Category: News

  • ကားတိမ်းမှောက်မှု ဖြစ်စဉ်ကို မပျံ့နှံ့စေရန် ခရီးစဉ်မှာပါတဲ့ ဧည့်သည်တွေကို တဖက်လှည့်ဖြင့် ခြိမ်းခြောက်

    ကားတိမ်းမှောက်မှု ဖြစ်စဉ်ကို မပျံ့နှံ့စေရန် ခရီးစဉ်မှာပါတဲ့ ဧည့်သည်တွေကို တဖက်လှည့်ဖြင့် ခြိမ်းခြောက်

    ၂ လပိုင်း ၁၂ ရက်နေ့မှာ ထွက်ခဲ့ ကလော- တောင်ကြီး – အင်းလေး- ပင်းတယ ခရီးစဉ်မှာ ကားတိမ်းမှောက်ခဲ့ ပေမယ့် တာဝန်ယူ တာဝန်ခံမှု မရှိတဲ့ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းအကြောင်း ရှောင်ရှားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

    ဖြစ်စဉ်မှာ ကလော မရောက်ခင် နန့်ပန်တက်နှင့်ယင်မာပင်ကြား၊ ​ရေယားပွိုင့်မ​ရောက်ခင် မနက် ၅ ခွဲ ဝန်းကျင်မှာ ကားသမားက ဆီ​ဘောက်ဆာကို​ရှောင်တယ်လို့​ ပြောပေမယ့် ကားသမားကိုယ်တိုင် ကားကိုအရှိန်မနိုင်ဘဲ ယုံကြည်မှု လွန်ကဲလို့သာ ဖြစ်ရတာလို့လည်း ကိုယ်တိုင် ကြုံတွေရသူတွေက ပြောပါတယ်။

    ခရီးစဉ်အတွင်းမှာ ခရီးသည် ၂၆ ဦး လိုက်ပါခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်ကိုလည်း အားလုံးက ကျေနပ်ခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။

    “ကားမှောက်မှုဖြစ်စဉ်အတွင်း ​ခြေ​ထောက်ကျိူး စတီးရိုးထည့်ရတဲ့သူ၊ ​ခေါင်းအချက် ၅၀ ချူပ်ပြီး မျက်နှာအသားအစားထိုး ချုပ်ရတာရှိတယ်၊ ဒါ့အပြင် က​လေး၂​ယောက် ပါပြီး 1 နှစ် 7 လ အရွယ်က လက်ကျိုးသွားခဲ့ကာ ၊ 2 နှစ် 7 လအရွယ်က​ ခေါင်းကို 9 ချက်ချုပ်ခဲ့ရတယ်၊ ကားပိတဲ့သူ၊ နံရိုးကျိုးတဲ့လူအပြင် မျက်နှာစုတ်ပြတ်သတ်သွားတာရှိတယ်” လို့ ခရီးစဉ်အတွင်း လိုက်ပါခဲ့တဲ့ ဧည့်သည်တဦးက ပြောပါတယ်။

    ယခုအခါ အဲ့ဒီ Tour က ယင်းမပင်စခန်း(က​လော)မှာ အဲ့ tour က အမှုပိတ်ဖို့ ကြိုးစား​နေပြီး၊ ကား​မှောက်စဉ်က ဧည့်သည်များအပေါ် တာဝန်ယူမယ်​​ ပြောပေမယ့် ယခုအခါတဦးကို 175000​ ကျပ်သာ လျော်ပေးပီး ​တာဝန်မဲ့စွာ လုပ်​နေတယ်လို့ ဆိုပါတယ်။

    ခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ တာဝန်ရှိသူများ ဖြစ်တဲ့ ကားက ကားနံပတ် မှာ 2R-9259 ၊ ကားမောင်းသူ ကိုပြည့်ဖြိုးဖြစ်ပြီး ခရီးစဉ်တာဝန်ခံမှာ ကို​အောင်​နွေဦးတို့ဖြစ်ပါတယ်။

  • ပေါက်မြို့လာနေတဲ့ စစ်တပ်ရိက္ခာယာဥ်တန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေ

    ပေါက်မြို့လာနေတဲ့ စစ်တပ်ရိက္ခာယာဥ်တန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေ

    မကွေးတိုင်း၊ ပေါက်မြို့ကို လာနေတဲ့ စစ်တပ်ရိက္ခာယာဥ်တန်းကို တိုက်ခိုက်နေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

    ရိက္ခာနဲ့စစ်ကား အစီးရေ ၁၃၀ကျော်ပါတဲ့ ယာဥ်တန်းဟာ ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)ကနေ ဆိပ်ဖြူမြို့နယ်ဖြတ်ပြီး ပေါက်မြို့နယ်တောင်ပိုင်းကတဆင့် မြို့အတွင်းဝင်ဖို့ကြိုးစားနေတာလို့ ဆိုပါတယ်။

    “ယာကြီးပြင်ပျူရွာရောက်ပြီ။ပေါက်မြို့ဘက်ကို ဒီနေ့ ရှေ့ပြေးစထွက်နေပြီ”လို့ ပေါက်မြို့နယ်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

    ဒါအပြင် ယာကြီးပြင်ကျေးရွာကနေ ပေါက်မြို့ပေါ်ကို ရောက်ဖို့ (၅)မိုင်ဝန်းကျင် လိုသေးတယ်လို့ အသိပေးပါတယ်။

    အဲဒီယာဥ်တန်းအတွက် ရှေ့ပြေးရှင်းလင်းတဲ့ စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အခုမတ် ၁၃ ရက်က တိုက်ပွဲစဖြစ်တယ်လို့ သိရပါတယ်။

    “၁၃ရက်နေ့က သုံးယောက်(စစ်ကောင်စီတပ်သား)သေတယ်။မနေ့က ဒရုန်းတွေနဲ့သူတို့ဘက်က တိုက်တယ်”လို့ ပေါက်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    စစ်တပ်ယာဥ်တန်းမှာ တပ်သားအင်အားအပြည့်ပါတဲ့ ကားအစီးရေ ၃၀ကျော်နဲ့ ရိက္ခာတွေ တင်ထားတဲ့ ယာဥ်တွေအပါအဝင် စုစုပေါင်း အစီး ၁၃၀ ကျော်ပါတယ်လို့ အသိပေးပါတယ်။

    “ယာဥ်တန်းရည်မှန်းချက်ကတော့ ပေါက်မြို့နယ်ထဲမှာပျူရွာတွေရှိတယ်။ များတယ်ပေါ့နော်။ ပျူရွာက မကွေး တိုင်းထဲမှာပျူရွာအများဆုံးမြို့ဖြစ်တယ်။အဲ့ကရွာတွေကို PDF တွေက ပတ်လည်ပိတ်ဆို့ရိက္ခာဖြတ်ထားတယ်”လို့ ပေါက်မြို့နယ်သတင်းရင်းမြစ်က ရှင်းပြပါတယ်။

    ပေါက်မြို့ကတဆင့် ကပစ(၂၄)ကို သွားတာ ဒါမှမဟုတ် ပေါက်မြို့ကနေ ပျူစောထီးကျေးရွာတွေကို ဖြန့်ခွဲသွား တမျိုးလည်းဖြစ်နိုင်တယ်လို့ မကွေးတိုင်းစစ်ရေးစောင့်ကြည့်သူက သုံးသပ်ပါတယ်။

    “၂၄(ကပစ ၂၄)ဆိုတာလဲ ခန့်မှန်းဆဲပဲရှိသေးတာ အပြောင်းလဲဖြစ်နိုင်လို့ စောင့်ကြည့်ရဦးမယ်။ ချင်းပြည်ကို ယာဥ်တန်းမတတ်မှလမ်းဆုံးတယ် ပြောရမယ်”လို့ သူက ပြောပါတယ်။

    မနှစ်က ၂၀၂၅ ဇူလိုင်ကတည်းက ပခုက္ကူတပ်မ(၁၀၁)ကနေ မျှားပိုင်းကျေးရွာအနီးရှိတဲ့ ကပစ(၂၄)ကို စစ်တပ်က အင်အား ၁၀၀၀ ဝန်းကျင် ပို့ခဲ့တာရှိပါတယ်။

    အဲဒီဖြစ်စဥ်မှာ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာတွေကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံးတာအပြင် လက်နက်ခဲယမ်းအချို့ သိမ်းနိုင်ခဲ့တာ ရှိပါတယ်။

    စစ်တပ်က အရေးပေါ်ကြေညာထားတဲ့ ၆၃ မြို့နယ်မှာ ပေါက်မြို့နယ် ပါဝင်ပြီး မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပါတယ်။

    (ပေါက်မြို့ကို လာနေတဲ့ စစ်တပ်ရိက္ခာယာဥ်တန်းက ကားတစ်စီးကို တွေ့ရစဉ်။ ဓာတ်ပုံ – ဆိပ်ဖြူမီဒီယာ)

  • အိမ်တွင်းရေးကိစ္စကြောင့် ကိုယ့်အိမ်ကို လူငှားကာ ဓားပြတိုက်ခိုင်းမှု မန္တလေးမှာ ဖြစ်ပွား

    အိမ်တွင်းရေးကိစ္စကြောင့် ကိုယ့်အိမ်ကို လူငှားကာ ဓားပြတိုက်ခိုင်းမှု မန္တလေးမှာ ဖြစ်ပွား

    အိမ်တွင်းရေးကိစ္စကြောင့် ကိုယ့်အိမ်ကို လူငှားကာ ဓားပြတိုက်ခိုင်းမှု မန္တလေးမှာ ဖြစ်ပွား

    မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်မှာ ကိုယ့်အိမ်ကို လူငှားပြီး ဓားပြတိုက်ခိုင်းတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    မတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်က အမရဌာနီ အရှေ့ရပ်ကွက်၊ အကွက် (၂၂)၊ ၇၆×၇၈ လမ်းကြား၊ ၈×၉ လမ်းကြားက ဦးသောင်းအေး ဆိုသူရဲ့နေအိမ်ကို ပစ္စည်းလာပို့သူပုံစံ ဟန်ဆောင်ထားတဲ့ လူ ၂ ယောက်က ဓားပြဝင်တိုက်သွားတယ်လို့ သိရပါတယ်။

    ဓားပြအတိုက်ခံရတာကြောင့် ငွေသား ကျပ်သိန်း ၂၀၀ ကျော်နဲ့ ရွှေထည်ပစ္စည်းတွေ ပါသွားတယ်လို့ ဆိုပါတယ်။

    “ကြားတာတော့ အဲ့ဒီပစ္စည်းပို့သမား ၂ ယောက်က အိမ်မှာရှိတဲ့ ကလေး ၃ ယောက်ထဲက တယောက်ကို ဖမ်းချုပ်ပြီး ပိုက်ဆံတွေနဲ့ ရွှေတွေထားတဲ့ သေတ္တာသော့ကို တောင်းတယ်။ သော့ပေးလိုက်တော့ အထဲကပစ္စည်းတွေ အကုန်သယ်သွားတယ်။ ဓားပြတွေက လူငယ်ပိုင်းတွေထဲကလို့ ပြောတယ်၊ အိမ်မှာက အမျိုးသမီးတယောက်နဲ့ ကလေး ၃ ယောက်ပဲ ရှိနေတဲ့အချိန် ဖြစ်တာ” လို့ ဒေသခံတဦး ပြောပါတယ်။

    ဓားပြတိုက်ခံရတဲ့အချိန် အမျိုးသမီးဖြစ်သူနဲ့ ကလေးငယ် ၃ ယောက်သာ နေအိမ်မှာရှိပြီး ငွေသား ကျပ်သိန်း ၂၂၀၊ ရွှေ ၅ ကျပ်သား ၂ တုံး၊ လက်ဝတ်လက်စား ရွှေထည်ပစ္စည်း ၆ မျိုးနဲ့ ကျောက်စိမ်းပွင့် ၅၀ တို့ကို ဓားပြတွေက ယူဆောင်သွားတယ်လို့ဆိုကာ ရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

    စစ်ကော်မရှင် ရဲတပ်ဖွဲ့က CCTV မှတ်တမ်းတွေနဲ့ ဓားပြတိုက်ခံရတဲ့ နေအိမ်ကို စစ်ဆေးရှာဖွေခဲ့ပြီး ဓားပြတိုက်ခံရတယ်ဆိုတာ လိမ်လည်တိုင်ကြားတာဖြစ်ကြောင်းနဲ့ ဓားပြတွေဟာလည်း လုပ်ကြံငှားရမ်းထားသူတွေဆိုတာ ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

    လတ်တလောမှာ အိမ်တွင်းရေးကိစ္စကြောင့် လုပ်ဇာတ်ခင်းကာ ရဲစခန်းကို တိုင်ကြားခဲ့တဲ့သူနဲ့ ဓားပြဟန်ဆောင်တိုက်ရန် အခကြေးငွေနဲ့ ငှားရမ်းထားသူ ၂ ဦးကိုပါ စစ်ကော်မရှင်ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ သိရှိရပါတယ်။

  • စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့သည့် ရေးမြို့နယ်က အမတ ၃၁၆ တပ်ရင်း စစ်ဆေးရေးဂိတ် (ရုပ်သံ)

    စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့သည့် ရေးမြို့နယ်က အမတ ၃၁၆ တပ်ရင်း စစ်ဆေးရေးဂိတ် (ရုပ်သံ)

    မတ်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်က မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ အမတ ၃၁၆ တပ်ရင်းစစ်ဆေးရေး ဂိတ်ကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

    အဆိုပါ စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီသား ၃ဦး နေရာတွင် သေဆုံးခဲ့ပြီး ရေးဘီလူး အဖွဲ့မှာ ထိခိုက်မှု မရှိဘဲ ဆုတ်ခွာခဲ့ကြောင်း သိရသည်။

    တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ တပ်သား ၃ ဦး သေဆုံးပြီး ပျူစောထီး ခေါင်းဆောင်တစ်ဦးလည်း ထိခိုက် ဒဏ်ရာ ရရှိကာ ရေးမြို့နယ် ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း သိရှိရသည်။

    ရုပ်သံ-ရေးဘီလူးတပ်ဖွဲ့

  • မြဝတီမှာ မိသားစုလိုက် အစာအဆိပ်သင့်ပြီး ကလေးနှစ်ယောက်သေ

    မြဝတီမှာ မိသားစုလိုက် အစာအဆိပ်သင့်ပြီး ကလေးနှစ်ယောက်သေ

    ခြောက်ယောက်ဆေးကုသမှုခံယူနေရ

    ကရင်ပြည်နယ် ၊ မြဝတီမြို့မှာ မိသားစုလိုက် အစာအဆိပ်သင့်ပြီး ကလေးနှစ်ယောက်သေဆုံးကာ နောက်ထပ်ခြောက်ယောက် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

    မနေ့က မတ်လ ၁၅ ရက်နေ့မှာ ကြက်သားဟင်းချက်စားရာမှာ ဆားကိုထည့်ရမယ့်အစား ဆိုဒီယမ်နိုက်ထရိုက်အမှုန့်ကို ထည့်ပြီးချက်စားခဲ့တဲ့အတွက် အစာအဆိပ်သင့်ပြီး အသက် ၁၂ နှစ်အရွယ်နဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ်နှစ်ယောက်သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

    “ဖြစ်တာက သာမန်လက်လုပ်လက်စား မိသားစုပါ။ ကြက်သားထဲကို ဆိုဒီယမ်နိုက်ထရိုက် အထုတ်ထည့်စားတာကနေ ဖြစ်တာလို့သိရတယ်။ အဲဒီအထုတ်ကလည်း ကျားဖြန့်ဆိုက်တွေက ကောက်လာတာလား ဘာလားတော့ မသိဘူး။ ကလေးနှစ်ယောက်က ဆေးရုံရောက်လာကတည်းက အသက်မပါတော့ဘူးသိရတယ်။ ” လို့ ဒေသခံက ပြောပါတယ်။

    အဆိုပါ အစာအဆိပ်သင့်ခဲ့တဲ့ မိသားစုဟာ မြဝတီမြို့ အမှတ် ၄ ရပ်ကွက်က ဖြစ်ပြီး လက်ရှိမှာ အစာအဆိပ်သင့်မှုကြောင့် မိဘတွေအပါအဝင် မိသားစုဝင်ခြောက်​ယောက်ဟာ မြဝတီဆေးရုံကြီးမှာ ကူသမှုခံယူနေရဆဲဖြစ်ပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ သိရပါတယ်။

    ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေမှာ ငါးပူတင်းကို ချက်စားခဲ့တဲ့ သားအဖနှစ်ယောက်လည်း အစာအဆိပ်သင့်ပြီး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    ဓာတ်ပုံ – CJ