အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ် (Kim Aris) က လက်ရှိတွင် ထိန်းသိမ်းခံထားရဆဲဖြစ်သည့် ၎င်း၏ သက်ကြီးရွယ်အို မိခင်ဖြစ်သူကို ပြန်လည်တွေ့ဆုံခွင့်ပေးရန် တောင်းဆိုလိုက်သည်။

“ကျနော့်ဖခင်ဟာ အဲဒီအချိန်က ကျနော့်မိခင် အကျဉ်းကျနေတာကြောင့် သူမကို နောက်ထပ်ပြန်မတွေ့ရဘဲ ကွယ်လွန်သွားခဲ့ရပါတယ်။ ကျနော်ကတော့ သူမကို နောက်တစ်ကြိမ် ပြန်တွေ့ခွင့်ရဖို့နဲ့ သူမ ကျန်းမာရေးကောင်းမွန်ကြောင်း သိခွင့်ရဖို့ပဲ ရိုးရိုးရှင်းရှင်း လိုချင်တာပါ”ဟု ကိုထိန်လင်းက အမေရိကန် NPR သတင်းဌာနထံသို့ ပြောဆိုသည်။

ကိုထိန်လင်း၏ ဖခင် ဗြိတိန်ပညာရှင် မိုက်ကယ်အဲရစ် (Michael Aris) သည် ၁၉၉၉ ခုနှစ်၊ လန်ဒန်မြို့ရှိ ၎င်း၏ ၅၃ နှစ်မြောက် မွေးနေ့တွင် ဆီးကျိတ်ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။ ထိုစဉ်က မြန်မာစစ်တပ်က မိုက်ကယ်အဲရစ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် နောက်ဆုံးအကြိမ် တွေ့ဆုံရန်အတွက် ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမ ပြည်ပသို့ထွက်ခွာပါက စစ်ဗိုလ်ချုပ်များက ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်မည်ကို စိုးရိမ်သောကြောင့် တိုင်းပြည်မှထွက်ခွာရန် ငြင်းဆန်ခဲ့သည်။

ယခုအခါ အသက် ၈၀ အရွယ်ရှိပြီဖြစ်သော နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုအတွင်း စစ်တပ်က သူမဦးဆောင်သည့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချပြီးကတည်းက ထိန်းသိမ်းခံထားရခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က မတရားသော ပုဒ်မများဖြင့် ထောင်ဒဏ် နှစ်ရှည် ချမှတ်ထားပြီး ယင်းသည် မတရားသော ပြစ်ဒဏ်များအဖြစ် နိုင်ငံတကာက ပြစ်တင်ရှုတ်ချကြသည်။ သူမကို ပြင်ပလောကနှင့် ဆက်သွယ်ခွင့်လည်း ပိတ်ပင်ထားပါသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့တွင် မြန်မာစစ်ကောင်စီက သူမကို အကျဉ်းထောင်မှ နေအိမ်အချုပ်သို့ ပြောင်းရွှေ့လိုက်ပြီဟု အခိုင်အမာ ပြောကြားခဲ့သော်လည်း ယင်းကြေညာချက်ကို ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုက သံသယဖြင့် တုံ့ပြန်ခဲ့ပြီး ယင်းသည် အမှန်တကယ်ဖြစ်ကြောင်း သက်သေအထောက်အထား မရှိဟု ဆိုသည်။

ကိုထိန်လင်းက သူမ ဖမ်းဆီးခံရပြီးကတည်းက မိခင်နှင့် ဆက်သွယ်မှု လုံးဝနီးပါး မရှိခဲ့ဘဲ လွန်ခဲ့သော ၃ နှစ်နီးပါးက ဆင်ဆာဖြတ်ထားသည့် စာတစ်စောင်ကိုသာ တစ်ကြိမ်တည်း ရရှိခဲ့ကြောင်း ပြောသည်။ ယင်းစာထဲတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်ရှိ သူမ၏ အကျဉ်းခန်းအတွင်းမှ ဆောင်းရာသီ၏ အအေးဒဏ်နှင့် နွေရာသီ၏ အပူဒဏ်ကဲ့သို့သော ရာသီဥတု အပြောင်းအလဲများကို ဖော်ပြရုံမှတစ်ပါး များများစားစား မပြောခဲ့ပါ။

“အခုချိန်မှာတော့ ကျနော် သူမကို ချစ်တဲ့အကြောင်း၊ ကျနော်တို့အားလုံး သူမကို အများကြီး လွမ်းနေတဲ့အကြောင်းနဲ့ သူမ ကျန်းမာပါစေလို့ မျှော်လင့်တဲ့အကြောင်းပဲ ပြောချင်ပါတယ်” ဟု အကယ်၍ စကားပြောခွင့်ရခဲ့လျှင် ဘာပြောမလဲဆိုသည့် မေးခွန်းကို ကိုထိန်လင်းကပြန်လည် ဖြေကြားသည်။

ပြီးခဲ့သည့် ငါးနှစ်အတွင်း မိခင်ဖြစ်သူ၏ ကျန်းမာရေးနှင့် ပတ်သက်၍ နှလုံးရောဂါ အခြေအနေ ပိုမိုဆိုးရွားလာနိုင်သည့် အစီရင်ခံစာများ အပါအဝင် စိတ်အနှောင့်အယှက်ဖြစ်ဖွယ် သတင်းများကို ရရှိခဲ့ကြောင်း ကိုထိန်လင်းက ဆိုသည်။

“ဗမာပြည် (မြန်မာနိုင်ငံ၏ ယခင်အမည်ကို သုံးနှုန်း၍) က အကျဉ်းထောင်ထဲမှာ အကျဉ်းကျနေသရွေ့ သူမ လိုအပ်တဲ့ ဆေးကုသမှုတွေကို ရရှိမှာမဟုတ်ဘူးဆိုတာ ကျနော် သိပါတယ်” ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေအိမ်အချုပ်သို့ ပြောင်းရွှေ့လိုက်သည်ဟူသော ကြေညာချက်သည် ၎င်းအတွက် စိတ်အေးရမှု မရှိကြောင်း သူကဆက် ပြောသည်။

လက်ရှိအချိန်အထိ စစ်တပ်က သူမကို ဖမ်းဆီးထားရာ နေအိမ်သစ် တည်နေရာကို ထုတ်ဖော်ခြင်းမရှိသလို၊ ပြုံးရွှင်နေသည့် ဒေါ်အောင်ဆန်းစုကြည်က အရာရှိနှစ်ဦးနှင့်အတူ ထိုင်နေသည့် ရက်စွဲမပါသော ဗီဒီယိုရုပ်ပုံကိုသာ ပြသခဲ့သည်။ လေ့လာစောင့်ကြည့်သူများက ယင်းပုံသည် လက်ရှိပုံ ဟုတ်၊ မဟုတ် မေးခွန်းထုတ်နေကြသည်။

“စစ်တပ်ဟာ ဒီလိုနည်းဗျူဟာမျိုးတွေကို ဆယ်စုနှစ်ပေါင်းများစွာ အကြိမ်ကြိမ် သုံးစွဲခဲ့တာပါ။ ပြောခဲ့သမျှ ဘယ်အရာကိုမှ ကျနော် မယုံကြည်နိုင်ပါဘူး” ဟု ကိုထိန်လင်းက ရှင်းပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြောရေးဆိုခွင့်ရှိသူ နေဘုန်းလတ်ကလည်း ယင်းသံသယကို ထပ်ဆင့်အတည်ပြုပြီး ဒေါ်အောင်ဆန်းစုကြည်၏ တည်နေရာကို အတည်မပြုနိုင်သေးကြောင်း သူက ဆိုသည်။

“စစ်ကောင်စီဟာ သူမကို ဓားစာခံတစ်ယောက်လို ဆက်ဆံနေတာပါ။ သူမကို ပြန်လွှတ်ပေးတာနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို လဲလှယ်ဖို့ သူတို့ စီစဉ်နေကြတာပါ” ဟု ၎င်းက ဆိုသည်။

International Crisis Group မှ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအတိုင်ပင်ခံ သောမတ်စ်ကင်း (Thomas Kean) က ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ ပြောင်းရွှေ့လိုက်ခြင်းမှာ မကြာသေးမီက ပြုလုပ်ခဲ့သည့် ရွေးကောက် ပွဲနှင့် ဆက်စပ်နေသည့် တွက်ချက်ထားသော လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဟု ဆိုသောနေရာသို့ ပြောင်းရွှေ့ခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံတကာ မိတ်ဖက်များနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်အောင် လုပ်ဆောင်ရန် ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်သလို၊ သူမကို အမည်ခံ ခေါင်းဆောင်အဖြစ် ထားရှိခြင်းဖြင့် ရရှိနေသော NUG ၏ တရားဝင်မှုကို လျှော့ချရေး အသုံးချရန် အလားအလာရှိကြောင်း ကင်းက ဆိုသည်။

“နေအိမ်အကျယ်ချုပ်အောက်မှာ သူမအနေနဲ့ လွတ်လပ်မှု အများကြီး ရဖို့ကတော့ မဖြစ်နိုင်သလောက်ပါပဲ” ဟု ကင်းက ပြောသည်။

မင်းအောင်လှိုင်က သူမ၏ သြဇာအာဏာကို ဆက်လက် သတိထားနေဆဲဖြစ်ကြောင်း၊ ၎င်းအနေဖြင့် “ပိုမို ခိုင်မာ သော အနေအထားတွင် ရှိနေပြီဟု မခံစားရမချင်း” ရွေးချယ်ထားသော နိုင်ငံတကာ ဧည့်သည်အချို့ကိုသာ သူမနှင့် တွေ့ဆုံခွင့် ပေးဖွယ်ရှိကြောင်း သူက သုံးသပ်ပြောဆိုသည်။


Leave a Reply

Your email address will not be published. Required fields are marked *