ထိုင်းတွင် မြန်မာလုပ်သားကို ရေနွေးပူနှင့် လောင်းပြီး ရိုက်နှက်နှိပ်စက်ခဲ့သူ ၄ ဦး ဖမ်းမိ၊ ၂ ဦး ထွက်ပြေးနေ

ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်ရှိ စားသောက်ဆိုင်တခု၌ မြန်မာလုပ်သားတဦးဖြစ်သည့် ကိုသားသားကို ရေနွေးပူနှင့် လောင်းပြီး ရိုက်နှက်နှိပ်စက်ခဲ့သည့် တရုတ်လုပ်ငန်းရှင် လေးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီး နှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ယင်းကိစ္စတွင် လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် မြန်မာ့အလင်း လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

“ဒီနေ့ တယောက်ထပ်မိတယ်။ အားလုံးတော့ ဒီကလေး (ကိုသားသား) ကို လုပ်ခဲ့တဲ့လူ လေးယောက်တော့ ဖမ်းမိသွားပြီဗျ” ဟု မြန်မာ့အလင်း လူမှုကူညီရေးအဖွဲ့မှ ကိုနေလင်းသူက မေလ ၈ ရက် မွန်းလွဲပိုင်းတွင် ပြောသည်။

ကိုသားသားကို ညှဥ်းပန်းနှိပ်စက်ခဲ့သူ တရုတ်လုပ်ငန်းရှင် ခြောက်ဦးထဲမှ ကျန်နှစ်ဦးမှာ ထွက်ပြေးနေသော်လည်း ၎င်းတို့နှင့် ပတ်သက်သည့် အချက်အလက်များ ရရှိထားပြီးဖြစ်ကြောင်းလည်း သိရသည်။

“သူတို့နှစ်ယောက်ကတော့ ပြေးနေတယ်။ ဒါပေမဲ့ မလွတ်တော့ပါဘူး။ ဒီလေးယောက် မိသွားပြီဆိုတော့ ဒီနှစ်ယောက်ကတော့ မလွတ်တော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်ယောက်ကတော့ မိမှာပါ။ တကယ်လို့ မမိရင်တောင်မှ ထိုင်းဥပဒေအရ သူတို့ကို ဝရမ်းပြေးထုတ်မှာပေါ့နော်။ ဖမ်းဝရမ်းထုတ်မှာပေါ့” ဟု ကိုနေလင်းသူက ပြောသည်။

လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားသည့် တရုတ် လေးဦးကို စစ်ဆေးနေဆဲဖြစ်ပြီး ပုဒ်မများ မတပ်ရသေးကြောင်း၊ တရားရုံးသို့ ဖြစ်စဉ်များအကုန် တင်ပြထားဆဲဖြစ်ကြောင်းနှင့် တရားရုံးက အမိန့်စာထွက်လာမှ ပုဒ်မများ ပြောပြနိုင်မည်ဖြစ်ကြောင်းလည်း ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အမှုမှန်ပေါ်အောင် ထိုင်းဥပဒေအတိုင်း “အဆုံးထိ” သွားမည်ဖြစ်ကြောင်း ကိုနေလင်းသူက ပြောသည်။ “ကျွန်တော်တို့ နိုင်ငံခြားအလုပ်သမားချင်း အတူတူပေါ့နော်။ ညှဥ်းပန်းနှိပ်စက်တဲ့ အမှုကတော့ ထိုင်းနိုင်ငံကလည်း လက်မခံဘူးပေါ့နော် ဒါမျိုးလုပ်တာကို။ အဲ့ဒီအတွက် အမှုကတော့ ကျွန်တော်တို့ အဆုံးထိ သွားမှာပါ” ဟု ဆိုသည်။

အသက် ၂၇ နှစ်အရွယ် ကိုသားသားသည် ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုတွင် တရုတ်စကားပြန်အဖြစ် တလလျှင် ဘတ် ၂၀,၀၀၀ ဖြင့် လုပ်ကိုင်ခဲ့သည်။ နှစ်လအတွင်း လစာကျန်ငွေ ဘတ် ၁၆,၀၀၀ တောင်းသော်လည်း မရသဖြင့် အလုပ်ထွက်ခဲ့ကြောင်း သိရသည်။

“ဧပြီ ၃၀ ရက်နေ့ ကျတော့ ၃ နာရီခွဲလောက်မှာ သားသားဆိုတဲ့ ညီလေးကို ပိုက်ဆံထုတ်ပေးပါမယ်ဆိုပြီးမှ သူ့အလုပ်ဆိုက်ထဲကနေ သွားခေါ်ထုတ်လာတာ။ သွားခေါ်လာတဲ့အချိန်မှာ သူ့ကို သူ့သူဌေးပါဆိုပြီး ပြောတဲ့လူရယ်၊ ပြီးလို့ရှိရင် ခုနက သူအလုပ်သင် သင်ပေးခဲ့တဲ့ တရုတ်စကားပြန်ညီလေးရယ်ပေါ့နော်။ သူတို့ နှစ်ယောက်နဲ့ လာခေါ်တယ်” ဟု ကိုနေလင်းသူက ရှင်းပြသည်။

ထို့နောက် ရယောင်းခရိုင်တွင်ရှိသည့် တရုတ်စားသောက်ဆိုင်တဆိုင်သို့ ခေါ်ဆောင်ပြီး အဆိုပါ စားသောက်ဆိုင်၏ ရုံးခန်းထဲတွင် ပိတ်ကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြခြင်းဖြစ်ကြောင်း ဆိုသည်။

ကိုသားသားအား ဆိုင်ပိုင်ရှင် သူဌေးမဟုဆိုသည့် တရုတ်အမျိုးသမီးတဦးက သုံးမိနစ် ရေနွေးအိုးဖြင့် ရေနွေးပူ လေးအိုးအထိ လောင်းခဲ့ကြောင်း၊ ထို့နောက် ဂေါက်တံများ၊ သံပိုက်များဖြင့် အုပ်စုဖွဲ့ ထပ်မံဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း၊ ထို့နောက် ကျားဖြန့်များ နှိပ်စက်သည့် ပုံစံများဖြစ်သည့် လက်သည်းခွံချွတ်ခြင်း၊ လက်များဖြတ်ခြင်း စသည့် ဗီဒီယိုဖိုင်များကို ပြသပြီး ကိုသားသား၏ ပါးစပ်ထဲသို့ ရေနွေးပူလောင်းထည့်ရန် လုပ်ဆောင်ချိန်တွင် ကိုသားသားက အတင်းရုန်းကန်ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားသူများထဲတွင် ကိုသားသားကို လာရောက်ခေါ်ဆောင်သွားသည့် သူဌေးဟုဆိုသူနှင့် ၎င်းအား ရေနွေးပူနှင့် လောင်းခဲ့သည့် တရုတ်အမျိုးသမီးတို့ ပါဝင်ကြောင်းလည်း သိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *