ရန်ကုန် အဝင် အထွက် အစစ်အဆေးတင်းကြပ်ရန်နှင့် မိသားစုဝင်များကို လုံခြုံသည့်နေရာတွင် ကိုယ့်အစီအစဉ်နှင့်ကိုယ်ထားရန် ညွှန်ကြားထား

ရန်ကုန် အဝင် အထွက် အစစ်အဆေးတင်းကြပ်ရန်နှင့် မိသားစုဝင်များကို လုံခြုံသည့်နေရာတွင် ကိုယ့်အစီအစဉ်နှင့်ကိုယ်ထားရန် ညွှန်ကြားထား

ရန်ကုန်နှင့် ပဲခူးတို့တွင် PDF တပ်များက တိုက်ပွဲများဖော်ဆောင်မည်ဆိုသော သတင်းကြောင့် စစ်ကောင်စီဘက်က ရန်ကုန်အဝင်၊ အထွက်များအား အစစ်အဆေးတင်းကြပ်မည်ဟု သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်သူ့ကာကွယ်ရေးတပ်များက ရန်ကုန်နှင့် ပဲခူးတွင် တိုက်ပွဲများဖော်ဆောင်မည်ဆိုသော သတင်းကြောင့် ရန်ကုန်တိုင်း နယ်လုံဝန်ကြီးနှင့် ရန်ကုန်တိုင်း ထိပ်ပိုင်းရဲခေါင်းဆောင်များ ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် အစည်းအဝေးလုပ်ကာ ယင်းသို့ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ရဲ အသိုင်းအဝိုင်းထံ မှ သိရသည်။

“ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရဲချုပ်တွေပေါ့နော်။ နယ်လုံဝန်ကြီး၊ မြို့နယ်ရဲမှူးတွေ၊ ခရိုင်ရဲမှူးတွေလည်းပါတဲ့ အစည်းအဝေးကနေပြီးတော့ NUG ကနေပြီးတော့ ရန်ကုန်နဲ့ ပဲခူးမှာ တိုက်ပွဲတွေဖော်ဆောင်မယ်ဆိုတဲ့ သတင်းရတယ်ဆိုပြီး ရန်ကုန်တိုင်းကို ဒီ့ထက်ပိုပြီးစစ်ဆေးဖို့ အဝင်အထွက်တွေ ကြပ်မတ်ဖို့နဲ့ လုံခြုံရေး သတိ အသိတွေရှိဖို့ဆိုပြီးတော့ ညွှန်ကြားတယ်။”ဟု ရဲအသိုင်းအဝိုင်းမှ သတင်းပေးတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းအတွင်းသို့ ဝင်ရောက်လာနိုင်သည့် ခရီးသည်တင်ယာဉ်များ၊ အိမ်စီးကားများနှင့် ဝင်ရောက်လာမည့် လူများအား စစ်ဆေးရန်၊ ရပ်ကွက်များတွင်လည်း အစစ်အဆေး ကြပ်မတ်ရန်၊ စစ်မှုထမ်းကိစ္စများနှင့်ပါတ်သက်၍ လူငယ်များအား ထိထိရောက်ရောက် ဆောင်ရွက်ရန်လည်း ညွန်ကြားသည်ဟု သိရသည်။

“ဘယ်မြို့နယ်ကို အဓိကတင်းကြပ်ပါဆိုပြီးပြောတာ မဟုတ်ဘူး။ ရန်ကုန်အဝင်၊ အထွက်တွေကို တင်းကြပ်ပါပေါ့။ အဓိကတော့ တိုက်ပွဲတွေဖြစ်နေတဲ့ နေရာနဲ့ နီးစပ်တဲ့နေရာတွေ အရင်ကတည်းက ရန်ကုန်နဲ့နီးတဲ့ တိုက်ပွဲဖြစ်ခဲ့ဖူးတဲ့နေရာတွေကို တင်းကြပ်ဖို့ပေါ့။ အဓိကတော့ ရန်ကုန် အဝင်၊ အထွက်တွေ တင်းကြပ်ဖို့နဲ့ မြို့နယ်တွေမှာ လူတွေစစ်ဖို့ ညွှန်ကြားတာပေါ့နော်။”ဟု ၎င်းကဆက်ပြောသည်။

စစ်ဆေးတင်းကြပ်မှုများကို မည်သည်နေ့က စတင်လုပ်ဆောင်မည်ဟု ပြောဆိုခြင်းမရှိဘဲ ယနေ့မှစတင်၍ ရက်ပိုင်းအတွင်း စစ်ဆေးရန် ညွှန်ကြားခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ရန်ကုန်တိုင်းအတွင်း တိုက်ပွဲများကြောင့် အဆိုးဆုံးအခြေအနေဖြစ်လာခဲ့ပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကို လုံခြုံသည့်နေရာတွင် ကိုယ့်အစီအစဥ်နှင့်ကိုယ်ထားရန် ပြောဆိုသည်ဟုလည်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *