Category: News

  • စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့သည့် ရေးမြို့နယ်က အမတ ၃၁၆ တပ်ရင်း စစ်ဆေးရေးဂိတ် (ရုပ်သံ)

    စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့သည့် ရေးမြို့နယ်က အမတ ၃၁၆ တပ်ရင်း စစ်ဆေးရေးဂိတ် (ရုပ်သံ)

    မတ်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်က မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ အမတ ၃၁၆ တပ်ရင်းစစ်ဆေးရေး ဂိတ်ကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

    အဆိုပါ စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီသား ၃ဦး နေရာတွင် သေဆုံးခဲ့ပြီး ရေးဘီလူး အဖွဲ့မှာ ထိခိုက်မှု မရှိဘဲ ဆုတ်ခွာခဲ့ကြောင်း သိရသည်။

    တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ တပ်သား ၃ ဦး သေဆုံးပြီး ပျူစောထီး ခေါင်းဆောင်တစ်ဦးလည်း ထိခိုက် ဒဏ်ရာ ရရှိကာ ရေးမြို့နယ် ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း သိရှိရသည်။

    ရုပ်သံ-ရေးဘီလူးတပ်ဖွဲ့

  • မြဝတီမှာ မိသားစုလိုက် အစာအဆိပ်သင့်ပြီး ကလေးနှစ်ယောက်သေ

    မြဝတီမှာ မိသားစုလိုက် အစာအဆိပ်သင့်ပြီး ကလေးနှစ်ယောက်သေ

    ခြောက်ယောက်ဆေးကုသမှုခံယူနေရ

    ကရင်ပြည်နယ် ၊ မြဝတီမြို့မှာ မိသားစုလိုက် အစာအဆိပ်သင့်ပြီး ကလေးနှစ်ယောက်သေဆုံးကာ နောက်ထပ်ခြောက်ယောက် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

    မနေ့က မတ်လ ၁၅ ရက်နေ့မှာ ကြက်သားဟင်းချက်စားရာမှာ ဆားကိုထည့်ရမယ့်အစား ဆိုဒီယမ်နိုက်ထရိုက်အမှုန့်ကို ထည့်ပြီးချက်စားခဲ့တဲ့အတွက် အစာအဆိပ်သင့်ပြီး အသက် ၁၂ နှစ်အရွယ်နဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ်နှစ်ယောက်သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

    “ဖြစ်တာက သာမန်လက်လုပ်လက်စား မိသားစုပါ။ ကြက်သားထဲကို ဆိုဒီယမ်နိုက်ထရိုက် အထုတ်ထည့်စားတာကနေ ဖြစ်တာလို့သိရတယ်။ အဲဒီအထုတ်ကလည်း ကျားဖြန့်ဆိုက်တွေက ကောက်လာတာလား ဘာလားတော့ မသိဘူး။ ကလေးနှစ်ယောက်က ဆေးရုံရောက်လာကတည်းက အသက်မပါတော့ဘူးသိရတယ်။ ” လို့ ဒေသခံက ပြောပါတယ်။

    အဆိုပါ အစာအဆိပ်သင့်ခဲ့တဲ့ မိသားစုဟာ မြဝတီမြို့ အမှတ် ၄ ရပ်ကွက်က ဖြစ်ပြီး လက်ရှိမှာ အစာအဆိပ်သင့်မှုကြောင့် မိဘတွေအပါအဝင် မိသားစုဝင်ခြောက်​ယောက်ဟာ မြဝတီဆေးရုံကြီးမှာ ကူသမှုခံယူနေရဆဲဖြစ်ပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ သိရပါတယ်။

    ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေမှာ ငါးပူတင်းကို ချက်စားခဲ့တဲ့ သားအဖနှစ်ယောက်လည်း အစာအဆိပ်သင့်ပြီး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    ဓာတ်ပုံ – CJ

  • ချင်းတွင်းမြစ်ထဲ ရေဆင်းချိုးတဲ့ ကလေး ၅ ဦး ရေနစ်၊ ၃ ဦး ပျောက်ဆုံးနေ

    ချင်းတွင်းမြစ်ထဲ ရေဆင်းချိုးတဲ့ ကလေး ၅ ဦး ရေနစ်၊ ၃ ဦး ပျောက်ဆုံးနေ

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ချင်းတွင်းမြစ်ဆိပ်မှာ ဒီကနေ့ညနေပိုင်းက ကလေးတွေရေဆင်းချိုးရာကနေ ၅ ဦးရေနစ်ပြီး ၂ ဦးကယ်နိုင်ခဲ့ကာ ၃ ဦးပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

    ​ဒီကနေ့ (မတ်လ ၁၆ ရက်) ညနေ ၆ နာရီခန့်က မုံရွာမြို့ရှိ ချင်းတွင်းမြစ်၊ ဇတ်ဆိပ်အနီးမှာ ရေဆင်းချိုးတဲ့ အသက် ၁၄ နှစ်ဝန်းကျင် ယောက်ျားလေး ၃ဦးနဲ့ မိန်းကလေး ၂ဦး စုစုပေါင်း ၅ ဦး ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ၅ ဦးအနက် ယောကျာ်းလေး ၂ ဦးကိုတော့ စက်လှေသမားတွေက ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

    သို့သော် ကျန်တဲ့ ယောက်ျားလေး ၁ ဦး၊ မိန်းကလေး ၂ ဦးကိုတော့ ညပိုင်းအထိ ရှာမတွေ့သေးလို့ ရေငုပ်ရှာဖွေနေရဆဲဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့နယ်ရုံး)က အသိပေးပါတယ်။

    “မတွေ့သေးတဲ့ ကလေး ၃ ယောက်ထဲက ယောကျာ်းလေးက တစ်ဦးတည်းသော သားလေးလို့ပြောတယ်”လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကလည်း မုံရွာမြို့၊ သလ္လာဝတီဆိပ်ကမ်းမှာ အသက် ၇ နှစ်အရွယ် ကလေး ၁ ဦး ရေနစ်ခဲ့ပြီး ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ဘဲ ၂ ရက်အကြာ ၂၆ ရက်နေ့မှ ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့ပါတယ်။

    ယခုရက်ပိုင်း ချင်းတွင်းမြစ်အထက်ပိုင်းမှာ မိုးရွာသွန်းပြီး မြစ်ရေအနည်းငယ်တက်လာတဲ့အတွက် မြစ်ကမ်းဘေးမှာနေထိုင်သူတွေသတိပြုကြဖို့ ဒေ
    သခံတွေက သတိပေးနေကြပါတယ်။

    (ရေနစ်ကလေးငယ်များအား ရှာဖွေနေသော ကယ်ဆယ်ရေးအဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့နယ်ရုံး)

  • TNLA နှင့် MNDAA  ပဋိပက္ခ လက်ရှိ အခြေအနေ

    TNLA နှင့် MNDAA ပဋိပက္ခ လက်ရှိ အခြေအနေ

    ကွတ်ခိုင်မြို့နှင့်ပတ်ဝန်းကျင်တစ်ခုလုံးမှ TNLA က ဆုတ်ခွာသွားပြီး MNDAA က နယ်မြေရှင်းလင်း ရေးလုပ်နေ၊ နမ့်ဖတ်ကာ-နမ့်ခမ်းလမ်းသို့ MNDAA တပ်များ က ဆက်လက် ထိုးစစ်ဆင်နေ

    ကွတ်ခိုင်မြို့လယ်ခေါင်တွင် TNLA တပ်သားတချို့ ကျဆုံးခဲ့စဉ်

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နှင့်ပတ်ဝန်းကျင်တစ်ခုလုံးမှ TNLA တပ်များက က ဆုတ်ခွာသွားပြီး MNDAA က နယ်မြေရှင်းလင်း ရေးလုပ်ဆောင်နေကြောင်း MNDAA သတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ မတ်လ ၁၆ ရက်နေ့တွင် ကွတ်ခိုင်မြို့နှင့်ပတ်ဝန်းကျင်တစ်ခုလုံးမှ TNLA တပ်များအားလုံးက ဆုတ်ခွာသွားကြောင်း၊ ယင်းနေရာများကို MNDAA က ဝင်ရောက်နေရာယူထားပြီး နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

    “ကွတ်ခိုင်တစ်ကြောကတော့ ရှင်းသွားပြီ။ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ပုံစံမျိုးပဲရှိတယ်။ အခုက MNDAA တပ်တွေက နမ့်ဖတ်ကာကနေ နမ့်ခမ်းသွားတဲ့လမ်းမှာတော့ ထိတွေ့ဆက်ဖြစ်နေတယ်။ နမ့်ခမ်းဘက်ကိုတော့ ထိုးစစ်ဆင်နေတယ်။ နမ့်ခမ်းမြို့အထိ သွားမလား၊ မသွားဘူးလား အဲဒါကတော့ မသိရသေးဘူး”ဟု MNDAA သတင်းရင်းမြစ်က ပြောဆိုသည်။

    လတ်တလော TNLA နှင့် MNDAA ပဋိပက္ခတွင် MNDAA တစ်ဖွဲ့တည်းကသာ စစ်ဆင်ရေးလုပ်နေခြင်းဖြစ်ပြီး အခြားအဖွဲ့အစည်းများ ပါဝင်သည်ဟု မကြားမိသေးကြောင်း MNDAA သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

    နွေဦးတော်လှန်ရေးအင်အားစုများနှင့် CDM ကွန်ရက်များကမူ TNLA နှင့် MNDAA အကြား ပဋိပက္ခကို ဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းရန် တောင်းဆိုထားသော်လည်း လက်ရှိအချိန်အထိ နှစ်ဖက်အကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

    တအာင်း TNLA တပ်ကလည်း ပြဿနာကို ညှိနှိုင်းဆွေးနွေးမှုဖြင့် အဖြေရှာရန် တောင်းဆိုထားသော်လည်း MNDAA ၏ ထိုးစစ်မှာမူ ကွတ်ခိုင်မြို့တွင် မရပ်တန့်သေးဘဲ ရှေ့သို့ ဆက်လက်တိုး ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။

    ဖေဖော်ဝါရီလအတွင်း MNDAA နှင့် TNLA အကြား နယ်မြေဆိုင်ရာပဋိပက္ခ များဖြစ်ပွားခဲ့ပြီးနောက် မတ်လ ၁၄ ရက်နေ့မှစတင်ကာ MNDAA က TNLA ထိန်းချုပ်ထားသော ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

    ကွတ်ခိုင်မြို့ကို MNDAA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်လိုက်ကြောင်း သိရ

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် (MNDAA) က ယမန်နေ့ မတ် ၁၅ ရက် မွန်းလွဲပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

    ယမန်နေ့ မွန်းလွဲ ၁ နာရီနောက်ပိုင်းတွင် တအာင်းတပ်မတော် (TNLA) များ မြို့အတွင်းမှ ဆုတ်ခွာ သွားသဖြင့် ညနေပိုင်းတွင် ကိုးကန့်တပ် (MNDAA) က ကွတ်ခိုင်မြို့တစ်မြို့လုံးကို ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။

    “ဒီနေ့မွန်းလွဲ ၁ နာရီလောက်မှာ ပစ်ခတ်သံတွေ စဲသွားတာ။ ဗျူဟာကုန်းထဲမှာရှိနေတဲ့ တအာင်း တပ်ဖွဲ့တွေက လက်နက်ချပြီး ထွက်ခွာပေးဖို့ နှစ်ဖက်အရာရှိတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရတယ်” ဟု ကွတ်ခိုင်မြို့ခံ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

    MNDAA သည် TNLA ၏ တပ်စခန်းများဖြစ်သော မန်ပြိန်းနှင့် ကောင်းခါးရွာလမ်းခွဲရှိ စခန်းများကို မတ်လ ၁၄ ရက်နေ့မှစတင်၍ လက်နက်ကြီး၊ လက်နက်ငယ်များအပြင် ဒရုန်းဗုံးများဖြင့်ပါ အရှိန်မြှင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကွတ်ခိုင်မြို့ရှိ ဗျူဟာတပ်ကုန်း၊ ရှုခင်းသာရှိ ကာကင်းကုန်းနှင့် လွိုင်ဆမ်ဆစ် တောင်ကုန်းစခန်းများကိုလည်း ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော် (TNLA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

    ထို့ပြင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ မုံးဟွမ်၊ ရှောက်ဟော်၊ လွယ်ကန်၊ မန်ဂျယ်နှင့် နမ့်ဖတ်ကာဒေသရှိ TNLA ၏ တပ်စခန်းများကိုပါ MNDAA က ဒရုန်းဗုံးများ အသုံးပြု၍ တစ်ပြိုင်နက်တည်း တိုက်ခိုက် ခဲ့ကြောင်း ဆိုသည်။

    ယင်းအပြင် မူဆယ် (၁၀၅) မိုင်နှင့် တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ဂိတ်တွင် တာဝန်ကျနေသည့် TNLA တပ်ဖွဲ့ဝင် ၄၇ ဦးနှင့် လက်နက် ၄၈ လက်ကိုလည်း ကိုးကန့်တပ် MNDAA က ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း တအာင်းတပ်ဘက်က ထုတ်ပြန်ထားသည်။

    လက်ရှိတွင် ကွတ်ခိုင်မြို့အတွင်း၌ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ နေရာယူထားပြီး စစ်ရေး တင်းမာမှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

    မဟာမိတ် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို MNDAA သိမ်းပိုက်

    ကိုးကန့်တပ် MNDAA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း မဟာမိတ် TNLA သိမ်းပိုက်ထားသည့် ကွတ်ခိုင်မြို့ကို ယမန်နေ့ ညတွင် သိမ်းပိုက်လိုက်ပြီး တရုတ်နယ် စပ်ကုန်သွယ်ရေး လမ်းကြောင်းကို စိုးမိုးရန်ပြင်ဆင်နေသည်။

    ကွတ်ခိုင်မြို့သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ဆက်သွယ်ထားသော မန္တလေး- လားရှိုး- မူဆယ် လမ်းမကြီးပေါ်တွင် တည်ရှိပြီး ကွတ်ခိုင်နှင့် ထိုလမ်းမကြီးသည် မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည်။

    TNLA မြို့စောင့်တပ်ဖွဲ့ဝင်များ နောက်ဆုံးထိန်းချုပ်ထားသည့် ကွတ်ခိုင်ဗျူဟာကုန်းအား MNDAA ဘက်မှ ဒရုန်းအစီး ၅၀ ကျော်ဖြင့် အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် ယမန်နေ့ညပိုင်း တွင် TNLA တပ်ဖွဲ့များ ဆုတ်ခွာပေးလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

    “ကိုးကန့်က ဒရုန်းနဲ့ပဲ တောက်လျှောက်ပစ်တာ။ ပလောင်ဘက်က ပြန်ပစ်တာမျိုးတော့ မရှိဘူး။ ဗျုဟာကုန်းသိမ်းပြီးတော့ မနေ့ညနေပိုင်းပဲ ကိုးကန့်က တစ်မြို့လုံးသိမ်းလိုက်ပြီ။ TNLA တပ်ဖွဲ့တွေတော့ မရှိတော့ဘူး” ဟု ကွတ်ခိုင်မြို့ခံ တစ်ဦးကပြောသည်။

    ယနေ့မနက်ပိုင်းတွင် ကွတ်ခိုင်မြို့ဗျူဟာကုန်း အနောက်ဘက်ရှိ TNLA တပ်ဖွဲ့ ဝင်များ ဆုတ်ခွာခဲ့သည့် တောင်ကုန်းများနှင့် နမ့်ဖတ်ကာနှင့် နမ့်ခမ်းကြားရှိ TNLA တပ်စခန်းများအား MNDAA တပ်ဖွဲ့က ဆက်လက် တိုက်ခိုက်နေသည် ဟု ဒေသခံများထံမှ သိရသည်။

    ယနေ့မနက်အထိ ကွတ်ခိုင်မြို့ပြင်နှင့် နမ့်ခမ်း- နမ့်ဖတ်ကာ လမ်းတွင် တိုက်ပွဲများ ဆက်ရှိနေသည်ဟု TNLA ဘက်ကလည်း ဆိုသည်။

    “နမ့်ခမ်းနဲ့ နမ့်ဖတ်ကာကြားက ၁၂ မိုင်ဂိတ်မှာ ဒီမနက် တိုက်ပွဲတွေ ဖြစ်နေ တယ်။ MNDAA ဘက်က ဒရုန်းတွေနဲ့ ကြဲချတိုက်ခိုက်တာမျိုးတွေ ရှိပါတယ်” ဟု TNLA ပြောခွင့်ရ လွေးယေဦးက ပြောသည်။

    အဆိုပါလမ်းကြောင်းရှိ ကျေးရွာများသည် ၁၀၂၇ စစ်ဆင်ရေးမတိုင်မီ ပန်ဆေး ပြည်သူ့စစ်တပ်ဖွဲ့များ ထိန်းချုပ်သည့် နေရာများဖြစ်သည်။

    ၁၀၂၇ စစ်ဆင်ရေးတွင် ပန်ဆေးပြည်သူ့စစ်၊ ကွတ်ခိုင်မြို့မ ပြည်သူ့စစ်အပါအဝင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့အချို့ လက်နက်ချခဲ့ပြီး MNDAAနှင့် ပူးပေါင်းခဲ့သည်။

    ဦးတီခွန်မြတ် တာဝန်ယူခဲ့သည့် ကွတ်ခိုင်ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင် ဦးကျင်စန်းအား MNDAA က ကွတ်ခိုင်ဒေသ ဒုခရိုင်မှူးတာဝန် ပြန်ပေးထားသည်ဟု မြို့ခံတို့က ဆိုသည်။

    “လက်နက်ချပြီး ကိုးကန့်နဲ့ ပေါင်းထားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက အခွင့်အရေးရတုန်း သူတို့နေရာတွေကို ပြန်ရဖို့ ကိုးကန့်နဲ့ပေါင်းပြီးပြန်တိုက်နေတဲ့ သဘောလို့တောင် ပြောလို့ရတယ်” ဟု ရှမ်းမြောက်ဒေသ စစ်ရေးအခြေ အနေ လေ့လာသူတစ်ဦးက ပြောသည်။

    လက်ရှိ ကိုးကန့်တပ်ဖွဲ့၏ ထိုးစစ်သည် နမ့်ခမ်းမြို့သို့ ဦးတည်နေသည်ဟု ဒေသခံတို့က ဆိုသည်။

    “နမ့်ခမ်း ၁၂ မိုင်ဘက်မှာလည်း ဖြစ်နေတယ်။ အခု မူဆယ်အထွက် စယ်လန့်ရွာဘက်မှာလည်း ကိုးကန့်ဘက်က အင်အားဖြည့်နေတယ်” ဟု နမ့်ဖတ်ကာ ကျေးရွာဒေသခံ တစ်ဦးကပြောသည်။

    TNLA အနေဖြင့် ကွတ်ခိုင်၊ မုံးစီး၊ မိုင်းဟွမ်ဒေသများအား သံလွင်ခရိုင်အဖြစ် သတ်မှတ်ထားပြီး TNLA တပ်မဟာ ၅ အခြေစိုက်ထားသည်။

    “ ၁၀၂၇ စစ်ဆင်ရေး” အတွင်း ကွတ်ခိုင်မြို့အား TNLA က သိမ်းပိုက်ခဲ့ပြီး ကွတ်ခိုင် မြို့အရှေ့မြောက်အရပ် မိုင် ၅၀ အကွာ တာမိုးညဲမြို့ နှင့် အနောက်ဘက် မိုင် ၂၀ အကွာ သိန္နီမြို့တို့အား MNDAA က သိမ်းပိုက်ထားသည်။

    ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာအား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကသိမ်းပိုက်ထားပြီး မြို့ပေါ်ရပ်ကွက်တွင် KIA ဆက်ဆံရေးရုံးရှိသည်။

    မြို့သိမ်းတိုက်ပွဲအပြီး ကွတ်ခိုင်မြို့ပေါ်တွင် TNLAနှင့် MNDAA တပ်ဖွဲ့တို့ ပူးတွဲ အုပ်ချုပ်ခဲ့ကြသော်လည်း နှစ်ဖက်တပ်ဖွဲ့ကြား မကြာခဏပွတ်တိုက်မှုများရှိခဲ့သည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကွတ်ခိုင်မြို့၌ MNDAA တပ်ဖွဲ့က CCTV များ တပ်ဆင်ခဲ့မှုနှင့် ပတ်သက်၍ MNDAAနှင့် TNLA တပ်ဖွဲ့ကြား ပဋိပက္ခများ ဖြစ်ခဲ့သည်။

    ကွတ်ခိုင်မြို့ပေါ်ရှိ MNDAA ရုံးများအား TNLA က ပိတ်သိမ်းခဲ့ပြီးနောက် နှစ်ဖက်တပ်ဖွဲ့ကြား တင်းမာမှု ပိုမိုမြင့်မားလာခဲ့သည်။

    MNDAA တပ်ဖွဲ့အနေဖြင့် ကွတ်ခိုင်မြို့နှင့် ၁၀ မိုင်အကွာ မန်ပြိန်းရွာတွင် စစ်လက်နက်နှင့် လူအင်အား ဖြည့်တင်းခဲ့ပြီး တာမိုးညဲမြို့နှင့် ကွတ်ခိုင်ပတ်လည် ကျေးရွာများတွင် စစ်အင်အားများ ဖြည့်တင်းခဲ့သည်။

    TNLA ထိန်းချုပ်သည့် ကွတ်ခိုင်၊ နမ္မတူ မြို့များသို့ စားသောက်ကုန်၊ ဆေးဝါးနှင့် စက်သုံးဆီ တင်ပို့မှုများ ဖြတ်တောက်ခဲ့ပြီး ကွတ်ခိုင်မြို့ ပတ်လည်အား ပိတ်ဆို့ထားခဲ့ပြီးနောက် တစ်လပြည့်ချိန် မတ်လ ၁၄ ရက်တွင် ကွတ်ခိုင်မြို့အား နေရာအနှံ့မှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

    MNDAA အနေဖြင့် ကွတ်ခိုင်မြို့ပတ်လည်ရှိ မုံးစီးကျေးရွာ၊ ရှောက်ဟော်၊ မုံးဟွမ်၊ လွယ်ကန်၊ မန်ဂျယ်၊ မန်ပြိန်းရွာနှင့် လွိုင်ဆမ်ဆစ်တောင်ခြေတပ်စခန်းများမှ စတင်ထိုးစစ်ဆင်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ကွတ်ခိုင်မြို့ရပ်ကွက် ၅ နှင့် မြို့နေရာအများအပြား သိမ်းပိုက်ခဲ့သည်။

    ညနေပိုင်းတွင် ကွတ်ခိုင်ဗျူဟာကုန်းအား အပြီးသတ် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

    ကွတ်ခိုင်ကဲ့သို့ပင် တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ကျင်စန်းကျော့၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းများမှ TNLA တပ်ဖွဲ့ စခန်းများအား ဝင်ရောက် စီးနင်း၍ TNLA တပ်ဖွဲ့ဝင်များကို ဖမ်းဆီးခဲ့သည်။

    ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ကျင်စန်းကျော့ ကုန်သွယ်ရေးလမ်းပိုင်း၌ MNDAA ၏ ဝင်ရောက်စီးနင်းမှုအတွင်း TNLA တပ်ဖွဲ့ ၇၀ ကျော် ဖမ်းဆီးခံထားရသည်ဟု TNLA ဘက်က ဆိုသည်။

    ကွတ်ခိုင်–မူဆယ် လမ်းကြောင်းပေါ်ရှိ နမ့်ဖတ်ကာ ကျေးရွာတွင်လည်း ရွာသားများ ဖမ်းဆီးခံရသည်ဟု နမ့်ဖတ်ကာကျေးရွာခံတို့က ဆိုသည်။

    “ကျွန်မတို့ နမ့်ဖတ်ကာက KIA ထိန်းထားတဲ့ အပိုင်းဘက်မှာ ဘာမှ မဖြစ်ဘူး။ ရွာအနောက်ဘက် အခြမ်းက TNLA ထိန်းထားတဲ့ ရပ်ကွက်တွေမှာပဲ ဖြစ်တာ။ အိမ်ထဲတွေအထိ ကိုးကန့်တပ်က ဝင်ရှာတယ်။ ရပ်ကွက် ၄ ထဲက အမျိုးသား လေးယောက်ရယ်၊ လယ်ထွန်သွားတဲ့ အမျိုးသား တစ်ယောက် အဖမ်းခံရတယ်” ဟု နမ့်ဖတ်ကာ ကျေးရွာခံ တစ်ဦးက ပြောသည်။

    ကိုးကန့်တပ်၏ ထိုးစစ်အတွင်း ဒရုန်းဗုံးထိမှန်၍ ကွတ်ခိုင်မြို့တွင် အမျိုးသားတစ်ဦးနှင့် ကလေးငယ် တစ်ဦး သေဆုံးခဲ့ပြီး နမ့်ဖတ်ကာကျေးရွာတွင် အရပ်သား တစ်ဦးထိခိုက်ဒဏ်ရာ ရရှိထားသည်ဟု ဒေသခံတို့က ဆိုသည်။

    TNLA ဘက်ကလည်း ၎င်းတို့တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိခဲ့သည်ဟု ပြောသည်။

    ကွတ်ခိုင်အငြင်းပွားမှု ကိစ္စအတွက် TNLA ထံ ငါးကြိမ်တိုင် စာပို့ခဲ့သော်လည်း အကြောင်းမပြန်ခဲ့ဘဲ TNLA ဘက်မှ စတင်တိုက်ခိုက်၍ ပြန်လည်တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု တိုက်ပွဲဖြစ်သည့်နေ့တွင် MNDAA က ထုတ်ပြန်ခဲ့သည်။

    TNLA ဘက်ကမူ မဟာမိတ်ချင်းဖြစ်သည့် ပဋိပက္ခအတွက် တွေ့ဆုံညှိနှိုင်းရေး လမ်းကြောင်းမှ ဆက်လက် အဖြေရှာမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

    MNDAAနှင့် TNLAတို့ ပဋိပက္ခရပ်တန့်၍ နှစ်ဖက်တွေ့ဆုံဆွေးနွေးကြရန် တအာင်းအရပ်ဘက်အဖွဲ့၊ CDM ကျန်းမာရေးဝန်ထမ်းများအဖွဲ့နှင့် အရပ်ဘက် အဖွဲ့အချို့က တောင်းဆိုထားသည့်။

    နိုင်ငံရေးအကဲခတ်များကမူ ယခုဖြစ်ရပ်သည် စစ်တပ်နှင့် တရုတ်၏ ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ရေး လိုလားချက်တိုက်ပွဲ ဖြစ်သည်ဟု မှတ်ချက်ပြုသည်။

    “အခုဖြစ်စဉ်က တရုတ် မီးစိမ်းမပြဘဲ မဖြစ်နိုင်ပါဘူး။ တရုတ်က ကုန်သွယ်ရေးလမ်းကြောင်းကို ဖွင့်ချင်နေတာ။ ဆိုတော့ အဖွဲ့တွေ အများကြီး ဖြစ်နေတဲ့ အထဲက သူယုံကြည်စိတ်ချရတဲ့ ကိုးကန့်ကိုပဲ ဒီလမ်းကြောင်းပေါ်နဲ့ တရုတ်နယ်စပ်မှာ ထားချင်တဲ့ သဘောလို့ ပြောလို့ရတယ်” ဟု နိုင်ငံရေးအကဲခတ် တစ်ဦးက မှတ်ချက် ပြုသည်။

    MNDAA အနေဖြင့် TNLA ထိန်းချုပ်သည့် နမ့်ခမ်းနှင့် နမ္မတူမြို့များသို့ ထိုးစစ်ဆင်ရန် ဆက်လက် ပြင်ဆင်နေသည်ကို တွေ့ရသည်ဟု ဒေသခံတို့က ဆိုသည်။

    ကွတ်ခိုင်မြို့အား သိမ်းပိုက်ခဲ့သည့် MNDAA အနေဖြင့် ယနေ့မနက်ပိုင်းတွင် လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင် ကိုယ်စားလှယ်အဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးနေသည်ဟု လားရှိုးမြို့ခံများထံမှသိရသည်။

    တိုက်ပွဲဖြစ်ခဲ့သည့် ကွတ်ခိုင်မြို့တွင် ယနေ့မနက်ပိုင်းမှ စတင်၍ အခြေအနေ ပုံမှန်တည်ငြိမ်လာပြီး ဈေးဆိုင်များ ပြန်ဖွင့်နေပြီဟု မြို့ခံတို့က ဆိုသည်။

    တိုက်ပွဲကြောင့် ပိတ်မိနေသည့် ခရီးသွားယာဉ်များအား MNDAA တပ်ဖွဲ့က ပြန်ဖွင့်ပေးခဲ့ပြီး ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး လမ်းတွင် ယာဉ်များ ပုံမှန်သွားလာခွင့် ပြုလိုက်သည်ဟု ဒေသခံများထံမှ သိရသည်။

    ၁၀၂၇ စစ်ဆင်ရေးတွင် ရှမ်းပြည်မြောက်ပိုင်းရှိ စစ်တပ်၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးနှင့် သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ တာမိုးညဲ၊ ကုန်းကြမ်း မြို့များအား MNDAA တပ်ဖွဲ့က သိမ်းပိုက်ခဲ့သည်။

    တရုတ်အစိုးရ ကြားဝင်ညှိနှိုင်းမှုကြောင့် MNDAA တပ်က လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုအား စစ်တပ်ထံ ပြန်လွှဲခဲ့ပြီး ကျန်နေသည့် ကျေးရွာများအား သိန္နီခရိုင်အတွင်းသို့ ထည့်သွင်းထားသည်။

    MNDAA အနေဖြင့် မဟာမိတ် TNLA ထိန်းချုပ်သည့် ကွတ်ခိုင်အပါအဝင် ၎င်းတို့ သိမ်းထားသည့် မြို့များအား ကွတ်ခိုင်ခရိုင်၊ သိန္နီခရိုင်၊ လောက်ကိုင် ခရိုင်၊ မုံးကိုးခရိုင် လေးခု သတ်မှတ်၍ အုပ်ချုပ်မည်ဟု ထုတ်ပြန်ထားသည်။

    TNLA တပ်ဖွဲ့က နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုးမိတ်နှင့် မိုးကုတ် မြို့တို့အား သိမ်းပိုက်ခဲ့သည်။

    တရုတ်အစိုးရ ကြားဝင်မှုကြောင့် မိုးကုတ်နှင့် မိုးမိတ်အား TNLA က စစ်ကော် မရှင်ထံ ပြန်လွှဲခဲ့ရပြီး စစ်တပ်ထိုးစစ်ကြောင့် တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းပေါ်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါ မြို့များအား လက်လွှတ်ခဲ့ရသည်။

    လက်ရှိတွင် မဟာမိတ် MNDAA ၏ ထိုးစစ်ကြောင့် တရုတ်နယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းအတွက် အရေးပါသည့် TNLA တပ်မဟာ ၅ ရှိရာ ကွတ်ခိုင်ဒေသတစ်ခုလုံးနှင့် မူဆယ် မြို့နယ်အတွင်းရှိ တပ်စခန်းများပါ ဆုတ်ခွာပေးခဲ့ရသည်။

    ကွတ်ခိုင်ကို MNDAA ထိန်းချုပ်ပြီး​​နောက် နမ့်ခမ်းဘက်မှာတိုက်ပွဲဆက်ဖြစ်​နေ

    ကွတ်ခိုင်မြို့ကို MNDAA ထိန်းချုပ်သွားပြီး​နောက် ပစ်ခတ်သံတွေငြိမ်သက်နေ​ပေမယ့် နမ့်ခမ်းမြို့နယ်ဘက်မှာ​​တော့ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    MNDAA နဲ့ TNLA တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ကွတ်ခိုင်မြို့မှာမတ်လ ၁၆ရက်မနက်အစောပိုင်းကစပြီး ပသ်ခတ်သံ​တွေမကြားရ​တော့ပဲ အခြေအနေတည်ငြိမ်နေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

    “MNDAA က TNLA ရုပ်အလောင်းတချို့ကိုရှင်းပေးသွားတယ်။ TNLA တပ်စွဲထားတဲ့နေရာတချို့က အဆောက်အအုံတွေဘက်မှာတော့ အနံ့အသက်တွေထွက်နေတာရှိတယ်။ ပြည်သူတွေက ပုံမှန်အတိုင်း သွားလာနေပါတယ်။ ဈေးဆိုင်တချို့လည်း ဖွင့်ထားတယ်။ ခပ်ဝေးဝေးဘက်က လာတဲ့ လက်နက်ကြီးသံတော့ တခါတလေ ကြားရတယ်” လို့ ကွတ်ခိုင်မြို့ခံတဦးကပြောပါတယ်။

    မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲမှာပါဝင်တဲ့ TNLAနဲ့ MNDAAက ကွတ်ခိုင်မြို့မှာ မတ်လ၁၄ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ခဲ့တာပါ။ MNDAAတပ်‌တွေဟာဒရုန်းအစီး ရေရာချီအသုံးပြုပြီး အင်အားအများအပြားနဲ့ ကွတ်ခိုင်မြို့နယ်မှာ TNLA တပ်စွဲထားတဲ့​နေရာအများစုကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

    ကွတ်ခိုင်မြို့နယ်အပြင် နမ့်ခမ်းမြို့နယ် နဲ့ နမ့်ဖက်ကာက TNLAစခန်းတွေကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။ မတ် ၁၆ ရက်မနက်ပိုင်းမှာ​တော့ ပေါက်ကွဲသံတွေကို နမ့်ခမ်းမြို့နယ်ဘက်ကနေ ကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    MNDAAတပ်ဖွဲ့ဝင်တွေနဲ့အတူ အာဏာသိမ်းစစ်တပ်လက်အောက်ခံဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေလည်း TNLAကို တိုက်ခိုက်တဲ့တိုက်ပွဲမှာ ပါနေတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့ကပြောပါတယ်။

    “တိုက်ပွဲစတဲ့နေ့က မူဆယ် ၁၀၅ မိုင်ထဲကို MNDAA အဖွဲ့ဝင်တွေ ၆၀၀ လောက် ရုတ်တရက် ဝင်လာတာ။ ဌာနေပြည်သူ့စစ်တွေ MNDAAယူနီဖောင်းနဲ့ ဝင်လာတာ” လို့ ဒေသခံသတင်းရင်းမြစ်တဦးကပြောပါတယ်။

    ကွတ်ခိုင်မြို့ကို MNDAA ထိန်းချုပ်ပြီးနောက်ပိုင်း ဒီ‌နေ့မနက်မှာတော့မူဆယ်- ကွတ်ခိုင်-သိန္နီ- လားရှိုး လမ်းပွင့်သွားပြီလို့ ဒေသခံတွေကပြောပါတယ်။

    အဲ့ဒီလမ်းပိုင်းမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ၁၃ရက်နေ့ကTNLAနဲ့MNDAAဆက်ဆံရေးတင်းမာပြီးတဲ့နောက်ပိုင်း MNDAA ဘက်က ပိတ်ထားခဲ့တာဖြစ်ပါတယ်။

    MNDAAနဲ့ TNLA တိုက်ပွဲဟာ ဒေသခံပြည်သူလူထုကို လုံခြုံရေးအရခြိမ်းခြောက်နေပြီးအပစ်ရပ်ကြဖို့နဲ့ တွေ့ဆုံဆွေးနွေးကြဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တိုက်တွန်းနေကြပါတယ်။

    လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်ကလည်းမတ်လ ၁၆ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တာမှာ မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ဟာ ဆယ်စုနှစ်ကျော်ကြာခိုင်မာခဲ့သော ညီနောင်မဟာမိတ်တပ်ဖွဲ့များဖြစ်ပြီး ၎င်းတို့ ဦးဆောင်တဲ့ ၁ဝ၂၇ စစ်ဆင်ရေးဟာ ညီနောင်သုံးဖွဲ့ရဲ့ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းမှု တွေကြောင့် အောင်မြင်မှုရခဲ့တဲ့ ညီညွတ်မှုပြယုတ်ဖြစ်ကြောင်း၊ လက်ရှိ စစ်ရေးပဋိပက္ခတွေ ကြောင့် ပြည်သူလူထုရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အာဏာရှင် စနစ် အမြစ်ပြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ ငြိမ်းချမ်းရေးသို့ ဦးတည်သည့် လမ်းကြောင်းတွေကို ထိခိုက်‌စေတယ်လို့ ဖော်ပြထားပါတယ်။

    ဒ့ါအပြင်စစ်အာဏာရှင်အတွက် အခွင့်အလမ်းများဖြစ်ပေါ်စေနိုင်ပြီး နွေဦးတော်လှန်ရေးအတွက် များစွာစိန်ခေါ်မှု ဖြစ်စေနိုင်တာကြောင့်လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးကိစ္စရပ်ကို ချက်ခြင်းရပ်တန့်ပြီး စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းကြဖို့၊ စစ်ရေးပဋိပက္ခဒဏ်ကို ပြင်းထန်စွာ ဆက်တိုက်ခံစားခဲ့ရတဲ့ ပြည်သူလူထုကို မျက်နာမူပြီး ပြည်သူအသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ပေးဖို့၊စစ်ရေးပဋိပက္ခမှတစ်ဆင့် လူမျိုးရေးပဋိပက္ခသို့ ဦးတည်သည့်လုပ်ရပ်များကို ချက်ခြင်းရပ်တန့်ပေးကြဖို့၊အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးကို ဦးတည်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

    ကျန်းမာရေးအင်အားစု မန္တလေး၊ ကျန်းမာရေးအင်အားစုတအာင်းပြည်နဲ့ကျန်းမာရေးအင်အားစုအထူးဒေသ(၁)၊ ကလည်း TNLAနဲ့ MNDAAအပစ်ရပ်ကြဖို့ တိုက်တွန်းချက်ထုတ်ပြန်ထားပါတယ်။

    တိုက်ပွဲဖြစ်တာဟာ TNLA ဘက်က ဦးစွာ သေနတ်ဖောက်ပြီး ပုံမှန်ကင်းလှည့်နေတဲ့တပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်လို့ဆိုပြီး MNDAAက မတ်လ ၁၄ရက်မှာ ထုတ်ပြန်ထားပါတယ်။TNLA ကတော့ MNDAAဘက်ကနေ ထိုးစစ်စင်တိုက်ခိုက်လာတာဖြစ်ပြီးနှစ်ဘက်ဖြစ်ပွားနေတဲ့ပြဿနာတွေဟာ မိတ်ဖက်ပြဿနာလို့ သတ်မှတ်ဖြေရှင်းထားတဲ့အတွက် ပြန်လည်ပစ်ခတ်ခြင်း မပြုလုပ်ခဲ့ကြောင်း၊ မိမိတို့မဟာမိတ်တိုင်းရင်းသားညီနောင်အကြားဖြစ်ပေါ်တဲ့ ပြဿနာတွေကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ကြိုးစားအဖြေရှာသွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

    အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က TNLA နဲ့ MNDAA မဟာမိတ်တပ်​တွေကြား တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်ပြီးပန်ကြားချက်ထုတ်ပြန်ကာ တိုက်ပွဲများ ချက်ချင်းရပ်တန့်ဖို တောင်းဆိုထားပါတယ်။မိတ်ဖက်ပဋိပက္ခ အဖြစ် ရှုမြင်ကာ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး ဖြေရှင်းကြဖိုလည်း NUCC က TNLAနဲ့ MNDAA တပ်ဖွဲ့တွေကိုမေတ္တာရပ်ခံထားပါတယ်။

  • ဧပြီ ၁ မှစ၍ EV ယာဉ်များ အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်

    ဧပြီ ၁ မှစ၍ EV ယာဉ်များ အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်

    လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်ပြီး လျှပ်စစ်သုံးယာဉ်များ (EV) အပေါ် အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ဖော်ပြထားကြောင်း သိရသည်။

    အဆိုပါ ဥပဒေကို မတ်လ ၁၅ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ အကျိုးသက်ရောက်မည်ဖြစ်သည်။

    ဥပဒေအရ ဘက်ထရီလျှပ်စစ်သုံး လူစီးယာဉ်များအတွက် အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ပြီး လောင်စာဆီသုံး ယာဉ်များအတွက်လည်း အင်ဂျင်စွမ်းအားအလိုက် အခွန်နှုန်းထားများ သတ်မှတ်ထားသည်။

    အင်ဂျင်စွမ်းအား ၁၅၀၁ စီစီမှ ၂၀၀၀ စီစီအထိရှိသော ဗင်ကားများ၊ ဆလွန်းဆီဒင်ကားများနှင့် ဝက်ဂွန်ကားများကို အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ပြီး ၂၀၀၁ စီစီမှ ၄၀၀၀ စီစီအထိရှိသော ယာဉ်များကို အခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။

    ထို့ပြင် အင်ဂျင်စွမ်းအား ၄၀၀၁ စီစီနှင့်အထက်ရှိသော ဗင်ကားများ၊ ဆလွန်းဆီဒင်ကားများနှင့် ဝက်ဂွန်ကားများအတွက် အထူးကုန်စည်ခွန် ၅၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရမည်ဖြစ်ကြောင်းလည်း ဥပဒေတွင် ဖော်ပြထားသည်။

    အဆိုပါ အခွန်အကောက်ဥပဒေသည် လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်ကာ တစ်နိုင်ငံလုံးတွင် အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။