Category: News

  • စက်မှုဇုန်တွေကို မီတာခ တစ်ယူနစ် ၉၀၀ တိုးကောက်ပြီး LNG နဲ့ ၂၄ နာရီမီးပေးမယ်လို့ စစ်အုပ်စုထုတ်ပြန်

    စက်မှုဇုန်တွေကို မီတာခ တစ်ယူနစ် ၉၀၀ တိုးကောက်ပြီး LNG နဲ့ ၂၄ နာရီမီးပေးမယ်လို့ စစ်အုပ်စုထုတ်ပြန်

    စက်မှုဇုန်တွေ နဲ့ အထူးစီးပွားရေးဇုန်တွေ အတွက် သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံတွေ နဲ့ ၂၄ နာရီ လျှပ်စစ်ဖြန့် ဝေပြီး မီတာခ တစ်ယူနစ် ၉၀၀ တိုးမြှင့် ကောက်ခံမယ်လို့ စစ်အုပ်စု က ထုတ်ပြန်ထားပါတယ်။

    စစ်အုပ်စုရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့တာပြီး သီလဝါနဲ့ တခြား စက်မှုဇုန်တွေကိုလည်းအကြောင်းကြားထားတယ်လို့ သိရပါတယ်။

    အဆိုပါ သတ်မှတ်နှုန်းထားကစက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန်တွေအတွက်သာ ဖြစ်ပြီး အိမ်သုံးမီတာခနှုန်းထားတွေကိုတော့ ယခင်အတိုင်း ဆက်လက်ကောက်ခံသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

    စက်မှုဇုန်တွေအပြင် အိမ်ရာစီမံကိန်းတွေ၊ ကွန်ဒိုတွေနဲ့ ဟိုတယ်လုပ်ငန်းတွေကိုလည်း လျှပ်စစ်မီတာခ တယူနစ် ၉၀၀ ကျပ်နှုန်း ကောက်ခံသွားမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က ထုတ်ပြန်ထားပါသေးတယ်။

    “၂၄ နာရီ မီးရမယ်ဆိုတာ လုပ်ငန်းရှင်တွေဘက်က ကြိုဆိုရမယ့် အချက်ပါ။ တကယ်ပဲ ၂၄ နာရီ တည်ငြိမ်စွာပေးနိုင်မယ်ဆိုရင် အချို့လုပ်ငန်းတွေ အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် စနစ်ပိုင်းဆိုင်ရာ ပြတ်တောက်မှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် အခုလြု ဈေးနှုန်းအမြင့်နှုန်းပေးပြီး မီးမပြည့်ဝရတာမျိုး မဖြစ်စေချင်ပါဘူး” လို့ စက်မှုဇုန်အတွင်း ထုတ်လုပ်ရေးလုပ် ငန်းရှင်တစ်ဦးက ပြောပါတယ်။

    ဒါပေမယ့် တစ်ယူနစ် ၉၀၀ ကျပ်ဆိုတာ လက်ရှိကုန်ကျ စရိတ်မြင့်တက်နေတဲ့ အခြေအနေမှာ အလွန်မြင့်တဲ့နှုန်း ထားတစ်ခုဖြစ်နေပြီး အထူးသဖြင့် အထည်ချုပ်လို လျှပ်စစ်အသုံးများတဲ့ လုပ်ငန်းတွေမှာ ထုတ်လုပ်မှုကုန်ကျစရိတ် တက်လာနိုင်သလို နောက်ဆုံး ကုန်ဈေးနှုန်းတက်သွားနိုင်တဲ့ အန္တရာယ်လည်း ရှိတယ်လို့ သူကဆက်ပြောပါတယ်။

    လက်ရှိ စက်မှုဇုန်တွေမှာ ကောက်ခံနေတဲ့ မီတာခ နူန်းထားက တယူနစ်မှ ၅၀၀၀ ယူနစ်အထိကို ၂၅၀ ကျပ်ဖြစ်ပြီး ၅၀၀၁ ယူနစ်မှ ၂၀၀၀၀ ယူနစ်အထိကို ၄၀၀ ကျပ် နဲ့ ၂၀၀၀၁ ယူနစ် နဲ့ အထက်ကို ၅၀၀ ကျပ်အထိသာ အများဆုံး ကောက်ခံနေတာ ဖြစ်တယ်လို့ သိရပါတယ် ။

    ရန်ကုန်တိုင်းမှာတော့ စက်မှုဇုန် ၂၉ ဇုန်ရှိပြီးစက်မှုဇုန်တွေကို အရင်ကပေးထားတဲ့ လျှပ်စစ်မီးကိုတော့ အများပြည်သူကို ပေးမှာဖြစ်တာကြောင့် အရင်ကထက် မီးပြတ်တောက်မှု နည်းပါးသွားမယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန က ဆိုထားပါတယ်။

  • မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်၏အဖွဲ့သားများ စီးနင်းလာသည့်ကားကို PDF တိုက်ခိုက်၍ ငါးဦးသေဆုံး

    မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်၏အဖွဲ့သားများ စီးနင်းလာသည့်ကားကို PDF တိုက်ခိုက်၍ ငါးဦးသေဆုံး

    ညောင်ဦး-မြင်းခြံလမ်းပိုင်းတွင် မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်၏ အဖွဲ့သားများ စီးနင်းလိုက်ပါလာသည့်ကားကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က တိုက်ခိုက်၍ ငါးဦးသေဆုံးသွားကြောင်း ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် Pakokku Special Task Force က ထုတ်ပြန်ထားသည်။

    TDYM Mm News 2

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စစ်ကော်မရှင် လက်ပါးစေ မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်၏ အဖွဲ့သားများ စီးနင်းလိုက်ပါလာသည့်ကားကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ ရဲဘော်ဒီးနှင့် ရဲဘော် ဓာတ်ဗူး ဦးဆောင်သည့် ရဲဘော် (၁၀)ဦးက ညောင်ဦး-မြင်းခြံလမ်းပိုင်းတစ်နေရာအရောက်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

    ထိုတိုက်ခိုက်မှုတွင် စစ်ကော်မရှင်အဖွဲ့ဝင် ငါးဦး‌သေဆုံးပြီး G4 သေနတ်တစ်လက်၊ ကာဘိုင် နှစ်လက်နှင့် ကျည်အများအပြားသိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

    TDYM Mm News 3

    တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    အဆိုပါတိုက်ခိုက်မှုကို Pakokku Special Task Force(ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပကဖ)၊ Bagan Nyaung Oo Special Task Force အဖွဲ့နှင့် မကွေးတိုင်းပကဖ အမှတ်(၄) အထူးလှုပ်ရှားစစ်ကြောင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

  • အီရန်ကိုတိုက်ခိုက်မှု ချက်ချင်းရပ်ရန် တရုတ်နှင့် ရုရှား တိုက်တွန်း

    အီရန်ကိုတိုက်ခိုက်မှု ချက်ချင်းရပ်ရန် တရုတ်နှင့် ရုရှား တိုက်တွန်း

    အီရန်နိုင်ငံအား အမေရိကန်- အစ္စရေး တိုက်ခိုက်မှုအပေါ် စိုးရိမ်ကြောင်း တရုတ်၊ ရုရှားနိုင်ငံတို့က ထုတ်ဖော်ပြောဆိုခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ချက်ချင်းပြုလုပ်ရန် နှစ်ဖက်စလုံးကို တောင်းဆိုကာ တင်းမာမှုများ ရှောင်ရှားရန်နှင့် ဆွေးနွေးပွဲများပြန်လည်စတင်ရန် တိုက်တွန်းထားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

    အီရန်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးကို လေးစားသင့်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယမန်နေ့ကြေညာချက်တွင် ဖော်ပြထားပြီး တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းအေဂျင်စီကလည်း ယင်းတိုက်ခိုက်မှုကို “အချုပ်အခြာအာဏာပိုင် နိုင်ငံတခုအပေါ် ဗြောင်ကျကျရန်လို ကျူးကျော်ခြင်း” ဟု ဝေဖန်ထားသည်။

    ထို့ပြင် ဝါရှင်တန်၏ စစ်ရေးအရ အကျပ်ကိုင်ခြင်းသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများအား ထင်ရှားစွာ ချိုးဖောက်ခြင်းဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစံနှုန်းများမှ သွေဖည်နေကြောင်း ဆင်ဟွာက ဆိုသည်။

    ရုရှားနိုင်ငံကလည်း အဆိုပါ တိုက်ခိုက်မှုအပေါ် ကြိုတင်ကြံစည်ထားသော အကြောင်းမဲ့ ကျူးကျော်တိုက်ခိုက်မှုအဖြစ် ရှုတ်ချထားပြီး စစ်ရေးချက်ချင်းရပ်၍ သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် တောင်းဆိုထားသည်။

    ထိုသို့ စစ်ရေးအရှိန်မြင့်လာမှုအပေါ် ရှုတ်ချပြီး ရန်လိုမှုများ ချင်ချင်းရပ်တန့်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယမန်နေ့တွင် ထုတ်ဖော်ပြောဆိုထားသလို အီရန်၏နောက်ဆက်တွဲ လက်တုံ့ပြန်မှုသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

    ပုံစာ- တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အီရန် ခေါင်းဆောင် ခါမေနီတို့ တွေ့ဆုံခဲ့စဉ်

  • အီရန်စစ်ပွဲရဲ့ မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်ချေများ

    အီရန်စစ်ပွဲရဲ့ မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်ချေများ

    ဒေါက်တာ Zaw Naing မေးတဲ့ မေးခွန်းရဲ့အဖြေအနေနဲ့ အမေရိကန်+အစ္စရေးနဲ့ အီရန်ရဲ့ စစ်ပွဲအနေဖြင့် မြန်မာနိုင်ငံအပေါ်သက်ရောက်လာနိုင်ချေများကို ကျနော်တစ်ဦးထဲရဲ့ အမြင်အရ သုံးသပ်ကြည့်ရရင်-

    (၁) စက်သုံးဆီစျေးနှုန်း

    မြန်မာနိုင်ငံဟာ စက်သုံးဆီကို ပြည်ပကနေ အဓိက တင်သွင်းနေရတာကြောင့် ကမ္ဘာ့ရေနံစျေး တက်တာနဲ့အမျှ ပြည်တွင်းစက်သုံးဆီစျေးနှုန်းတွေ မြင့်တက်လာနိုင်ပါတယ်။

    (၂) ကုန်စျေးနှုန်း

    စက်သုံးဆီစျေးတက်ရင် သယ်ယူပို့ဆောင်ရေးစရိတ် တက်လာပြီး၊ နောက်ဆက်တွဲအနေနဲ့ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်း စျေးနှုန်းတွေကိုပါ သက်ရာက်မှု ရှိလာနိုင်ပါတယ်။

    (၃) အလုပ်သမားများ၏ ဘေးအန္တရာယ်

    အရှေ့အလယ်ပိုင်းနိုင်ငံတွေ (ဥပမာ – ယူအေအီး၊ ကာတာ၊ ကူဝိတ်) မှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ထောင်ပေါင်းများစွာ ရှိပါတယ်။ စစ်ပွဲဧရိယာ ကျယ်ပြန့်လာရင် သူတို့ရဲ့ လုံခြုံရေး စိုးရိမ်ရသလို၊ အလုပ်အကိုင်တွေ ရပ်နားရတဲ့အတွက် မိသားစုဆီ ပြန်ပို့နေတဲ့ ငွေကြေးစီးဆင်းမှုတွေ အခက်အခဲဖြစ်နိုင်ပါတယ်။

    (၄) ရွှေစျေးနှုန်း

    ကမ္ဘာ့နိုင်ငံရေး မတည်ငြိမ်တဲ့အခါ ရင်းနှီးမြှုပ်နှံသူတွေဟာ ရွှေကို အန္တရာယ် ကင်းတဲ့ ပိုင်ဆိုင်မှုအဖြစ် ဝယ်ယူ စုဆောင်းလေ့ရှိပါတယ်။ ဒါကြောင့် ကမ္ဘာ့ရွှေစျေး တက်လာမှာဖြစ်ပြီး မြန်မာ့ရွှေစျေးဟာလည်း သက်ရောက်မှုရှိနိုင်ပါတယ်။

    (၅) ဒေါ်လာစျေး

    စစ်ပွဲကြောင့် အမေရိကန်ဒေါ်လာဈေးနှုန်းအပြောင်းအလဲဖြစ်ခြင်းနဲ့အတူ ပြည်တွင်းငွေကြေးလဲလှယ်နှုန်းမှာလည်း သက်ရောက်မှုဖြစ်လာနိုင်ပါတယ်။

    (၆) နိုင်ငံတကာဆက်ဆံရေး

    အီရန်ဟာ တရုတ်ရဲ့ အဓိက မဟာမိတ်ဖြစ်သလို၊ မြန်မာနိုင်ငံဟာလည်း တရုတ်ရဲ့ မဟာမိတ်ဖြစ်ပါတယ်။ စစ်ပွဲဖြစ်ရင် အမေရိကန်နဲ့ တရုတ်ကြား တင်းမာမှု ပိုကြီးလာနိုင်ပြီး မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ နိုင်ငံတကာ ဆက်ဆံရေးတွေမှာ ဖိအားတွေ ရှိလာနိုင်ပါတယ်။

    (၇) အာရုံလွှဲပြောင်းမှု

    ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက အရှေ့အလယ်ပိုင်းအရေးကိုပဲ အာရုံစိုက်သွားကြတဲ့အတွက် မြန်မာ့အရေးဟာ နိုင်ငံတကာ မျက်နှာစာမှာ အလေးပေးခံရမှု လျော့နည်းသွားနိုင်ပါတယ်။

    ခြုံငုံကြည့်မယ်ဆိုရင် အခြား ကဏ္ဍတွေထက် မြန်မာနိုင်ငံအတွက် “စီးပွားရေးအရ ဝန်ထုပ်ဝန်ပိုး ပိုကြီးမားလာခြင်း” က အဓိက သက်ရောက်နိုင်ပါတယ်လို့ သုံးသပ်မိပါတယ်ဗျာ။

    မေတ္တာဖြင့် ဥက္ကာမြင့်

  • ပြည်တွင်းဘဏ်များတွင် ငွေသားထုတ်ယူမှု ပြန်လည်တင်းကျပ်လာ၊ တစ်ကြိမ်လျှင် ကျပ်သိန်း ၃၀ သာ အများဆုံးထုတ်ပေး၍ လုပ်ငန်းရှင်များ အခက်ကြုံ

    ပြည်တွင်းဘဏ်များတွင် ငွေသားထုတ်ယူမှု ပြန်လည်တင်းကျပ်လာ၊ တစ်ကြိမ်လျှင် ကျပ်သိန်း ၃၀ သာ အများဆုံးထုတ်ပေး၍ လုပ်ငန်းရှင်များ အခက်ကြုံ

    မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကဘဏ်များတွင် ငွေသားထုတ်ယူမှု ပြန်လည်ခက်ခဲလာပြီး ဘဏ်တစ်ခု လျှင် တစ်ကြိမ်ထုတ်ယူပါက ကျပ်သိန်း ၃၀ ခန့်သာ အကန့်အသတ်ဖြင့် ထုတ်ပေးနေသည့်အတွက် အသေးစား လုပ်ငန်းရှင်များနှင့် အများပြည်သူများ အခက်အခဲဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။

    လကုန်ရက်နှင့် တိုက်ဆိုင်နေသည့် ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်အများစုတွင် ငွေသားထုတ်ယူရာ၌ ယခင်ကထက် ပိုမိုတင်းကျပ်လာခြင်းဖြစ်သည်။

    “ဒီတစ်ပတ် ငွေထုတ်ရတာ ပိုခက်လာတယ်။ ဘဏ်ထဲမှာ အပ်ငွေမရှိလို့ အများကြီး မထုတ်ပေးနိုင်ဘူးလို့ ဘဏ်က ပြောတာပဲ။ ဘဏ်မန်နေဂျာနဲ့ ရင်းနှီးတဲ့ လုပ်ငန်းအကောင့်ဆိုရင်တောင် ကျပ်သိန်း ၅၀ လောက်ပဲ တစ်ခါထုတ်ပေးတယ်” ဟု ရန်ကုန်မြို့ခံ အသေးစားငွေချေးလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး တစ်ဦးက ပြောသည်။

    လက်ရှိတွင် ဘဏ်များက ငွေသားကို ကျပ်သိန်း ၂၀ မှ ၃၀ ကြားသာ ကန့်သတ်ထုတ်ပေးနေသဖြင့် လုပ်ငန်းရှင်အချို့မှာ တစ်ရက်လျှင် ဘဏ် သုံး ခု မှ လေးခုအထိ လှည့်လည်၍ ငွေထုတ်ယူနေရကြောင်း သိရသည်။

    အခြားတစ်ဖက်တွင်လည်း လမ်းဘေးရှိ ATM စက်များ၌ ငွေသားဖြည့်တင်းထားမှု မရှိသဖြင့် အခြေခံ ဝန်ထမ်းများမှာ ဘဏ်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများမှတစ်ဆင့် ရာခိုင်နှုန်းပေး၍ ငွေသားထုတ်ယူ နေရသည်။

    “ATM စက်တွေက ပိုက်ဆံထုတ်မရဘူး။ KBZ ဘဏ်ထဲမှာ KPay ကနေ ၁ ရာခိုင်နှုန်းပေးပြီး ထုတ်လိုက်ရတယ်။ ဘဏ်ကပါ ၁ ရာခိုင်နှုန်း ယူလာတော့ အပြင်မှာလည်း ရာခိုင်နှုန်းတွေ ပိုတက်သွား မလား စိုးရိမ်ရတယ်။ အခုထိတော့ တစ်သိန်းကို တစ်ထောင် (၁%) ပေးနေရတုန်းပဲ” ဟု ကုမ္ပဏီဝန်ထမ်း တစ်ဦးက ဆိုသည်။

    အထူးသဖြင့် အသုံးပြုသူအများဆုံးဖြစ်သည့် ကမ္ဘောဇဘဏ် (KBZ) ကဲ့သို့သော ဘဏ်များတွင် ငွေထုတ်ယူရန် အချိန်အတော်ကြာ စောင့်ဆိုင်းနေရပြီး ဘဏ်အားလုံး၏ ဝန်ဆောင်မှုမှာ လိုအပ်ချက် များစွာ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

    ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်မှာ ယိုင်နဲ့လာခဲ့ပြီး ငွေသားထုတ်ယူရာတွင် ရာခိုင်နှုန်းပေးရသည့်စနစ်နှင့် အကန့်အသတ်ဖြင့် ထုတ်ပေးသည့်စနစ်များ ကြောင့် ပြည်သူများမှာ ယနေ့တိုင် ငွေကြေးကျပ်တည်းမှုဒဏ်ကို ခံစားနေရခြင်း ဖြစ်သည်။