Category: News

  • ဖာပွန်တိုက်ပွဲတွင် စစ်တပ်က ဗျူဟာကုန်းတစ်ခုစွန့်လွှတ်ပြီး BGF စခန်းသို့ ဆုတ်ခွာ

    ကရင်ပြည်နယ်မြောက်ပိုင်း ၊ ဖာပွန်မြို့တောင်ဘက်၊ ကမမောင်း-ဖာပွန် ကားလမ်းပေါ်မှ ကတိုင်တိရွာ ဗျူဟာကုန်းမှ စစ်တပ်သည် ရွာအနောက်ဘက်ရှိ ကရင်နယ်ခြားစောင့်တပ် (BGF) ၏ အမှတ် (၁၀၁၃) တပ်ရင်းစခန်းထဲသို့ ဆုတ်ခွာသွားပြီး ဆက်လက် ခုခံနေကြောင်း မြေပြင်တပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တချို့က ပြောသည်။

    ကတိုင်တိ ဗျူဟာကုန်းကို တော်လှန်ရေးအင်အားစုက ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တိုက်ခိုက်ခဲ့သည်။

    တော်လှန်ရေးပူးပေါင်းတပ်များက ထိုနေရာကို ထိုးစစ်ဆင်နေသည်မှာ တစ်လခန့်ရှိပြီ ဖြစ်သည်။

    ထိုးစစ်ကို မခံနိုင်တော့သဖြင့် စစ်တပ်ဆုတ်သွားခြင်း ဖြစ်သည်ဟု ပူးပေါင်းတပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

    “ဗျူဟာကုန်းတော့ရပြီ ။ ရန်သူဖက်က ခုခံမှုတချို့ရှိနေသေးပါတယ်။ တိုက်ပွဲက ဖြစ်နေတုန်းပါပဲ။ အင်အားများတယ်။ မကြာခင်ကမှ ထပ်ဖြည့်ထားတာတွေ တပ်ဆုတ်သွားသူတွေ ပူးပေါင်းရှိနေတာ” ဟု ၎င်းက ဆိုသည်။

    ကမမောင်း-ဖာပွန် ကားလမ်းပေါ်ရှိ ကတိုင်တိရွာသည် ဖာပွန်မြို့တောင်ဘက် ၃၁ မိုင်ကျော်အကွာတွင် ရှိသည်၊ ရွာမြောက်ဘက် ယွန်းစလင်းချောင်းဘေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထိုင်သည့် ကတိုင်တိ ဗျူဟာကုန်း ရှိသည်၊ ရွာအနောက်ဘက်တွင် BGF ၏ အမှတ် (၁၀၁၃) တပ်ရင်းစခန်းရှိသည်။

    စစ်တပ် ရောက်နေသော BGF အမှတ် (၁၀၁၃) တပ်ရင်းသည် ယခုလ ပထမပတ်ကတည်းက တပ်ရင်းအထိုင်စခန်းမှ နေရာရွှေ့ကာ KNU တပ်မဟာ (၁) နယ်မြေအတွင်း ပြောင်းရွှေ့နေရာယူထားသည် ဟု ကရင်သတင်းစဉ် (KIC) သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

    ကတိုင်တိဗျူဟာကုန်းနှင့် BGF ၁၀၁၃ ပြမြေပုံ

    ကတိုင်တိဗျူဟာကုန်းတွင် ကတိုင်တိရွာမြောက်ဘက်ရှိ စစ်စခန်းတချို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ပူးပေါင်းထားသဖြင့် အင်အား ရာဂဏန်း ရှိနိုင်ကြောင်း ပူးပေါင်းတပ်များနှင့် နီးစပ်သည့် အခြားသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

    “အဲဒီမှာ ၂၀၀ လောက်ရှိမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကူးဆိပ်တို့ မထောတို့ကနေ ဆုတ်လာတဲ့ အဖွဲ့တွေကလည်း အဲဒီမှာရှိနေတယ်”

    စစ်ကောင်စီဘက်ကလည်း ဇန်နဝါရီ ၂၃ ရက်နေ့က တော်လှန်ရေးတပ်များရှိမည်ထင်သည့် နေရာသို့ စစ်လေယာဉ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်နေကြောင်း အထက်ပါသတင်းရင်းမြစ်က ဆက်ပြောသည်။

    လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ဗိုလ်ကြီး ဇင်ယော်ကလည်း စစ်ကောင်စီ တပ်ဘက်ကလည်း ကတိုင်တိတွင် အပြင်းအထန် ပြန်လည်ခုခံမည်ဆိုသည့် သတင်းများ ကြားရကြောင်း ၎င်းရရှိထားသည့် တပ်တွင်းသတင်းရင်းမြစ်များကို ကိုးကား၍ ပြောသည်။

    “စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုက ဘယ်လိုအကျိုးသက်ရောက်နေသလဲတော့ မသိဘူးပေါ့။ သူတို့လည်း Starlink တွေနဲ့ အင်တာနက်လိုင်းတွေ သုံးနေရတဲ့အနေအထားဆိုတော့ ညွှန်ကြားချက်နဲ့ ဝါဒဖြန့်မှုတွေကို သိရပြီးတော့ အနာခံပြီးပြန်လုံးမယ့်အနေအထားရှိတယ်။ အဲဒါကြောင့် ဆက်ပြီးစောင့်ကြည့်ရမယ့် အနေအထားလို့ ပြောရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

    KNU တပ်မဟာ (၅) နှင့် ပူးပေါင်းတပ်များသာ ကတိုင်တိဗျုဟာကို သိမ်းပိုက်ထိန်းချုပ်နိုင်ပါက စစ်တပ် အတွက် ဖာပွန်မြို့နယ်နှင့် ကမမောင်းမြို့အကြားရှိသော အရေးပါသည့် စစ်စခန်းတစ်ခု ဆုံးရှုံးသွားမည့် အခြေအနေရှိသည်။

    လက်ရှိတွင် ဖာပွန်မြို့ကို KNU နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထိန်းချုပ်ထားသည်။

    မြို့တောင်ဘက်ရှိ စစ်ကောင်စီ၏ စစ်ဗျူဟာ အခြေချ (စဗခ) အပါအဝင် ခြေမြန်တပ်ရင်းများဖြစ်သော ခမရ (၃၄၀) ၊ ခမရ (၃၄၁) တို့ကိုလည်း ပူးပေါင်းတပ်များက ဝိုင်းပတ် ပိတ်ဆို့ထားသည်။

    ယမန်နှစ် နိုဝင်ဘာအတွင်း တိုက်ပွဲ ၄၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူးတစ်ဦးနှင့် ဒု-ရင်းမှူးတစ်ဦး အပါအဝင် ၈၈ ဦး သေဆုံးသွားကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟု KNU တပ်မဟာ (၅)က သတင်းထုတ်ပြန်ထားသည်။

    ကမမောင်း-ဖာပွန် ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သော ကူးဆိပ်၊ မထော၊ တောင်သုံး လုံး၊ ဆင်စွယ်စခန်းတို့ကို ၂၀၂၄ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွင်း ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားသည်။

    ကတိုင်တိ ဗျူဟာကုန်းကို ထိုးစစ်ဆင်သည့် အင်အားစုထဲတွင် KNU တပ်မဟာ (၅) လက်အောက်ခံတပ်များ ၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၂) စစ်ဒေသခွဲ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် Force for Federal Democracy (FFD) တပ်များ ပါဝင်သည်။

  • မုံရွာမှာ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ယောက် သေ၊ စစ်အုပ်စု ထွက်ပြေးလို့ ရိက္ခာတွေ သိမ်းဆည်းရရှိ

    မုံရွာမှာ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ယောက် သေ၊ စစ်အုပ်စု ထွက်ပြေးလို့ ရိက္ခာတွေ သိမ်းဆည်းရရှိ

    စစ်ကိုင်းတိုင်း မုံရွာမြို့ တောပုရွာ ပျူစခန်းက စစ်အုပ်စုနဲ့ ပျူစောထီးတွေကို ဇန်နဝါရီလ ၂၂ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ စစ်အုပ်စု နှစ်ယောက် သေပြီး တချို့ ဒဏ်ရာရကာ ထွက်ပြေးလို့ ရိက္ခာပစ္စည်းတွေ သိမ်းဆည်း ရရှိတယ်လို့ ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ ၂ က သတင်း ထုတ်ပြန်ပါတယ်။

    ဇန်နဝါရီလ ၂၂ရက် မနက် ၈နာရီခွဲက မုံရွာမြို့နယ်၊ တောပုရွာ ပျူစခန်းကနေ ညောင်ဖြူပင်ရဲစခန်းဘက် ရိက္ခာနဲ့ ခိုးရာပါ ပစ္စည်းတွေ ပို့ဆောင်ဖို့ တောပုရွာဘက်က လာတဲ့ စစ်အုပ်စုနဲ့ ပျူ ၂၅ ယောက်၊ ညောင်ဖြူပင်ရွာဘက်က ထွက်လာတဲ့ စစ်အုပ်စုနဲ့ပျူ ၂၅ ယောက်တို့ကို နှစ်လုံး ပဒေသာမိုင်း နှစ်ပွိုင့်နဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    အဲ့ဒီ တိုက်ခိုက်မှုကြောင့် စစ်အုပ်စုနဲ့ ပျူစောထီး နှစ်ယောက် သေကာ၊ ငါးယောက် ဒဏ်ရာရပြီး ဒဏ်ရာရသူတွေထဲ နှစ်ယောက်ဟာလည်း ဖြေထောက်ပြတ်သွားလို့ ရိက္ခာထုပ်တွေချပြီး ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

    စစ်အုပ်စုနဲ့ပျူတွေ ထွက်ပြေးချိန် ကျန်ရစ်ခဲ့တဲ့ ရိက္ခာထုပ်တွေကနေ ဆန်အိတ် ၁၃ ပိုင်း၊ ဆီ၊ ကြက်သွန်၊ ငါးပိ၊ ငါးခြောက်၊ ပဲ၊ ကော်ဖီမစ်၊ အရက်၊ ဘီယာ၊ ဆေးလိပ်၊ ဆေးဝါး၊ စတာတွေ သိမ်းဆည်း ရရှိတာလို့ ဆိုပါတယ်။

    အဲ့ဒီ မိုင်းဖောက်ခွဲ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ ၂၊ မုံရွာခရိုင် တပ်ရင်း ၂၃၊ မုံရွာခရိုင် တပ်ရင်း ၂၅ ၊ မုံရွာခရိုင် တပ်ရင်း ၂၈၊ BLDF၊ Special Force 11၊ Importal Gurella force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

  • အမျိုးသမီးများ စစ်မှုထမ်းဆောင်ရန် သန်လျင်တွင် စာရင်းစတင်ကောက်ယူ

    အမျိုးသမီးများ စစ်မှုထမ်းဆောင်ရန် သန်လျင်တွင် စာရင်းစတင်ကောက်ယူ

    စစ်ကောင်စီသည် စစ်မှုမထမ်းမနေရ ဥပဒေဖြင့် စစ်မှုထမ်းဆောင်ရန် အမျိုးသမီးများကိုပါ စာရင်း စတင်ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။

    သန်လျင်မြို့၊ ဗိုလ်ချုပ်ကျေးရွာအုပ်စုတွင် ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်နေ့က အသက် ၁၈ နှစ်နှင့် ၂၇ နှစ်ကြားရှိ စစ်မှုထမ်းရန်အကျုံးဝင်သည့် အမျိုးသမီးများ စာရင်းကို ကောက်ယူခဲ့ကြောင်း သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာနေ အမျိုးသမီးတစ်ဦးထံက သိရသည်။

    “မိန်းမတွေကိုပါ စာရင်းတွေကောက်နေပြီ။ စာရင်းထဲတွေ့လိုက်တာ အယောက် ၂၀ လောက်ရှိတယ် “ဟု သန်လျင်မြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။

    ထို့အပြင် သာကေတမြို့နယ်၊ တာမွေမြို့နယ်တို့ရှိ ရပ်ကွက်နှင့် လမ်းအချို့တွင်လည်း စစ်မှုထမ်း‌ ဆောင်ရမည့်အမျိုးသမီးများစာရင်းကို ကောက်ယူသွားကြောင်း ဒေသခံများထံက သိရသည်။

    သာကေတမြို့နယ်ရှိ အချို့ရပ်ကွက်များတွင် စစ်မှုထမ်းဆောင်ရမည့် အမျိုးသမီးများစာရင်းကို ရပ်ကွက် ရုံးများ၌ စာရွက်နှင့်ကပ်ထားပြီး စစ်မှုထမ်းဆင့်ခေါ်စာ အိမ်သို့ပို့ဆောင်ခံရသည့် အမျိုးသမီးအချို့လည်း ရှိကြောင်း သာကေတ ၁၀ တောင်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးထံမှ သိရသည်။

    စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့က စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို အတည်ပြုခဲ့ပြီး စစ်မှုထမ်းရန် အကျုံးဝင်သည့် စည်းကမ်းချက်များနှင့် မည်သူတို့က ကင်းလွတ် ခွင့်ရှိသည် စသော နည်းဥပဒေများကို ထုတ်ပြန်ခဲ့သည်။

    စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်‌ ဖေဖော်ဝါ ရီလတွင် စစ်မှုထမ်းဥပဒေကို အသက်သွင်း အာဏာတည်စေပြီး အမျိုးသားများကို စစ်မှုထမ်းရန်အမှတ်စဉ် (၉) အထိခေါ်ဆောင်ထားပြီး ဖြစ်ကြောင်း သိရသည်။

    စစ်ကောင်စီသည် ယခု ထပ်မံထုတ်ပြန်သည့် နည်းဥပဒေနှင့်အတူ အမျိုးသမီးများ စစ်မှုထမ်း ဆောင်ရန်ကိုပါ စာရင်းကောက်ယူမှုများ ပြုလုပ်လာခြင်းဖြစ်ပြီး နိုင်ငံအတွင်းမှ စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက်အပိုင်းအခြားရှိနေသော လူငယ်၊ လူရွယ်တိုင်း ပြည်ပထွက်ခွာခွင့်ကိုပါ ပိတ်ပင်လိုက်ကြောင်း သိရသည်။

    ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ် နှင့် တာမွေမြို့နယ် တို့တွင် စစ်မှုထမ်း ရမည့် အမျိုးသမီးစာရင်းများ စတင်ကောက်ယူ

    ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်နှင့် တာမွေမြို့နယ်တို့တွင် စစ်မှုထမ်း ရမည့် အမျိုးသမီးစာရင်းများ စတင်ကောက်ယူနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

    ယခုရက်ပိုင်းအတွင်း ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ အမှတ် ၉၄ ရပ်ကွက် အုပ် ချုပ်ရေးမှူး ခင်မောင်ဇင်က စစ်မှုထမ်းရန် အကျုံးဝင်နေသည့် အမျိုးသမီးစာ ရင်းများကို စတင်လိုက်လံ ကောက်ယူနေကြောင်း၊ ထိုသို့ ကောက်ယူရာတွင် စာရင်းသွင်းလိုက်သည်နှင့် အိမ်တွင် ရှိနေရမည်ဖြစ်ပြီး ထွက်ပြေးလျှင် ထောင်ချ အရေးယူမည်ဟု ခြိမ်းခြောက်ပြောဆိုလာကြောင်း သိရှိရသည်။

    “အုပ်ကြီး ခင်မောင်ဇင်နဲ့အဖွဲ့က အမျိုးသမီး စစ်မှုထမ်းစာရင်း စတင်ကောက် ယူနေပါတယ်။ စာရင်းတွေလည်း ထုတ်ပြန်ပြီး အထက်ကို တင်မယ်ပြောတယ်။ အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ်အတွင်း အမျိုးသမီး စာရင်းကောက်တယ်။ အိမ်ထောင်စုစာရင်းမှာ အငယ်ဆုံး သမီးတွေက အစ စာရင်းပါကုန်တာ။ မိဘတွေအကုန် အရူးမီးဝိုင်းနဲ့သောကတွေရောက်နေပါတယ်” ဟု ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

    လတ်တလော ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ အမှတ် ၉၄ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကမူ အမျိုးသမီးစာရင်းကို စစ်မှုထမ်းစာရင်းမှ ပယ်ဖျက်လိုပါက ငွေကျပ် သိန်း ၇၀ ဖြင့် ပယ်ဖျက်နိုင်သည်ဟု ငွေကြေးညှိနှိုင်း ပြောဆိုလာကြောင်း သိရှိရသည်။

    အလားတူ တာမွေမြို့နယ်အတွင်း၊ ကျောက်မြောင်းနှင့် တချို့ရပ်ကွက်များတွင်လည်း စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုး သမီးများစာရင်းကို စတင်ကောက် ယူနေကြောင်း၊ မည်သည့်အချိန်တွင် စတင် စစ်မှုထမ်းရမည်နည်းဟု မေးမြန်းသောအခါတွင်လည်း ပြန်လည် ဖြေကြားခြင်းမပြုဘဲ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က အမျိုးသမီး စာရင်း ကောက်ယူခိုင်းခြင်းဟုသာ ပြန်လည်ဖြေကြားကြောင်း သိရှိရသည်။

    စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်း ကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း ဆိုလိုကြောင်း သိရှိရသည်။

    ပုံစာ – အမျိုးသမီးဗိုလ်လောင်းသင်တန်းဆင်းပွဲ (ပုံဟောင်း)

  • အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကောင်စီကို  ၆ လ ထပ်မံသက်တမ်းတိုးမည်

    အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကောင်စီကို ၆ လ ထပ်မံသက်တမ်းတိုးမည်

    အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကောင်စီကို ၆ လ ထပ်မံသက်တမ်းတိုးမည်ဖြစ်ပြီး ယခု ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက် ပွဲ မလုပ်တော့ဘဲ ၂၀၂၆ ခုနှစ်တွင် ပြုလုပ်ရန် လျာထားဟုဆို

    အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကောင်စီကို ယခုလာမည့် ဇန်နဝါရီလကုန်တွင် ၆ လ ထပ်မံ သက်တမ်းတိုးမည်ဖြစ်ပြီး ရွေး ကောက်ပွဲကိုလည်း ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြုလုပ်ရန် ဆွေးနွေး ပြောဆိုလျာထားကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    လာမည့် ဇန်နဝါရီလ ၃၁ ရက်နေ့ သက်တမ်းကုန်မည့် အကြမ်းဖက်စစ်ကောင်စီကို ယာယီသမ္မတ ခံယူထားသော အကြမ်း ဖက်မင်းအောင်လှိုင် ၆ လ ထပ်မံ သက်တမ်းတိုးမည်ဖြစ်ပြီး ရွေးကောက်ပွဲကိုမူ ယခု ၂၀၂၅ ခုနှစ်အတွင်း ပြုလုပ်ရန် အစား ၂၀၂၆ ခုနှစ်အတွင်း ပြုလုပ်ရန် ပြောဆို ဆွေးနွေးမှုများ ရှိနေကြောင်း၊ လတ်တလော မင်းအောင်လှိုင်၏ သဘောထားအရ ၂၀၂၆ ခုနှစ်အတွင်းမှသာ ရွေးကောက်ပွဲ ဖြစ်နိုင်မည့် အခြေအနေ များရှိနေကြောင်း သိရှိရသည်။

    ” ဒီလကုန်မှာ ၆ လ သက်တမ်းတိုးမယ်။ ၂၀၂၆ ​ခုနှစ်အတွင်း အစောဆုံး ဖေဖော်ဝါရီ ​လောက်မှ ​​ရွေး​ကောက်ပွဲလုပ်နိုင်မယ်လို့တော့ လောလောဆယ် ဆွေးနွေးမှုအရ သိရတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ​

    အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာ သိမ်းပြီးနောက် ၆ လ သက်တမ်းတိုးလာခဲ့ပြီး ယခုလာမည့် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ၈ ကြိမ်မြောက် အဖြစ် ၆ လသက်တမ်းတိုးမည်ဖြစ်သည်။

    လက်ရှိတွင် မင်းအောင်လှိုင်က ခန့်အပ်ထားသော ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုမှာလည်း ကျန်းမာရေး မကောင်းမမွန်ဖြစ်နေကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ရန်ကုန်မြို့၊ သု၀ဏ္ဏအားကစားတွင် ယမန်နေ့ ပြုလုပ် တရုတ်နှစ်သစ်ကူးပွဲ တက်ရောက်နေသည့် အကြမ်းဖက် မင်းအောင်လှိုင်နှင့် ကြူကြူလှ လင်မယား။

  • ပြည်တွင်းကနေ စစ်မှုထမ်း ရှောင်ဖို့

    ပြည်တွင်းကနေ စစ်မှုထမ်း ရှောင်ဖို့

    ပြည်တွင်းကနေ စစ်မှုထမ်း ရှောင်ဖို့ cb မှာ လာမေးထားတဲ့သူ အားလုံးအတွက် ဒီကနေပဲ ပို့စ်တင်ပြီး ပြောပါမယ်။

    ခုရက်ပိုင်း အလုပ်မအားလို့ တစ်ယောက်ချင်းတော့ သေချာ မပြောပြပေးနိုင်တော့ပါဘူး။ လိုင်းတောင် ညသန်းခေါင်မှ ဝင်သုံးရတာပါ။

    ရွေးစရာနည်းလမ်း ၃ ခု ရှိပါတယ်။

    ၁။ တော်လှန်ရေး တပ်တွေထဲ ဝင်မလား။

    ၂။ လွတ်မြောက် နယ်မြေကို သွားမလား။

    ၃။ ပြည်ပကို ထွက်မလား။

    စစ်တပ်ကို မကြိုက်ဘူး၊ ပြန်ချချင်တယ်၊ တခြားနိုင်ငံကို ထွက်သွားနိုင်တဲ့ အခြေအနေလည်း မရှိဘူး ဆိုတဲ့သူတွေ အတွက် တော်လှန်ရေး တပ်တွေထဲ ဝင်တာကတော့ အကုန်အကျ အသက်သာဆုံး နည်းလမ်းပါ။ လက်ရှိလည်း တပ်တော်တော် များများက လူသစ် လက်ခံနေပါတယ်။ အဆင်ပြေရင် ဆက်သွယ်ရမယ့် လင့်တွေ စုပြီး တင်ပေးပါမယ်။

    လွတ်မြောက်နယ်မြေ သွားမယ်ဆိုရင်တော့ ကချင်၊ ရှမ်းမြောက်နဲ့ ကရင်နီဘက် သွားလို့ ရပါတယ်။ ရခိုင်ကတော့ အခုချိန် သွားဖို့ နည်းနည်း ခက်ပါသေးတယ်။ တောင်ပိုင်းကတော့ မြို့ပေါ်မှာ နေလို့ မရနိုင်သေးပါဘူး။ လွတ်မြောက် နယ်မြေတွေမှာ သွားနေရတဲ့ အားသာချက်က ပြည်ပထွက်သလောက် ကုန်ကျစရိတ် မများတာနဲ့ သွားရလွယ်တာပဲ။ အားနည်းချက်က အချိန်မရွေး ဗုံးကျဲ ခံရနိုင်တာနဲ့ EROs တွေရဲ့ စစ်သား စုဆောင်းတာ ခံရနိုင်တာပါ။ သွားမယ်ဆို တတ်နိုင်သလောက် တကိုယ်ရေသုံး ပစ္စည်း နည်းနည်းပဲ သယ်သွားပါ။ စီးစရာ ကား၊ ဆိုင်ကယ် တစ်ခုခု ဝယ်ထားရင် ပိုကောင်းတယ်။ နေရာ ရွှေ့ပြောင်းစရာ ရှိရင် မြန်မြန်ဆန်ဆန် ရွှေ့လို့ ရအောင်။

    ပြည်ပထွက်တဲ့ သူတွေအတွက် လတ်တလော အလွယ်ဆုံးက ထိုင်းပေါ့။ ဒါတောင် အရင်ကထက် အများကြီး ပိုခက်သွားပြီ။ မလေးရှားတို့၊ လာအိုတို့ သွားလို့ရတဲ့ လမ်းကြောင်းတွေလည်း ရှိတယ်။ အဲဒီ ဘက်တော့ ကျွန်တော် အများကြီး မသိဘူး။ စုံစမ်းကြည့်ပါ။ ထိုင်းကိုတော့ အခုချိန်ကူးရင် မြဝတီကနေ ကူးတာထက် တာချီလိတ်နဲ့ ကရင်နီဘက်က ကူးတာ ပိုအဆင်ပြေ လိမ့်မယ်။ တောင်ပိုင်းမှာ ခုရက်ပိုင်းက ကျားဖျန် ကိစ္စနဲ့ တော်တော်လေး ကြပ်ထားလို့လေ။ သွားမယ့် ကုန်ကျစရိတ် ကတော့ ဘတ် ၇၀၀၀ ကနေ ၁၀၀၀၀ ဝန်းကျင် ရှိနိုင်တယ်။ မြန်မာငွေ ၁၀ သိန်းနဲ့ ၁၅ သိန်း ဝန်းကျင်ပေါ့။ စိတ်ချရတဲ့သူတော့ ရွေးပါ။

    အရင်လကသာ ရောက်လာကြရင် ပန်းရောင်ကတ် ဘတ်ဖွင့်ချိန်နဲ့ ကွက်တိပဲ။ ဘတ်တစ်သောင်းခွဲ လောက် အကုန်ခံ ဘတ်ရိုက်လိုက်ရင် ၂ နှစ်တော့ အေးဆေး နေလို့ရတယ်။ အထောက်အထား ရှိတော့ အလုပ်လည်း ကောင်းကောင်း လုပ်လို့ရတယ်။ အခုတော့ VIP လမ်းကြောင်း မီသေးလား မမီလား မသိတော့ဘူး။ ဘဝတူတွေ အခန်း စုငှါးပြီး စုနေ၊ စုစားကြရင် အကုန်အကျ နည်းနည်း သက်သာမယ်။ မဟုတ်ရင်တော့ မြန်မာပြည်ထက် အကုန်အကျ အရမ်းများတယ်။ အလုပ်တစ်ခုခု ရသွားမှ နည်းနည်း ခံသာတာ။ အလုပ်တော့ သိပ်ရွေးနေလို့ မရဘူး။

    အဓိက ပြောချင်တာက ဘယ်လမ်းကို ရွေးရွေး ကိုယ့်အိမ်မှာလို နေလို့တော့ မရတော့ဘူး ဆိုတာ သိထားရမယ်။ ကိုယ့်အိမ်မှာပဲ ဆက်နေရင်လည်း အိမ်တံခါး လာခေါက်ပြီး ဒီထက်ဆိုးတဲ့ နေရာကို အပို့ခံရမှာ။ ဟိုရောက်မှ ထွက်ပြေးမယ် မတွေးနဲ့။ အခုထက် နှစ်ဆ ပိုခက်မယ်။ ဟိုအရှေ့မှာ ဝိုင်းသတိပေးနေကြတုန်းက ထွက်ခဲ့ရင်တော့ ခုထက် ပိုလွယ်ခဲ့မှာ။ လမ်းကြောင်းကို ကိုယ်က အရင် စမရွေးရင် သူများ ရွေးပေးတာ ခံရမယ်။ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချပြီး အခုပဲ သွားဖို့လုပ်ပါ။ ကိုယ့်အသက်ထက် ဘယ်အရာကမှ ပိုပြီး အရေးမပါဘူးလို့ တွေးလိုက်ရင် ဘာမဆို စွန့်လွှတ် နိုင်သွားမှာပါ။

    ဇင်သော်နိုင်