Category: News

  • လူဦးရေ အနည်းငယ်သာ စစ်သား ဖြစ်ခွင့်ရပြီး မွန်မြတ်၊ မြင့်မြတ်၍ ဂုဏ်ယူတတ်ကြရန်  မင်းအောင်လှိုင် ပြော

    လူဦးရေ အနည်းငယ်သာ စစ်သား ဖြစ်ခွင့်ရပြီး မွန်မြတ်၊ မြင့်မြတ်၍ ဂုဏ်ယူတတ်ကြရန် မင်းအောင်လှိုင် ပြော

    မြန်မာနိုင်ငံ၏ လူဦးရေ ၅၂ သန်းဝန်းကျင်တွင် လူဦးရေ အနည်းငယ်သာ စစ်သား ဖြစ်ခွင့်ရပြီး မွန်မြတ်၊ မြင့်မြတ်၍ ဂုဏ်ယူတတ်ကြရန် မင်းအောင်လှိုင် ပြော

    လက်တွေ့တွင် စစ်သားမရှိ၍ တစ်နိုင်ငံလုံး လူငယ်များကို ပေါ်တာဆွဲ ဖမ်းနေ

    မြန်မာနိုင်ငံ၏ လူဦးရေ ၅၂ သန်းဝန်းကျင်တွင် လူဦးရေ အနည်းငယ်သာ စစ်သားဖြစ်ခွင့်ရပြီး မွန်မြတ်၊ မြင့်မြတ်လှသည့်တာဝန်များကို ထမ်းဆောင်ရသဖြင့် ဂုဏ်ယူတတ်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

    အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ နေပြည်တော်၊တောင်ညို တပ်နယ်သို့ သွားရောက်ပြီး ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

    လက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေ ၅၂ သန်းခန့်ရှိပြီး အမျိုးသား ၄၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၃ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ `၎င်းအနက်မှ လူဦးရေ အနည်းယ်သာ တပ်မတော်သားဘ၀ကို ခံယူ၍ မွန်မြတ်လှသည့် ၊ မြင့်မြတ်လှသည့် တာဝန်များကို ထမ်းဆောင်ရကြောင်း၊ တပ်မတော်သားများ၏ဘ၀ကို ဂုဏ်ယူတတ်ရန်နှင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် မင်းအောင်လှိုင်က အမိန့်ပေး ညွှန်ကြားသည်။

    အကြမ်းဖက်စစ်ခေါင်းဆောင်က ထိုသို့ ပြောဆိုသော်လည်း လက်တွေ့တွင် စစ်တပ်အတွင်း သေဆုံးမှုများပြားပြီး တိုက်ခိုက်သူ မရှိ၍ စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ အသက်သွင်းခဲ့ကြောင်း၊ ယမန်နှစ် မေလမှစတင်၍ စစ် မှုထမ်း သင်တန်းများဖွင့်လှစ်ခဲ့ကာ ယခုအခါ တပ်သား သစ် အရေအတွက် လုံလောက်စွာမရ၍ နိုင်ငံတစ်ဝန်းတွင် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

    ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ မော်လမြိုင်မြို့နယ်တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ပြီး လူငယ်တချို့ ဖမ်းဆီးခံရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

    “​မော်လမြိုင်မြို့စွန်ဘက်မှာ ဒီမနက်အ​စောပိုင်းက အိမ်ထဲထိဝင်ပြီး လူငယ်တွေကို ဖမ်းဆီးပါတယ်။ အဲဒီမှာ အသက် ၂၀ ဝန်း ကျင်ရှိတဲ့ လူငယ် ၂ ဦးကို ဖမ်းဆီးသွားပါတယ်။ မိသားစုကို တစ်ဦးကို ၁၀ သိန်းနှုန်းနဲ့ သိန်း ၂၀ ပေးသွားပါတယ်။ စစ် မှုထမ်းဖို့အတွက် လျှော်ကြေးပေးတာလို့ပြောပါတယ်။ အသာတကြည်လိုက်ရင် မိသားစုအတွက် ​ငွေချန်ခဲ့မယ်။ မလိုက် ရင်​ငွေ​တောင်ရမှာမဟုတ်ဘူးဆိုပြီး​ ဆွဲခေါ်သွားကြပါတယ်” ဟု မော်လမြိုင်မြို့မှ ဒေသခံသတင်းရင်းမြစ်က ဆိုသည်။

    အလားတူ ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ လက်ပံခုံကျေးရွာတွင် အုပ်ချုပ်ရေးမှူး နှင့်စစ်တပ်က လူယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ပြီး ပြည်သူများထံမှလည်း စစ်မှုထမ်းငွေကြေးများ ကောက်ခံလျက်ရှိကြောင်း သိရှိရသည်။

    ထို့အတူ ဇန်နဝါရီလ ၁၅ ရက်နေ့မှစတင်၍ မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ စကုမြို့ပေါ်တွင် စစ်တပ်နှင့် မင်းဘူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အုပ်ချုပ်ရေးမှူး အောင်မြင်တို့က အိမ်စီးကား ၂ စီးဖြင့် လူငယ်များကို လိုက်လံ ဖမ်းဆီးကြောင်း၊ အဓိက အားဖြင့် စစ်မှုထမ်းမည့် တပ်သားအရေအတွက် မပြည့်မီ၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းကစပြီး စကုမြို့ပေါ်မှာ အိမ်စီးကား ၂ စီးနဲ့ လူငယ်တွေတွေ ပေါ်တာဆွဲ ဖမ်းဆီးနေတာ ဒီနေ့အထိပါပဲ။ မင်းဘူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင် ကိုယ်တိုင်ဦးစီးပြီး တွေ့တဲ့လူငယ်တွေကို လမ်းပေါ်၊ အလုပ်ရုံတွေထဲအထိ လက်ထိပ်ခတ်ဖမ်းဆီး တပ်ထဲပို့ပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့ စကုနယ်မြေရဲစခန်းရှေ့က ဆိုင်ကယ်ဝပ်ရှော့မှာ အလုပ် လုပ်နေတဲ့ လူငယ် ၁ ဦးကို စစ်မှုထမ်းဖို့ ဖမ်းဆီးသွားပါတယ်။ ဆိုင်ရှေ့ကို ကားမောင်းသူ ၁ ဦးတည်းပါတဲ့ အနေ အထားနဲ့ မောင်းလာပြီး ဆိုင်ရှေ့ရောက်မှ ဟွန်းတီးပါတယ်။ နောက်ခန်းနဲ့ ထိုင်ခုံတွေမှာ စစ်သားတွေကို လူမမြင်အောင် လုပ်ပြီး ဟွန်းသံကြားလို့ ထွက်လာမှ ဆင်းဖမ်းတာပါ” ဟု ဒေသခံပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီက အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို လစဉ် စစ်မှုထမ်း တပ်သားသစ်များအဖြစ် လူဦးရေ ၅၀၀၀ ခေါ်ယူမည်ဖြစ်​ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

  • ညောင်ဖြူပင် ရဲစခန်းသို့ ရိက္ခာပို့လာသော စစ်တပ်စစ်ကြောင်းကို  ပဒေသာမိုင်းဖြင့် ဖောက်ခွဲ

    ညောင်ဖြူပင် ရဲစခန်းသို့ ရိက္ခာပို့လာသော စစ်တပ်စစ်ကြောင်းကို ပဒေသာမိုင်းဖြင့် ဖောက်ခွဲ

    မုံရွာမြို့နယ်၊ တောပု ပျူစောထီးရွာမှ ညောင်ဖြူပင် ရဲစခန်းသို့ ရိက္ခာပို့လာသော စစ်တပ်စစ်ကြောင်းကို ပဒေသာမိုင်းဖြင့် ဖောက်ခွဲမှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ (ရုပ်/သံ)

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောပု ပျူစောထီးရွာမှ ညောင်ဖြူပင် ရဲစခန်းသို့ ရိက္ခာပို့ လာသည့် စစ်တပ်စစ်ကြောင်းကို ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ပျုစောထီး ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Immortal Guerrilla Force – Monywa မှ တာဝန်ရှိသူက ပြောကြားသည်။

    ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် အင်အား ၂၅ ဦးပါ စစ်သားနှင့်ပျူစောထီးများပါဝင်သော စစ်ကြောင်းကို ပဒေသာမိုင်း ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိုင်းထိမှန်၍ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရကြောင်း၊ ဒဏ်ရာရသည့် ၅ ဦးအနက် ၂ ဦးမှာ ခြေထောက်ပြတ်၍ ရိက္ခာထုပ်များကို ချ၍ ထွက်ပြေးသွားကြကြောင်း သိရှိရသည်။

    “မိုင်းထိပြီး ရိက္ခာတောင်ပြန်မသယ်နိုင်ဘဲ ပြေးကြတော့တာပဲ။ တိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေ အားလုံးဘေးကင်းပါတယ်” ဟု Immortal Guerrilla Force – Monywa မှ တာဝန်ရှိသူက ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ ၂ Immortal Gurreilla forceနှင့်အတူ မုံရွာခရိုင် တပ်ရင်း၂၃၊ မုံရွာခရိုင် တပ်ရင်း ၂၅ ၊မုံရွာခရိုင် တပ်ရင်း ၂၈၊ BLDF, Special Force 11, တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

  • သရုပ်ဆောင်ကျော်သူ ပါဝင်သည့် “ခြေဆယ့်တစ်လှမ်း” ရုပ်ရှင် ရုံတင်ပြသခါနီးမှ ဖြုတ်ချခံရ

    သရုပ်ဆောင်ကျော်သူ ပါဝင်သည့် “ခြေဆယ့်တစ်လှမ်း” ရုပ်ရှင် ရုံတင်ပြသခါနီးမှ ဖြုတ်ချခံရ

    သရုပ်ဆောင် အကယ်ဒမီကျော်သူ ပါဝင်သရုပ်ဆောင်ထားသည့်အတွက်ကြောင့်ဟုဆိုကာ “ခြေဆယ့်တစ်လှမ်း”ရုပ်ရှင် ရုံတင်ပြသခါနီးမှ ယနေ့ (ဇန်နဝါရီ ၂၂ရက်)တွင် ဖြုတ်ချခံလိုက်ရကြောင်း သိရသည်။

    ယခုကဲ့သို့ ပြန်လည်ဖြုတ်ချခံရခြင်းမှာ သရုပ်ဆောင် အကယ်ဒမီ ကျော်သူပါဝင်နေသည့်အတွက်ဖြစ်ကာ တတိယနိုင်ငံရောက်ရှိနေကြသည့် အနုပညာရှင်များနှင့်ပတ်သက်၍ ရုပ်ရှင်ကားများ ပြသခွင့်မရှိကြောင်း ယခင်ကတည်းကပင် စစ်ကောင်စီမှ သတ်မှတ်ထားခဲ့သည်ဟု လက်ရှိ ရုပ်ရှင်လုပ်ငန်း လုပ်ကိုင်နေသူတဦးမှ ပြောသည်။

    “သူတို့နဲ့ မသက်ဆိုင်တဲ့သူတွေ ပါခွင့်မရှိဘူး။ ခွင့်ပြုချက်မရှိတဲ့ ထွက်သွားတဲ့သူတွေရဲ့ ရုပ်ရှင်ကားတွေဆိုရင် တင်ခွင့်မရှိဘူး။ အဲ့ဒါပါပဲ” ဟု ၎င်းက ပြောသည်။

    “အဓိက ကတော့ ဦးကျော်သူပါလို့ပါ၊ ရုပ်ရှင်အစည်းအရုံးက ခွင့်ပြုထားပေမယ့် အထက်က ခွင့်မပြုလို့ ပြသခါနီးမှ ဖြုတ်ချလိုက်ရတာပေါ့။ တတိယနိုင်ငံကို ရောက်နေတဲ့သူတွေနဲ့ပတ်သက်ပြီး ရုပ်ရှင်တွေမှာ ခွင့်မပြုဘူးဆိုတာကတော့ သူတို့အရင်ကတည်းက သတ်မှတ်ထားတာပဲ။ ဒီကားကတော့ ဘယ်လိုနားလည်မှုလွဲပြီး တင်ခွင့်ရသွားတာလဲ မသိဘူး” ဟု လက်ရှိ ရုပ်ရှင်လုပ်ငန်း လုပ်ကိုင်နေသူမှ ဆက်လက်ပြောသည်။

    လက်ရှိတွင် ရုပ်ရှင်ဇာတ်ကားများကို စစ်ကောင်စီမှ သတ်မှတ်ထားသည့်ဆင်ဆာအတိုင်းသာ ရိုက်ကူးနေရသည်ဟုလည်း ရုပ်ရှင်လုပ်ငန်းလုပ်ကိုင်နေသူမှ ထပ်မံပြောပြသည်။

    “အခုခေတ်ရုပ်ရှင်ကားလိုင်းရဲ့ အခက်အခဲအကျပ်အတည်းကတော့ သူတို့ပေးထားတဲ့ ဆင်ဆာအတိုင်းပဲ ရိုက်ရတယ်။ သူတို့ မကြိုက်လို့ရှိရင် အစ အဆုံး ရစ်တယ် ဖြုတ်ချတယ်။ ရုပ်ရှင်ရုံတွေကလည်း တနာရီခွဲပဲ ဇာတ်ကားကို သတ်မှတ်ထားတယ်”ဟု ၎င်းက ပြောသည်။

    “ခြေဆယ့်တစ်လှမ်း” ရုပ်ရှင်ဇာတ်ကားအား ရိုက်ကူးထားသည်မှာ ခြောက်နှစ်လောက်ကြာခဲ့ပြီဖြစ်ပြီး သရုပ်ဆောင် အလင်းရောင် ၊ ကျော်သူ ၊ ခင်ဝင့်ဝါ ၊ မေပန်းချီ တို့မှ အဓိက ပါဝင်သရုပ်ဆောင်ထားသည်ဟု သိရသည်။

  • စစ်မှုထမ်းစာရင်းသို့ ထည့်သွင်းခံရသည့်အပေါ် မကျေနပ်၍ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးကို ဓားဖြင့်ခုတ်

    စစ်မှုထမ်းစာရင်းသို့ ထည့်သွင်းခံရသည့်အပေါ် မကျေနပ်၍ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးကို ဓားဖြင့်ခုတ်

    နေပြည်တော်တွင် စစ်မှုထမ်းစာရင်းသို့ ထည့်သွင်းခံရသည့်အပေါ် မကျေနပ်၍ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးကို ဓားဖြင့်ခုတ်

    နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် အမှတ် (၅) ရပ်ကွက်တွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်ရမည့်စာရင်းတွင် ပါဝင်နေသည့် အမျိုးသားတစ်ဦးမှ မကျေနပ်၍ အုပ်ချုပ်ရေးမှူးကို ဓားဖြင့်ခုတ်ရာ ရာအိမ်မှူးမှဟန့်တားသဖြင့် ရာအိမ်မှူးခေါင်းကို ခုတ်မိခဲ့ကြောင်း သိရသည်။

    ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (-) တွင် တက်ရောက်ရန်အတွက် စာရင်းထည့်ခံထားရသူ ကိုသန့်ဇင်ဖြိုးဆိုသူမှ အုပ်ချုပ်ရေးမှူးနေအိမ်သို့ သွားရောက်၍ စာရင်းထဲပါဝင်သည်ကို မကျေနပ်ကြောင်းပြောဆိုရာ အုပ်ချုပ်ရေးမှူးနှင့် စကားများပြီး ဓားခုတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “အုပ်ချုပ်ရေးမှူးက ရှောင်လိုက်ချိန် မှောက်လျက်လဲကျပြီး မခုတ်မိဘူး။ လဲကျတဲ့ဒဏ်ရာကြောင့် ဒူးပွန်းသွားတာ။ ဝင်လုံးတဲ့ ရာအိမ်မှူးက ခေါင်းကို အခုတ်ခံလိုက်ရတယ်။ အတွင်းလူနာနဲ့ ခုတင် ၃၀၀ မှာပို့ ထားတယ်”ဟု လုံခြုံရေးနှင့်နီးစပ်သည့် သတင်းရင်း မြစ်က ပြောသည်။

    စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဦးလှထွန်းလဲကျနေစဉ် ရာအိမ်မှူးဦးငွေထွန်းဆိုသူမှ ဝင်ရောက်ဖမ်းဆီးရာ ဦးခေါင်းထိပ်ဓားဖြင့်ခုတ်ခံရပြီး အတွင်းလူနာအဖြစ် ဆေးရုံတွင် ကုသနေရပြီး စိုးရိမ်ရကြောင်း သိရသည်။

    ဓားဖြင့်ခုတ်သူ ကိုသန့်ဇင်ဖြိုးဆိုသူကို နယ်မြေရဲစခန်း၌ က(ပ)၂/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၂၆ /၃၃၂ ဖြင့် အရေးယူထားကြောင်း သိရသည်။

  • မတ္တရာမြို့နယ် အ​ရှေ့ခြမ်းကို စစ်တပ်ကအင်အားဆက်တိုက်တိုးပြီးထိုးစစ်ဆင်ဖို့ပြင်

    မတ္တရာမြို့နယ် အ​ရှေ့ခြမ်းကို စစ်တပ်ကအင်အားဆက်တိုက်တိုးပြီးထိုးစစ်ဆင်ဖို့ပြင်

    မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်​ကောင်စီတပ်ကပြန်လည်ထိုးစစ်ဆင်ဖို့အင်အားအများအပြားပို့ဆောင်​နေပါတယ်။

    မတ္တရာမြို့နယ်အရှေ့ခြမ်းက ဖယောင်းတောင်နဲ့အတရုတ်ရင်းနှီးမြှပ်နှံမှု စီမံကိန်းဖြစ်တဲ့ Alpha ဘိလပ်မြေစက်ရုံဘက်တွေကို အင်အားပို့ဆောင်​နေတယ်လို့ စုံစမ်းသိရပါတယ်။

    ဒါ့အပြင် ကွန်ပျူတာတက္ကသိုလ်၊ကျောက်တံတား၊မတ္တရာမြို့တွင်းကို ဒီဇင်ဘာလနဲ့ဇန်နဝါရီလဆန်းတွေမှာ ရိက္ခာနဲ့အင်အားဖြည့်တင်းတာတွေဆက်တိုက်လုပ် ဆောင်ထားတယ်လို့​ဒေသခံ တချို့ဆီကသိရပါတယ်။

    အထက်မြန်မာနိုင်ငံရဲ့မြို့​တော်ဖြစ်သလို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) တည်ရှိရာမန္တ​လေးမြို့နဲ့ မတ္တရာမြို့ဟာ မိုင် ၂၀ ​ကျော်ပဲကွာ​ဝေးတာဖြစ်ပါတယ်။

    မန္တ​လေး PDF က ၁၀၂၇ ဒုတိယပိုင်း နဲ့ ရှမ်းမန်းစစ်ဆင်​ရေးအတွင်းမှာ စဥ့်ကူးတစ်မြို့နယ်လုံးကိုသိမ်းယူသလို ၊ မတ္တရာမြို့နယ်ထဲက ​လေ​ကြောင်းရန်ကာကွယ်​ရေးတပ် ၊ Alpha ဘိလပ်​မြေက စစ်တပ်စခန်း ၊ဆည်​တော်ကြီးရဲစခန်း ၊​ဖ​ယောင်​တောင် စစ်တပ်စခန်း ​တွေအပါအဝင် စစ်တပ်စခန်း​ပေါင်း ၄၀ ခန့်ကိုထိုးစစ်ဆင်သိမ်းပိုက်ထားပါတယ် ။ မန္တ​လေး PDF သိမ်းပိုက်ထားတဲ့စခန်းအများစုဟာ မတ္တရာမြို့နယ် အ​ရှေ့ပိုင်းက ဖြစ်ပါတယ် ။

    “အဓိကက ဖယောင်းတောင်ကိုပြန်သိမ်းချင်တဲ့ပုံပဲ။စစ်ကြောင်းတော်တော်ထိုးမယ့်ပုံပဲ”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

    မတ္တရာမြို့နယ်အရှေ့ခြမ်းမှာစစ်တပ်ကစစ်ကြောင်းပြန်ထိုးလာတာမို့ ဇန်နဝါရီလ၂၁ရက်နေ့ကစတင် တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် – မန္တလေး (MDY-PDF)ကသတင်းထုတ်ပြန်ထားပါတယ်။

    မန္တ​လေး PDF မှ​ပြော​ရေးဆိုခွင့်ရှိသူ ကို​အော်စမွန်က​လည်း “လက်ရှိ ကျွန်​တော်တို့ စစ်ဆိုင်ထားတဲ့ ​နေရာ​တွေအားလုံးမှာတိုက်ပွဲ​​တွေ ပြန်ဖြစ်​နေတယ်လို့​ပြောရင်​တော့ရတယ် ။ လက်ရှိအချိန်ထိ​တော့​သွေးတိုးစမ်းတဲ့သ​ဘောမျိုးထိ​တွေ့တိုက်ပွဲ​တွေ ဖြစ်​နေ​တယ်ဆိုပေမယ့်၊ လက်ရှိ အင်အားဖြည့်​နေတဲ့ ပုံ​တွေကြည့်ရရင်​တော့ မကြာခင်မှာပြန်ပြီး​တော့ အလုံးအရင်းနဲ့ ထိုးလာနိုင်​ခြေရှိတယ်လို့ ​ပြောလို့ရပါတယ်ဗျ”လို့ ​ပြောပါတယ်။

    မတ္တရာမြို့နယ်အရှေ့ခြမ်းကိုစစ်တပ်ကလက်နက်ကြီး၊ဒရုန်းတွေနဲ့ဆက်တိုက်ပစ်ခတ်နေသလို မန္တ​လေးကွန်ပျူတာတက္ကသိုလ်၊မတ္တရာမြို့အတွင်းနဲ့ ပုသိမ်ကြီးမြို့နယ်အရှေ့ခြမ်းတွေကပါ လက်နက်ကြီးပစ်ကူပေးနေတာလို့ဒေသခံတွေကပြောပါတယ်။

    “မနေ့ကတည်း အသံတအုံးအုံးကြားနေရတယ်။ စစ်ကားတွေလည်း တစ်လလုံးသွားလာနေတယ်”လို့ဒေသခံတစ်ဦးကပြောပါတယ်။

    မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်တပ်က ပြန်သိမ်းယူပြီးတဲ့နောက်ကျေးရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တာတွေပြုလုပ်နေသလို နေ့စဥ်မီးရှို့ဖျက်ဆီးတာတွေလည်းပြုလုပ်ခဲ့ပါတယ်။ဇန်နဝါရီလ၂၂ရက်နေ့ကလည်း မတ္တရာမြို့နယ်၊ဥဒိန်ရွာကို စစ်တပ်က၁၆ကြိမ်မြောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့​ဒေသခံတချို့က​ပြောပါတယ်။

    စစ်တပ်က ၂၀၂၄ နိုဝင်ဘာလမှာ မတ္တရာမြို့နယ် အ​နောက်ပိုင်းက ​ဒေသတွင်း​တော်လှန်​ရေးတပ်​တွေ ထိန်းချုပ်ထားတဲ့စခန်း နဲ့ ရွာ​တွေကို ပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ် ။ စစ်တပ်က မတ္တရာ မြို့နယ် အ​နောက်ပိုင်းက ရွာအများစုကို ထိန်းချုပ်ပြီးတဲ့အခါ မန္တ​လေး PDF ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ် အ​ရှေ့ပိုင်းကို စစ်​ကြောင်းထိုး တိုက်ခိုက်လာတာဖြစ်ပါတယ် ။

    မတ္တရာ မြို့နယ်အ​ရှေ့ပိုင်းကို စစ်​ကြောင်းထိုးလာတဲ့ စစ်တပ်ကို မန္တလး PDF က အကြိမ်ကြိမ်အ​ထိနာပြီး ​နောက်ဆုတ်သွားအောင်တိုက်ခိုက်နိုင်ခဲ့ပါတယ် ။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်​​နေ့ကလည်းတော်လှန်ရေးတပ်ဖွဲ့​တွေ ယာယီလက်လွှတ်ခဲ့ရတဲ့ မတ္တရာအနောက်ခြမ်းကို မန္တလေး PDFက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာမှာ ရွာသစ်ရွာ ၊ ဝန်စုရွာ နဲ့ ထိန်ပင်စောက်ရွာတို့မှာရှိတဲ့ စစ်စခန်းများကို အပြီးသတ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ် ။အလားတူ ဒီဇင်ဘာ ၁၉ ရက်​နေ့မှာ ထန်းပင်ကုန်းရွာမှာရှိတဲ့ စစ်တပ်စခန်းကိုမန္တလေး PDFကထပ်မံတိုက်သိမ်းပိုက်ခဲ့ပြီးစစ်သုံ့ပန်းအချို့ပါဖမ်းဆီးရရှိခဲ့ပါတယ်။

    ဒါအပြင်နောင်ချိုမြို့နယ် သံဘိုရွာအနီးနဲ့သပိတ်ကျင်းမြို့နယ် (၇)မိုင်ကျေးရွာမှာလည်း စစ်ကောင်စီတပ်နဲ့ မန္တလေးPDF တို့ အကြား တိုက်ပွဲ​တွေ ခပ်စိပ်စိပ် ဖြစ်ပွါး​နေတယ်လို့ သိရပါတယ်။