မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်ကပြန်လည်ထိုးစစ်ဆင်ဖို့အင်အားအများအပြားပို့ဆောင်နေပါတယ်။
မတ္တရာမြို့နယ်အရှေ့ခြမ်းက ဖယောင်းတောင်နဲ့အတရုတ်ရင်းနှီးမြှပ်နှံမှု စီမံကိန်းဖြစ်တဲ့ Alpha ဘိလပ်မြေစက်ရုံဘက်တွေကို အင်အားပို့ဆောင်နေတယ်လို့ စုံစမ်းသိရပါတယ်။
ဒါ့အပြင် ကွန်ပျူတာတက္ကသိုလ်၊ကျောက်တံတား၊မတ္တရာမြို့တွင်းကို ဒီဇင်ဘာလနဲ့ဇန်နဝါရီလဆန်းတွေမှာ ရိက္ခာနဲ့အင်အားဖြည့်တင်းတာတွေဆက်တိုက်လုပ် ဆောင်ထားတယ်လို့ဒေသခံ တချို့ဆီကသိရပါတယ်။
အထက်မြန်မာနိုင်ငံရဲ့မြို့တော်ဖြစ်သလို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) တည်ရှိရာမန္တလေးမြို့နဲ့ မတ္တရာမြို့ဟာ မိုင် ၂၀ ကျော်ပဲကွာဝေးတာဖြစ်ပါတယ်။
မန္တလေး PDF က ၁၀၂၇ ဒုတိယပိုင်း နဲ့ ရှမ်းမန်းစစ်ဆင်ရေးအတွင်းမှာ စဥ့်ကူးတစ်မြို့နယ်လုံးကိုသိမ်းယူသလို ၊ မတ္တရာမြို့နယ်ထဲက လေကြောင်းရန်ကာကွယ်ရေးတပ် ၊ Alpha ဘိလပ်မြေက စစ်တပ်စခန်း ၊ဆည်တော်ကြီးရဲစခန်း ၊ဖယောင်တောင် စစ်တပ်စခန်း တွေအပါအဝင် စစ်တပ်စခန်းပေါင်း ၄၀ ခန့်ကိုထိုးစစ်ဆင်သိမ်းပိုက်ထားပါတယ် ။ မန္တလေး PDF သိမ်းပိုက်ထားတဲ့စခန်းအများစုဟာ မတ္တရာမြို့နယ် အရှေ့ပိုင်းက ဖြစ်ပါတယ် ။
“အဓိကက ဖယောင်းတောင်ကိုပြန်သိမ်းချင်တဲ့ပုံပဲ။စစ်ကြောင်းတော်တော်ထိုးမယ့်ပုံပဲ”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
မတ္တရာမြို့နယ်အရှေ့ခြမ်းမှာစစ်တပ်ကစစ်ကြောင်းပြန်ထိုးလာတာမို့ ဇန်နဝါရီလ၂၁ရက်နေ့ကစတင် တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF)ကသတင်းထုတ်ပြန်ထားပါတယ်။
မန္တလေး PDF မှပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကလည်း “လက်ရှိ ကျွန်တော်တို့ စစ်ဆိုင်ထားတဲ့ နေရာတွေအားလုံးမှာတိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ပြောရင်တော့ရတယ် ။ လက်ရှိအချိန်ထိတော့သွေးတိုးစမ်းတဲ့သဘောမျိုးထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုပေမယ့်၊ လက်ရှိ အင်အားဖြည့်နေတဲ့ ပုံတွေကြည့်ရရင်တော့ မကြာခင်မှာပြန်ပြီးတော့ အလုံးအရင်းနဲ့ ထိုးလာနိုင်ခြေရှိတယ်လို့ ပြောလို့ရပါတယ်ဗျ”လို့ ပြောပါတယ်။
မတ္တရာမြို့နယ်အရှေ့ခြမ်းကိုစစ်တပ်ကလက်နက်ကြီး၊ဒရုန်းတွေနဲ့ဆက်တိုက်ပစ်ခတ်နေသလို မန္တလေးကွန်ပျူတာတက္ကသိုလ်၊မတ္တရာမြို့အတွင်းနဲ့ ပုသိမ်ကြီးမြို့နယ်အရှေ့ခြမ်းတွေကပါ လက်နက်ကြီးပစ်ကူပေးနေတာလို့ဒေသခံတွေကပြောပါတယ်။
“မနေ့ကတည်း အသံတအုံးအုံးကြားနေရတယ်။ စစ်ကားတွေလည်း တစ်လလုံးသွားလာနေတယ်”လို့ဒေသခံတစ်ဦးကပြောပါတယ်။
မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်တပ်က ပြန်သိမ်းယူပြီးတဲ့နောက်ကျေးရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တာတွေပြုလုပ်နေသလို နေ့စဥ်မီးရှို့ဖျက်ဆီးတာတွေလည်းပြုလုပ်ခဲ့ပါတယ်။ဇန်နဝါရီလ၂၂ရက်နေ့ကလည်း မတ္တရာမြို့နယ်၊ဥဒိန်ရွာကို စစ်တပ်က၁၆ကြိမ်မြောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတချို့ကပြောပါတယ်။
စစ်တပ်က ၂၀၂၄ နိုဝင်ဘာလမှာ မတ္တရာမြို့နယ် အနောက်ပိုင်းက ဒေသတွင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့စခန်း နဲ့ ရွာတွေကို ပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ် ။ စစ်တပ်က မတ္တရာ မြို့နယ် အနောက်ပိုင်းက ရွာအများစုကို ထိန်းချုပ်ပြီးတဲ့အခါ မန္တလေး PDF ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ် အရှေ့ပိုင်းကို စစ်ကြောင်းထိုး တိုက်ခိုက်လာတာဖြစ်ပါတယ် ။
မတ္တရာ မြို့နယ်အရှေ့ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မန္တလး PDF က အကြိမ်ကြိမ်အထိနာပြီး နောက်ဆုတ်သွားအောင်တိုက်ခိုက်နိုင်ခဲ့ပါတယ် ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့ကလည်းတော်လှန်ရေးတပ်ဖွဲ့တွေ ယာယီလက်လွှတ်ခဲ့ရတဲ့ မတ္တရာအနောက်ခြမ်းကို မန္တလေး PDFက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာမှာ ရွာသစ်ရွာ ၊ ဝန်စုရွာ နဲ့ ထိန်ပင်စောက်ရွာတို့မှာရှိတဲ့ စစ်စခန်းများကို အပြီးသတ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ် ။အလားတူ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ထန်းပင်ကုန်းရွာမှာရှိတဲ့ စစ်တပ်စခန်းကိုမန္တလေး PDFကထပ်မံတိုက်သိမ်းပိုက်ခဲ့ပြီးစစ်သုံ့ပန်းအချို့ပါဖမ်းဆီးရရှိခဲ့ပါတယ်။
ဒါအပြင်နောင်ချိုမြို့နယ် သံဘိုရွာအနီးနဲ့သပိတ်ကျင်းမြို့နယ် (၇)မိုင်ကျေးရွာမှာလည်း စစ်ကောင်စီတပ်နဲ့ မန္တလေးPDF တို့ အကြား တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်ပွါးနေတယ်လို့ သိရပါတယ်။
Leave a Reply