမြင့်နှင့် မယားဖြစ်သူတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

    အုပ်ချုပ်‌ရေးမှူး ကံမြင့်နှင့် မယားဖြစ်သူတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

    ကြို့ပင်ကောက်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ဦးဆောင်ပါဝင်နေသည့် ဂွေးကောင်းပင်ရွာ အုပ်ချုပ်‌ရေးမှူး ကံမြင့်နှင့် မယားဖြစ်သူတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

    ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ဦးဆောင်ပါဝင်နေသည့် ဂွေးကောင်းပင်ရွာ အုပ်ချုပ်‌ရေးမှူး ကံမြင့်နှင့် မယားဖြစ်သူတို့ကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း အမှတ် ၁ တပ်ရင်း တပ်ခွဲ ၅ မှ ကိုမိုးကြိုးလေး⁩က ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်၊ ဂွေးကောင်းပင်ရွာ အုပ်ချုပ်‌ရေးမှူး ကံမြင့်ကို သာယာဝတီခရိုင် တပ်ရင်း အမှတ် ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်စဉ် ကံမြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကံမြင့်၏ မယားဖြစ်သူ ခင်ဝင်းက တော်လှန်ရေး တပ်ဖွဲ့များကို ဓားမဖြင့် ခုတ်ရန် ပြေးလာစဉ် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ခင်ဝင်းပါ ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

    သေဆုံးသွားသော ကံမြင့်သည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပြည်ဘက်သို့ ပျူစောထီး ၂၀ ဦးကို စစ်သင်တန်း ပို့ဆောင်ရန်လုပ်ဆောင်နေခြင်းဖြစ်ပြီး ကျေးရွာအတွင်းတွင်လည်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ဦးဆောင်နေသူ ဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး အခွန်ကြေး၊ ဆက်ကြေးများ ကောက်ခံနေသူဖြစ်ကာ ပြည်သူများနှင့် PDF အဖွဲ့များကို စုံစမ်းလေ့လာနေသူလည်း ဖြစ်ကြောင်း၊ ကံမြင့်က ပျူစောထီး သင်တန်းဆင်းပြီး ပြန်လာသူများကိုလည်း မြို့လည်ချောင်း-ရှမ်းကွင်း-ဂွေးကောင်းပင် လမ်းဆုံများရှိ ပျူစောထီး ဂိတ်စခန်းများတွင် အထိုင်ချရန် လယ်ကွက်များ ကြိုတင်ဝယ်ယူထားသောကြောင့် တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း ကိုမိုးကြိုးလေး⁩က ရှင်းပြသည်။

    ” အုပ်ချုပ်‌ရေးမှူး ဦးကံမြင့်ကို ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲက ရဲဘော်တွေက နေအိမ်ထဲ ဝင်ရောက် ပစ်ခတ် ရှင်းလင်းခဲ့တာ နေရာမှာ ပွဲချင်းပြီးသေဆုံးတယ်။ သူ့မယား ဖြစ်သူ ခင်ဝင်းက သူတို့ဖွဲ့စည်းထားတဲ့ ပျူစောထီတွေရှိနေသလိုနဲ့ အော်ပြီး ကျနော်တို့ ရဲဘော်တွေကို ဓားမနဲ့ ပြေးခုတ်လို့ ထပ်မံ ပစ်ခတ်ခဲ့တာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု အမှတ် ၁ တပ်ရင်း တပ်ခွဲ ၅ မှ ကိုမိုးကြိုးလေး⁩က ပြောဆိုသည်။

    ဆက်လက်၍ စစ်ရေးမြှင့်တင် လှုပ်ရှားဆောင်ရွက်မည်ဖြစ်၍ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်နှင့် ‌ပျူစောထီးဒေါက်တိုင်များ စစ်ကောင်စီ ယန္တရားများနှင့်‌ အတတ်နိုင်ဆုံး ရှောင်ရှားသွားလာနေထိုင်ကြရန် မေတ္တာခံလိုကြောင်း၊ သာယာဝတီခရိုင် တပ်ရင်း အမှတ် ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့သည် စစ်အာဏာရှင် စနစ်ဆိုးကြီးအမြစ်ပြတ်သည်အထိ ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကိုမိုးကြိုးလေးက ဆက်လက်ပြောဆိုသည်။