ဖာပွန်တိုက်ပွဲတွင် စစ်တပ်က ဗျူဟာကုန်းတစ်ခုစွန့်လွှတ်ပြီး BGF စခန်းသို့ ဆုတ်ခွာ

ကရင်ပြည်နယ်မြောက်ပိုင်း ၊ ဖာပွန်မြို့တောင်ဘက်၊ ကမမောင်း-ဖာပွန် ကားလမ်းပေါ်မှ ကတိုင်တိရွာ ဗျူဟာကုန်းမှ စစ်တပ်သည် ရွာအနောက်ဘက်ရှိ ကရင်နယ်ခြားစောင့်တပ် (BGF) ၏ အမှတ် (၁၀၁၃) တပ်ရင်းစခန်းထဲသို့ ဆုတ်ခွာသွားပြီး ဆက်လက် ခုခံနေကြောင်း မြေပြင်တပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တချို့က ပြောသည်။

ကတိုင်တိ ဗျူဟာကုန်းကို တော်လှန်ရေးအင်အားစုက ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တိုက်ခိုက်ခဲ့သည်။

တော်လှန်ရေးပူးပေါင်းတပ်များက ထိုနေရာကို ထိုးစစ်ဆင်နေသည်မှာ တစ်လခန့်ရှိပြီ ဖြစ်သည်။

ထိုးစစ်ကို မခံနိုင်တော့သဖြင့် စစ်တပ်ဆုတ်သွားခြင်း ဖြစ်သည်ဟု ပူးပေါင်းတပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

“ဗျူဟာကုန်းတော့ရပြီ ။ ရန်သူဖက်က ခုခံမှုတချို့ရှိနေသေးပါတယ်။ တိုက်ပွဲက ဖြစ်နေတုန်းပါပဲ။ အင်အားများတယ်။ မကြာခင်ကမှ ထပ်ဖြည့်ထားတာတွေ တပ်ဆုတ်သွားသူတွေ ပူးပေါင်းရှိနေတာ” ဟု ၎င်းက ဆိုသည်။

ကမမောင်း-ဖာပွန် ကားလမ်းပေါ်ရှိ ကတိုင်တိရွာသည် ဖာပွန်မြို့တောင်ဘက် ၃၁ မိုင်ကျော်အကွာတွင် ရှိသည်၊ ရွာမြောက်ဘက် ယွန်းစလင်းချောင်းဘေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထိုင်သည့် ကတိုင်တိ ဗျူဟာကုန်း ရှိသည်၊ ရွာအနောက်ဘက်တွင် BGF ၏ အမှတ် (၁၀၁၃) တပ်ရင်းစခန်းရှိသည်။

စစ်တပ် ရောက်နေသော BGF အမှတ် (၁၀၁၃) တပ်ရင်းသည် ယခုလ ပထမပတ်ကတည်းက တပ်ရင်းအထိုင်စခန်းမှ နေရာရွှေ့ကာ KNU တပ်မဟာ (၁) နယ်မြေအတွင်း ပြောင်းရွှေ့နေရာယူထားသည် ဟု ကရင်သတင်းစဉ် (KIC) သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ကတိုင်တိဗျူဟာကုန်းနှင့် BGF ၁၀၁၃ ပြမြေပုံ

ကတိုင်တိဗျူဟာကုန်းတွင် ကတိုင်တိရွာမြောက်ဘက်ရှိ စစ်စခန်းတချို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ပူးပေါင်းထားသဖြင့် အင်အား ရာဂဏန်း ရှိနိုင်ကြောင်း ပူးပေါင်းတပ်များနှင့် နီးစပ်သည့် အခြားသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

“အဲဒီမှာ ၂၀၀ လောက်ရှိမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကူးဆိပ်တို့ မထောတို့ကနေ ဆုတ်လာတဲ့ အဖွဲ့တွေကလည်း အဲဒီမှာရှိနေတယ်”

စစ်ကောင်စီဘက်ကလည်း ဇန်နဝါရီ ၂၃ ရက်နေ့က တော်လှန်ရေးတပ်များရှိမည်ထင်သည့် နေရာသို့ စစ်လေယာဉ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်နေကြောင်း အထက်ပါသတင်းရင်းမြစ်က ဆက်ပြောသည်။

လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ဗိုလ်ကြီး ဇင်ယော်ကလည်း စစ်ကောင်စီ တပ်ဘက်ကလည်း ကတိုင်တိတွင် အပြင်းအထန် ပြန်လည်ခုခံမည်ဆိုသည့် သတင်းများ ကြားရကြောင်း ၎င်းရရှိထားသည့် တပ်တွင်းသတင်းရင်းမြစ်များကို ကိုးကား၍ ပြောသည်။

“စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုက ဘယ်လိုအကျိုးသက်ရောက်နေသလဲတော့ မသိဘူးပေါ့။ သူတို့လည်း Starlink တွေနဲ့ အင်တာနက်လိုင်းတွေ သုံးနေရတဲ့အနေအထားဆိုတော့ ညွှန်ကြားချက်နဲ့ ဝါဒဖြန့်မှုတွေကို သိရပြီးတော့ အနာခံပြီးပြန်လုံးမယ့်အနေအထားရှိတယ်။ အဲဒါကြောင့် ဆက်ပြီးစောင့်ကြည့်ရမယ့် အနေအထားလို့ ပြောရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

KNU တပ်မဟာ (၅) နှင့် ပူးပေါင်းတပ်များသာ ကတိုင်တိဗျုဟာကို သိမ်းပိုက်ထိန်းချုပ်နိုင်ပါက စစ်တပ် အတွက် ဖာပွန်မြို့နယ်နှင့် ကမမောင်းမြို့အကြားရှိသော အရေးပါသည့် စစ်စခန်းတစ်ခု ဆုံးရှုံးသွားမည့် အခြေအနေရှိသည်။

လက်ရှိတွင် ဖာပွန်မြို့ကို KNU နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထိန်းချုပ်ထားသည်။

မြို့တောင်ဘက်ရှိ စစ်ကောင်စီ၏ စစ်ဗျူဟာ အခြေချ (စဗခ) အပါအဝင် ခြေမြန်တပ်ရင်းများဖြစ်သော ခမရ (၃၄၀) ၊ ခမရ (၃၄၁) တို့ကိုလည်း ပူးပေါင်းတပ်များက ဝိုင်းပတ် ပိတ်ဆို့ထားသည်။

ယမန်နှစ် နိုဝင်ဘာအတွင်း တိုက်ပွဲ ၄၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူးတစ်ဦးနှင့် ဒု-ရင်းမှူးတစ်ဦး အပါအဝင် ၈၈ ဦး သေဆုံးသွားကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟု KNU တပ်မဟာ (၅)က သတင်းထုတ်ပြန်ထားသည်။

ကမမောင်း-ဖာပွန် ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သော ကူးဆိပ်၊ မထော၊ တောင်သုံး လုံး၊ ဆင်စွယ်စခန်းတို့ကို ၂၀၂၄ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွင်း ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားသည်။

ကတိုင်တိ ဗျူဟာကုန်းကို ထိုးစစ်ဆင်သည့် အင်အားစုထဲတွင် KNU တပ်မဟာ (၅) လက်အောက်ခံတပ်များ ၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၂) စစ်ဒေသခွဲ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် Force for Federal Democracy (FFD) တပ်များ ပါဝင်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *