Category: News

  • စစ်တပ်လော်ဘီ သရုပ်ဆောင် မင်းအုပ်စိုး တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံရ

    စစ်တပ်လော်ဘီ သရုပ်ဆောင် မင်းအုပ်စိုး တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံရ

    သရုပ်ဆောင် မင်းအုပ်စိုး ကို ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ဘုရားငုတ္တို X–ray ပူပေါင်းစစ်ဆေးရေး၌ မတ်လ ၉ ရက်နေ့ ၁၀ နာရီခန့်က ဖမ်းဆီးလိုက်ကြောင်း X- ray ပူးပေါင်းစစ်ဆေးရေး ဂိတ်မှ ဝန်ထမ်းတစ်ဦးက ပြောသည်။

    “စစ်ဆေးရေးဂိတ်မှာ မင်းအုပ်စိုး မောင်းနှင်လာတဲ့ ကားကို စစ်ပါတယ်။ ပစ္စတို သေနတ် ၁ လက်နဲ့ 9X19 ကျည်ဆံ ၇ တောင့်ပါ ကျည်အိမ် ၁ ခု တွေ့ပါတယ်။ အခုကတော့ သူ့ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားပါတယ်”ဟုပြောသည်။

    ဒလမြို့နယ်ဘက်မှ တွံတေးမြို့နယ်ဘက်သို့ ဒလ-တွံတေးကားလမ်း အတိုင်း ယာဉ်မောင်း အောင်နိုင်ထွန်း (ခ) မင်းအုပ်စိုး မောင်းနှင်လာသည့် ယာဉ်အမှတ် YGN-8 7S- အနက်ရောင်ယာဉ်အား ရပ်တန့် စစ်ဆေးရှာခဲ့ခြင်း ဖြစ်သည်။

    ယာဉ်ပေါ်တွင် သေနတ်နံပါတ် A 895629 Made In CZECH REPUBLIC စာတန်းပါ CZ 75D COMPACT 9X19 ပစ္စတို သေနတ် ၁ လက်နှင့် 9X19 ကျည်ဆံ ၇တောင့်ပါ ကျည်အိမ် ၁ ခု တပ်လျက်တို့အားတွေ့ ရှိခဲ့ခြင်း စစ်ဆေးရေး ဂိတ်မှ ဝန်ထမ်းတစ်ဦးက ပြောသည်။

    သရုပ်ဆောင် မင်းအုပ်စိုးအား ရဲတပ်ဖွဲ့က မေးမြန်းရာတွင် မိမိ ကိုယ်ကိုယ် ကာကွယ်ခုခံပိုင်ခွင့် အတွက် ကိုင်ဆောင်ထားခြင်း ဖြစ်ကြောင်းနှင့် မည်သည့်အကြမ်းဖက် အဖွဲ့အစည်းများနှင့်မှ ပတ်သက် ဆက်နွယ်မှု မရှိကြောင်း ပြောဆိုခဲ့သည်။

    သို့သော်လည်း လက်နက်ကိုင်ခွင့် ခွင့်ပြုချက် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသည့်အတွက် ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဟု ရဲတပ်ဖွဲ့၏ ကြေးနန်းစာတွင် ဖော်ပြထားသည်။

    လက်ရှိတွင် သရုပ်ဆောင် မင်းအုပ်စိုးအား တွံတေးမြို့မရဲစခန်းမှ လက်နက်ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။၊

  • လောင်စာဆီချွေတာရေး ထိုင်းအစိုးရဌာနများ နေအိမ်မှအလုပ်လုပ်ရန် ညွှန်ကြား

    လောင်စာဆီချွေတာရေး ထိုင်းအစိုးရဌာနများ နေအိမ်မှအလုပ်လုပ်ရန် ညွှန်ကြား

    အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများကြောင့် လောင်စာဆီပြတ်လပ်မည့် အန္တရာယ်ကို ကာကွယ်ရန် ထိုင်းအစိုးရဌာနအများစု နေအိမ်မှအလုပ်လုပ်ကြရန် ထိုင်းဝန်ကြီးအဖွဲ့က ယနေ့ ညွှန်ကြားလိုက်သည်။

    အဆိုပါ အရေးပေါ်စီမံချက်ကို ထိုင်းဝန်ကြီးအဖွဲ့ အစည်းအဝေးက အတည်ပြုခဲ့ခြင်းဖြစ်ပြီး စွမ်းအင်သုံးစွဲမှုကို လျှော့ချရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။

    ထိုင်းနိုင်ငံ အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကောင်စီ အထွေထွေအတွင်းရေးမှူး ဒါနူချာ ပီချာယာနန်၏ အဆိုအရ ဤညွှန်ကြားချက်သည် ပြည်သူ့ဝန်ဆောင်မှုနှင့် တိုက်ရိုက်မသက်ဆိုင်သည့် အစိုးရဝန်ထမ်းအားလုံးနှင့် သက်ဆိုင်မည် ဖြစ်သည်။

    ထို့အပြင် အစိုးရတာဝန်ရှိသူများအနေဖြင့် အရေးမကြီးသော ပြည်ပခရီးစဉ်များကို ဆိုင်းငံ့ထားရန်နှင့် မဖြစ်မနေတက်ရောက်ရမည့် နိုင်ငံတကာအစည်းအဝေးများကိုသာ ခွင့်ပြုမည်ဖြစ်ကြောင်း ဝန်ကြီးအဖွဲ့က တိုက်တွန်းထားသည်။

    လက်ရှိတွင် ထိုင်းနိုင်ငံ၌ ရေနံအရန်သင့်ရှိမှုမှာ လီတာ ၈ ဘီလီယံခန့်ရှိပြီး အကယ်၍ လောင်စာဆီအသစ် ထပ်မံမရရှိပါက နှစ်လစာခန့်သာ လုံလောက်မည်ဖြစ်သည်။

    စွမ်းအင်ဝန်ကြီးဌာနကလည်း လျှပ်စစ် ထုတ်လုပ်ပေးနေရသည့် လောင်စာဆီ သုံးစွဲမှုချွေတာရာရောက်စေရန်အတွက် အဲကွန်းအပူချိန်ကို ၂၆ ဒီဂရီမှ ၂၇ ဒီဂရီအတွင်း ထားရှိရန်နှင့် အပူရာသီအတွင်း လက်တိုဝတ်စုံများ ဝတ်ဆင်ကြရန် အပိုဆောင်းစီမံချက်များ တင်ပြထားသည်။

    အခြေအနေ ပိုမိုဆိုးရွားလာပါက ည ၁၀ နာရီနောက်ပိုင်း ဆိုင်းဘုတ်မီးများ ပိတ်ရန်နှင့် စက်သုံးဆီဆိုင် ဖွင့်လှစ်ချိန်များကို ကန့်သတ်ရန်အထိ စီစဉ်ထားကြောင်း သိရသည်။

    အလားတူ ဖိလစ်ပိုင်နိုင်ငံတွင်လည်း စွမ်းအင်ချွေတာရန်အတွက် အစိုးရရုံးများကို တစ်ပတ်လျှင် လေးရက်သာ ရုံးတက်စေသည့်စနစ်ကို စတင်ကျင့်သုံးနေပြီ ဖြစ်သည်။

  • ဖလမ်းတိုက်ပွဲများတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံး၊ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးဟု ဆို

    ဖလမ်းတိုက်ပွဲများတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံး၊ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးဟု ဆို

    စစ်ကော်မရှင် ထိုးစစ်များသည် ဖလမ်းမြို့နှင့် ဆုရ်းဘုန်လေဆိပ်သို့ ဦးတည်ဟု ICA သုံးသပ်

    648790613 1517279157067799 476908807056641599 N

    အာဏာသိမ်းစစ်ကော်မရှင်၏ ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သို့ ၄ လကြာ ထိုးစစ်ဆင်နေသည့် တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၄၀ ကျော် ရှိနေကြောင်း ချင်းရေးရာ အဖွဲ့ချုပ် (ICA) ထံမှ သိရသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်၍ ဝေဘူလ- ဖလမ်းနှင့် သိုင်းငင်း- ဖလမ်းလမ်းကြောင်းတို့မှတက်လာသော အင်အား ၁၀၀၀ ခန့်ရှိ စစ်ကော်မရှင်တပ်သည် ဖလမ်းမြို့အတွင်းစစ်ဆင်ရေးမှာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက ဒရုန်းအပါအဝင် နည်းမျိုးစုံဖြင့် ခုခံတွန်းလှန်မှုကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးသည်ဟု ဆိုသည်။

    648978282 1517279383734443 3158184095570801618 N

    “ကျနော်တို့ အပေါ်ယံကြည့်မယ်ဆိုရင်၊ ကျနော်တို့ ထဲထဲ ဝင်ဝင်တော့ ဒါက စစ်ရေးကိစ္စဆိုတော့ မသိဘူးပေါ့။ ဒါပေမယ့် လေ့လာသုံးသပ်ကြည့်ရတာ‌တော့ ဒရုန်းနဲ့ တိုက်ခိုက်မှုမှာ စကမတွေ အတော်လေး အထိနာတာ တွေ့ရတယ်။ နောက်တစ်ခုက စနိုက်ဘာပေါ့နော်။ ဒီ ၂ ခုကတော့ သိသိသာသာ ထင်ထင်ရှားရှား တွေ့ရတယ်။ ထွက်ပြေးတာက သူတို့က စစ်မတိုက်ချင်တော့လို့ ထွက်ပြေးရင် လမ်းမှာ အဖမ်းခံရတာတို့၊ ကျနော်တို့ ဒေတာ ပြုစုတဲ့အထဲ မပါရှိနိုင်တာက ဖမ်းဆီးမခံရဘဲ ထွက်ပြေးသွားနိုင်တဲ့ လူတွေလည်း တော်တော်များများ ရှိနိုင်တယ်။ အဲလိုအခြေအနေ ရှိတယ်” ဟု ICA မှ ပြောရေးဆိုခွင့်ရှိသူ Salai Van Sui San က ပြောသည်။

    စစ်ကော်မရှင်တပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာ ရရှိသူ ၂၅၀ ကျော် ရှိပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၄၀ ကျော် ရှိခဲ့ကြောင်း၊ တချို့ဖြစ် ရပ်များတွင် စစ်ကော်မရှင်တပ်သည် တိုက်ပွဲအပြီး လက်နက်ချခြင်းဖြစ်ကြောင်း သိရသည်။

    ၂၀၂၅ နိုဝင်ဘာလမှ ၂၀၂၆ ဖေဖော်ဝါရီလအထိ ချင်းမြောက်ပိုင်းဒေသ တိုက်ပွဲများတွင် CNA ၊ CNDF ၊ CDFs များ အပါအဝင် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၄၂ ဦးထက်မနည်းလည်း ကျဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိကြောင်း ICA ၏ စာရင်းများ အရ သိရသည်။

    649092523 1517279413734440 2141427573186811282 N

    လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းဗုံးကြဲမှုများက ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များအပေါ် အဓိက ထိခိုက်မှု ဖြစ်စေကြောင်း လေ့လာတွေ့ရှိရသည်ဟု သိရသည်။

    “တော်လှန်ရေးတပ်သားတွေ ထိခိုက်သေဆုံးမှုတွေက မြေပြင်ကနေ တတ်နိုင်သလောက် အချက်အလက် စုစည်းထားတာ ဖြစ်တယ်။ အမှန်မှာ ဒီထက်ပိုများကောင်း၊ များနိုင်ပါတယ်။ ကျနော်တို့ ရရှိထားတဲ့ အချက်အလက်တွေက ဆိုရှယ်မီဒီယာပေါ် တက်လာတဲ့ ဒေတာတွေနဲ့ မြေပြင်မှာ ရနိုင်သလောက် ကောက်ယူထားတဲ့ ဒေတာတွေ ဖြစ်ပါတယ်” ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) မှ ပြောရေးဆိုခွင့်ရှိသူ Salai Van Sui San က ပြောသည်။

    စစ်ကော်မရှင်၏ လက်ရှိ အင်အားအလုံးအရင်းဖြင့် ရက်ရှည်လများ ထိုးစစ်ဆင်နေမှုသည် ဖလမ်းမြို့၏ ပထဝီအရ မဟာဗျူဟာ အရေးပါမှုနှင့် အုပ်ချုပ်ရေး၊ စစ်ရေးဆိုင်ရာ လိုအပ်ချက်များအတွက် ဖလမ်းမြို့နှင့် မြို့အနီးရှိ ဆုရ်းဘုန်လေဆိပ်ကို သိမ်းပိုက် နိုင်ရေး ရည်ရွယ်လုပ်ဆောင်နေသည်ဟု ICA က သုံးသပ်ထားသည်။

    တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်သည် ဆက်လက်ရှေးမတိုးနိုင်ပါက ရောက်ရှိနေသော တောတောင်နေရာများတွင် ခံတပ်အဖြစ် ကတုတ်ကျင်းများ တူဖော်းပြီး အခိုင်အမာတပ်စွဲမှု ပြုလုပ်နေကြောင်း၊ လေတပ်မှလည်း နေ့စဉ်နီးပါး ရိက္ခာနှင့် ပစ္စည်းများ ပို့ဆောင်ပေးနေကြောင်း သိရသည်။

    650234998 1517279173734464 7915677815215009018 N

    “စကမက ဖလမ်းမြို့နဲ့ ဆုရ်းဘုန်လေဆိပ်ကို ပြန်လည် ရရှိရေးအတွက် အလုံအရင်းနဲ့ ကြိုးစားလာတာ။ ဆူရ်းဘုန် လေဆိပ်ကို ပြန်လည်ထိန်းချုပ်နိုင်ခြင်းအားဖြင့် သူတို့က ချင်းပြည်နယ်မြောက်ပိုင်းမှာ လေကြောင်း ထောက်ပံ့မှုတွေ အပြည့်အဝ ပြန်လည်း ရရှိနိုင်မယ်ပေါ့နော်။ နောက်တချက်က ဖလမ်းမြို့ကို သူတို့ ပြန်လည်ထိန်းချုပ်ထားခြင်းအားဖြင့် နယ်စပ်လုံခြုံရေးအထိပါ တိုးချဲ့ လာနိုင်မယ်ပေါ့နော်။ နောက်တချက်က သူတို့ ရွေးကောက်ပွဲလည်း ပြီးသွားပြီဆိုတော့ မကြာခင် ဧပြီလထဲမှာ အစိုးရ သစ်ပြန် လည် လည်ပတ်ဖို့ ကြိုးစားနေတဲ့ပေါ်မှာလည်း အများကြီး သက်ဆိုင်နေမယ် ထင်ပါတယ်” ဟု ICA မှ ပြောရေးဆိုခွင့်ရှိသူ Salai Van Sui San က ပြောသည်။

    ဖလမ်းတိုက်ပွဲများတွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုသည် ထင်ရှားစွာ မြင့်တက်လာနေပြီး ဒရုန်းဗုံးကြဲမှု၊ အသေခံဒရုန်းအသုံးပြုမှု အပါအဝင် လေကြောင်းမှ ဗုံးကြဲမှု ၂၅၀၀ ကျော် ပြုလုပ်ခဲ့ကြောင်း၊ မြေပြင်တိုက်ပွဲအပြင် အဝေးထိန်းစနစ်အသုံးပြု စစ်ရေး မဟာဗျူဟာကို တိုးမြှင့်အသုံးပြုနေကြောင်း သိရသည်။

    တိုက်ပွဲအတွင်း လူနေအိမ်၊ ကျောင်း၊ ဘုရားကျောင်း၊ ဆေးရုံအပါအဝင် အဆောက်အဦး ၆၀ ထက်မနည်း ထိခိုက်ပျက်စီးကြောင်း သိရသည်။

  • ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းရွာတွင် စစ်တပ်၏ ဖမ်းဆီးခံထားရသည့် ပြည်သူ ၁၅၀ ခန့် ကို တော်လှန်ရေးပူးပေါင်းတပ်က ကယ်ထုတ်

    ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းရွာတွင် စစ်တပ်၏ ဖမ်းဆီးခံထားရသည့် ပြည်သူ ၁၅၀ ခန့် ကို တော်လှန်ရေးပူးပေါင်းတပ်က ကယ်ထုတ်

    ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာအတွင်း ဖမ်းဆီးခံထားရသည့် ပြည်သူ ၁၅၀ ခန့်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

    မတ်လ ၇ ရက် ညနေပိုင်းက ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာ စာသင်ကျောင်း အ တွင်း၌ စစ်တပ်က မတရားဖမ်းဆီးသတ်ဖြတ်နေသော ပြည်သူ ၃၀၀ ခန့်အနက်မှ ပြည်သူ ၁၅၀ ခန့် ကို ပဲခူးခရိုင်အမှတ် ၂ တပ်ရင်း ၊ P2-3702 နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်ကယ် ထုတ်ခဲ့ရာ ပြည်သူ ၁၅၀ ခန့်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

    “၇ ရက်နေ့ညက ကျနော်တို့ အဲဒီရွာထဲကို ဝင်သွားတယ်။ အဲဒီမှာ ရွာသားတွေ ပြန်လွတ်လာတာပါ” ဟု ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

    မတ်လ ၅ ရက် နံနက် ၅ နာရီခန့်က ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်းရွာ၊ ခရုကုန်းရွာ နှင့် ကျောင်းကုန်းကျေးရွာများသို့ စစ်ကော်မရှင် လက်အောက်ခံ တပ်မ ၇၇ ဦးဆောင်သော အင်အား ၁၀၀ ကျော် ပါ စစ်ကြောင်း ၄ ကြောင်းဖြင့် ဝင်ရောက်ခဲ့ပြီး ပြည်သူ ၃၀၀ ကျော်ကို ဓားစာခံဖမ်း ဆီး ကာ ကလေး ၃ ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး နှင့် သက်ကြီးရွယ်အိုများအပါအဝင် အပြစ်မဲ့ ပြည်သူ ၄၀ ဦးကျော် ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့ကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။

    စစ်တပ်၏ အစုလိုက် အပြုံလိုက်ဖမ်းဆီးသတ်ခြင်းခံခဲ့ရသည့် ရေတွင်းကုန်းကျေးရွာသည် ညောင် လေးပင်မြို့နှင့် ၇ မိုင်ခန့်အကွာ၊ ပိန်းဇလုပ်မြို့နှင့် ၃ မိုင်ခန့်အကွာအဝေး၌ တည်ရှိပြီး လက်ရှိအချိန် အထိ ရေတွင်းကုန်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာတို့ကို စစ်တပ်က ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်ကြောင်း သိရသည်။

    အဆိုပါ ကျေးရွာများအတွင်း၌ ဓားစာခံဖမ်းဆီးခံထားရသည့် ပြည်သူများလည်း ဆက်ရှိနေဆဲ ဖြစ်ပြီး အချို့ကို ငွေတောင်းကာ ပြန်လွှတ်ပေးသူများလည်းရှိကြောင်း၊ ထို့အပြင် စစ်တပ်က ပစ်ခတ်ပြီး သေ ဆုံးခြင်းမရှိဘဲ အပြင်းအထန်ဒဏ်ရာရရှိသူ အချို့ကိုလည်း ပိန်းဇလုပ်ဆေးရုံသို့ တင်ပို့ထားသူ များလည်းရှိကြောင်း သိရသည်။

    ၂၀၂၆ ခုနှစ် ၊မတ်လ ၅ ရက်နေ့ မနက်(၅)နာရီဝန်းကျင်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ(၇၇) ဦးဆောင်သော အင်အား ၁၀၀ပါ စစ်ကြောင်း ၄ ကြောင်းသည် ကာမီကာဇေ ၊ လက်နက်ကြီး၊ ဒရုန်း နှင့်လေယာဉ်များအသုံးပြုကာ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်းနှင့်ကျောင်းကုန်း ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။

    အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာများအတွင်းရှိ ပြည်သူ (၃၀၀) ကျော်အား ဓားစာခံအဖြစ်ဖမ်းဆီးထားခဲ့ပြီး ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်။

    ၎င်းတို့ ၏ ညှင်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှုများကြောင့် ကလေး (၃) ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦး နှင့် သက်ကြီးရွယ်အိုများအပါအဝင် အပြစ်မဲ့ပြည်သူ (၄၀)ဦး ကျော်သေဆုံးခဲ့သည်။

    ပဲခူးတိုင်းစစ်ဌာန

    အမှတ်(၂)စစ်ဆင်ရေးနယ်မြေ

    ပြည်သူကိုအစုလိုက်သတ်တဲ့ကောင်တွေကို ပြန်ချတာ

    ညောင်လေးပင် ပြည်သူကယ်ထုတ်မစ်ရှင်

    လူသားဒိုင်းအဖြစ်ပြည်သူတွေ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

    မနေ့က ညောင်လေးပင် ကျောက်ကြီးဘက်မှာ တပ်မတော်က စစ်ကြောင်းထိုး နယ်မြေရှင်းရင်း စိတ်ခံစားချက်အလျောက် ပစ်ခတ်လိုက်လို့ အရပ်သား (၄၀)ကျော် သေဆုံးသွားခဲ့တယ်။

    အဲ့တာ အရပ်သားတွေကို ခုလိုလုပ်ရပါ့မလားဆိုပြီး မကျေနပ်ချက်နဲ့ညတွင်းချင်းပဲ PDF က စခ စခန်းတွေကိုဝင်စီးတာ စခ (၉၀)ဝန်းကျင် ကျဆုံးသွားတယ်။

    ခုမနက်ဈာပနလုပ်ဖို့ပြင်နေတယ်။

  • NUG မြေအောက်ဆေးရုံတွေ လုံခြုံဘေးကင်းစွာရှိနေတယ်လို့ ဒေါက်တာဇော်ဝေစိုးအသိပေး

    NUG မြေအောက်ဆေးရုံတွေ လုံခြုံဘေးကင်းစွာရှိနေတယ်လို့ ဒေါက်တာဇော်ဝေစိုးအသိပေး

    အမျိုးသားညီညွတ်ရေးအစိုးရ-NUGကတည်ဆောက်နေတဲ့ Undergroundပရော့ဂျက်ထဲက မြေ‌အောက်ဆေးရုံ၊ဆေးခန်းတွေဟာ ဘေးကင်းလုံခြုံစွာရှိနေတယ်လို့ အဲ့ဒီပရော့ဂျက်ကိုဦးဆောင်နေသူ NUG ဝန်ကြီးချုပ်ရုံးဝန်ကြီး ‌ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။

    ပြီးခဲ့တဲ့လ ဖေဖော်ဝါရီ တတိယပတ်က မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းက NUGရဲ့မြေအောက်ဆေးရုံတခုကို စစ်အုပ်စုဘက်ကမိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီမိုင်းခွဲခံခဲ့ရတဲ့မြေအောက်ဆေးရုံဟာ အခုလုပ်နေတဲ့ Safe hospital, Safe healthcareပရော့ဂျက်နဲ့တည်ဆောက်ထားတာမဟုတ်ဘဲ အရင်ထဲကတည်ဆောက်ထားပြီးတဲ့ ဆေးရုံဖြစ်တယ်လို့ ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။

    “safe hospital, safe healthcareပရော့ဂျက်နဲ့ ပြည်သူမှပြည်သူသို့နဲ့ဆောက်နေတဲ့ဆေးရုံတွေက အခုအားလုံး ဘယ်ဆေးရုံမှမပျက်မဆီးဘဲနဲ့ ပြည်သူလူထုကို၊ ဒီတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေပါတယ်လို့ ဆရာကပြည်သူလူထုကိုအသိပေးချင်တယ်။ ဟိုတလောကဖြစ်သွားတဲ့ဆေးရုံဟာ အဲ့ဒီပရော့ဂျက်ထဲက ဆေးရုံမဟုတ်ဘူး။ ဒီဟာက အဲ့ပရော့ဂျက်မတိုင်ခင်ထဲကလုပ်နေတဲ့ ဆေးရုံတရုံဖြစ်တယ်။ ဒီဟာက ဆရာတို့အနေနဲ့ဆိုရင် အဲ့ဒီနေရာကိုဦးစားပေးပြီးရွေးထားတာမဟုတ်ဘူး။ ဘာလို့လဲဆို‌တော့ ရန်သူစစ်ကြောင်းတွေရောက်နိုင်တဲ့နေရာ၊ လက်နက်ကြီးတွေထိနိုင်တဲ့နေရာဖြစ်နေတော့ ဆရာတို့အဲ့ဒီနေရာမျိုးကိုရွေးပြီး undergroundဆေးရုံ၊ စောစောကဗုံးကြဲခံနိုင်တဲ့ဆေးရုံမဆောက်ထားဘူးလို့ ဒါအသိပေးချင်တယ်”လို့ ဒေါက်တာဇော်ဝေစိုးက အခု မတ်လ ၈ရက်က ပြည်သူမှပြည်သူသို့ ဖြေကြားခြင်းအစီအစဉ်မှာပြောထားတာဖြစ်ပါတယ်။

    ဒါ့အပြင် အခုလုပ်နေတဲ့မြေအောက်ဆေးရုံပရော့ဂျက်မှာ နိုင်ငံတကာအကူအညီမပါဝင်ဘဲ တော်လှန်ပြည်သူလူထုအားနဲ့ ဒေါ်လာ၈သိန်းရခဲ့တာရှိပြီး အဲ့ဒါနဲ့တည်ဆောက်နေတာဖြစ်ကြောင်းနဲ့ တည်ဆောက်တဲ့နေရာတွေမှာလည်း ရန်သူစစ်ကြောင်းထိုးနိုင်တဲ့နေရာမပါဝင်ဘူးလို့ပြောပါတယ်။

    “Undergroundဆေးရုံတွေ အခုကျနော်တို့ဆောက်နေတယ်။ Undergroundဆေးရုံတွေဆောက်တဲ့ထဲမှာ သတ်မှတ်ထားတဲ့ထဲမှာ ရန်သူစစ်ကြောင်းထိုးနိုင်တဲ့နေရာတွေမပါပါဘူး။ အဲ့ဒါတွေအစထဲက ဖယ်ထားပြီးသားဖြစ်ပါတယ်။ ဒါကြောင့်အခုပြည်သူ့ရဲ့အားနဲ့တည်ဆောက်နေတဲ့ ဆေးရုံတွေထဲမှာ safe hospital, safe healthcareတွေဟာ အခုထက်ထိလုံခြုံစွာနဲ့ရှိနေတယ်။ ရှေ့ဆက်ပြီးတော့ တည်ဆောက်မှုတွေနဲ့လုံခြုံစွာနဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုပေးနေတယ်လို့ ပြည်သူကိုအသိပေးချင်ပါတယ် ”
    ဒါပေမယ့် ဘယ်နေရာမှာပဲဖြစ်ဖြစ် တော်လှန်ရေးထဲမှာကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ တော်လှန်ရေးဆေးရုံ၊ ဆေးခန်းတွေရဲ့လုံခြုံရေးကိုတော့ အထူးဦးစားပေးဆောင်ရွက်နေတယ်လို့လည်း ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။

    ဖေဖော်ဝါရီ ၁၉ရက်မှာမိုင်းခွဲဖျက်ဆီးခံလိုက်ရတဲ့ နွားထိုးကြီးမြို့နယ်ရှိNUGမြေအောက်ဆေးရုံဟာ ၂၀၂၄ခုနှစ်ကုန်ပိုင်းမှာစတင်လည်ပတ်ခဲ့တဲ့ ကုတင်တစ်ရာဆန့်ဆေးရုံဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရလို့ ဆေးရုံ၊ဆေးခန်းသွားရခက်ခဲတဲ့ဒေသကလူတွေ၊ PDFတွေ၊စစ်ဘေးရှောင်တွေ အများအပြားကို အဲ့ဒီဆေးရုံမှာကုသကယ်ဆယ်ပေးနိုင်ခဲ့တယ်လို့ ဆေးရုံမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာဝန်တစ်ဦးကလည်း သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားတာကို တွေ့ရပါတယ်။

    စစ်အုပ်စုဟာ ဆေးရုံ၊ဆေးခန်းနဲ့ ဆရာဝန်၊သူနာပြုတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် လုံခြုံစေဖို့နဲ့ဗုံးကြဲဒဏ်ခံနိုင်မယ့် မြေအောက်ဆေးရုံ၊ဆေးခန်းတွေတည်ဆောက်သွားမှာဖြစ်ကြောင်းကို ၂၀၂၅၊ မေလမှာ ဒေါက်တာဇော်ဝေစိုးကအသိပေးခဲ့တာဖြစ်ပါတယ်။

    ဓါတ်ပုံ-ဒေါက်တာဇော်ဝေစိုး