စစ်မှုထမ်းစာရင်းသို့ ထည့်သွင်းခံရသည့်အပေါ် မကျေနပ်၍ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးကို ဓားဖြင့်ခုတ်

နေပြည်တော်တွင် စစ်မှုထမ်းစာရင်းသို့ ထည့်သွင်းခံရသည့်အပေါ် မကျေနပ်၍ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးကို ဓားဖြင့်ခုတ်

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် အမှတ် (၅) ရပ်ကွက်တွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်ရမည့်စာရင်းတွင် ပါဝင်နေသည့် အမျိုးသားတစ်ဦးမှ မကျေနပ်၍ အုပ်ချုပ်ရေးမှူးကို ဓားဖြင့်ခုတ်ရာ ရာအိမ်မှူးမှဟန့်တားသဖြင့် ရာအိမ်မှူးခေါင်းကို ခုတ်မိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (-) တွင် တက်ရောက်ရန်အတွက် စာရင်းထည့်ခံထားရသူ ကိုသန့်ဇင်ဖြိုးဆိုသူမှ အုပ်ချုပ်ရေးမှူးနေအိမ်သို့ သွားရောက်၍ စာရင်းထဲပါဝင်သည်ကို မကျေနပ်ကြောင်းပြောဆိုရာ အုပ်ချုပ်ရေးမှူးနှင့် စကားများပြီး ဓားခုတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အုပ်ချုပ်ရေးမှူးက ရှောင်လိုက်ချိန် မှောက်လျက်လဲကျပြီး မခုတ်မိဘူး။ လဲကျတဲ့ဒဏ်ရာကြောင့် ဒူးပွန်းသွားတာ။ ဝင်လုံးတဲ့ ရာအိမ်မှူးက ခေါင်းကို အခုတ်ခံလိုက်ရတယ်။ အတွင်းလူနာနဲ့ ခုတင် ၃၀၀ မှာပို့ ထားတယ်”ဟု လုံခြုံရေးနှင့်နီးစပ်သည့် သတင်းရင်း မြစ်က ပြောသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဦးလှထွန်းလဲကျနေစဉ် ရာအိမ်မှူးဦးငွေထွန်းဆိုသူမှ ဝင်ရောက်ဖမ်းဆီးရာ ဦးခေါင်းထိပ်ဓားဖြင့်ခုတ်ခံရပြီး အတွင်းလူနာအဖြစ် ဆေးရုံတွင် ကုသနေရပြီး စိုးရိမ်ရကြောင်း သိရသည်။

ဓားဖြင့်ခုတ်သူ ကိုသန့်ဇင်ဖြိုးဆိုသူကို နယ်မြေရဲစခန်း၌ က(ပ)၂/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၂၆ /၃၃၂ ဖြင့် အရေးယူထားကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *