ဝဲကြီးကျေးရွာ စကစခန့် အုပ်ချုပ်ရေးမှူးမှ လင်ရှိမယား ကလေး(၃)ယောက်အမေအား ခိုးယူထွက်ပြေးသွားမှုကြောင့် အုပ်မှူး၏ကိုယ်ကျင့်တရားပျက်ယွင်းမှုနှင့် အဂတိလိုက်စားမှုများအပေါ် ကျေးရွာနေပြည်သူများမကျေနပ်
ဧရာဝတီတိုင်း၊မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအုန်းမြင့်သည် အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးအား ရွှေထည်ပစ္စည်းများနှင့်အတူ ခေါ်ဆောင်ထွက်ပြေးသွားသည့်အပြင်၊
ကျေးရွာအတွင်း ကောက်ခံထားသည့် စစ်မှုထမ်းငွေ၊ ကျေးရွာမီးလင်းရေး ရန်ပုံငွေများပါယူဆောင်သွားကြောင်း သိရသည်။
ဝဲကြီးကျေးရွာအုပ်ချုပ်ရေးမှူးအုန်းမြင့်သည် သားကွင်းကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာရှိ ကလေး ၃ ဦးမိခင် အိမ်ထောင်ရှင်အမျိုးသမီး မအေးမြဝင်း အား ခေါ်ဆောင်၍ ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်သွားခြင်း ဖြစ်သည်။
၎င်းအမျိုးသမီးနှင့်အတူ ကာလတန်ဖိုး သိန်း၂၀၀ ခန့်ရှိသော ရွှေထည်ပစ္စည်းများလည်း ပါရှိသွားကြောင်း သိရသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ နစ်နာသူခင်ပွန်းဖြစ်သူက သားကွင်းကျေးရွာအုပ်ချုပ်ရေးမှူးမြင့်လှိုင်ထံ သွားရောက်တိုင်ကြားခဲ့သော်လည်း
တစ်စုံတစ်ရာ ထိရောက်စွာ ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် မိသားစုဝင်များက စိတ်ပျက်လျက်ရှိကြောင်း သိရသည်။
အုပ်မှူးအုန်းမြင့်သည် ဇနီးဖြစ်သူ ဒေါ်ကြည်အေး ကွယ်လွန်သည်မှာ လဝက်ပင်မရှိသေးမီ ဒေါ်ကြည်အေး၏ညီမတော်စပ်သူ မအေးမြဝင်း လင်ရှိကလေး(၃)ဦးအမေ အား ယခုလို ခိုးယူထွက်ပြေးခဲ့ခြင်းခြင်းဖြစ်ကြောင်း သိရသည်။
ကျေးရွာအတွင်းရှိ အမျိုးသမီးတစ်ဦးအားလည်း ကိုယ်ထိလက်ရောက် ကျူးလွန်မှုများ ရှိခဲ့ကြောင်း သိရသည်။
၎င်းတွင် တပ်ကြပ်ကြီးအဆင့်ရှိသော သားဖြစ်သူရှိပြီး၊ သားဖြစ်သူ၏ အရှိန်အဝါကို အသုံးချကာ ရွာအတွင်း မိုက်လုံးထွားမှုများ ပြုလုပ်နေကြောင်း သိရသည်။
ထို့အပြင် ဝဲကြီးကျေးရွာအုပ်ချုပ်ရေးမှူး အုန်းမြင့်သည် အုပ်ချုပ်ရေးအာဏာကို အသုံးချကာ စစ်မှုထမ်းကြေးကို သမီးရှိသော အိမ်ထောင်စုများထံမှ ၈၀၀၀၀ ကျပ်၊ သားနှစ်ဦးရှိသော အိမ်ထောင်စုများထံမှ (၂)သိန်းကျပ် အထိ ကျေးရွာအတွင်း ငွေကြေးများ အဓမ္မကောက်ခံနေသူဖြစ်၍ ဒေသခံပြည်သူများက သူ့ကို မကျေနပ်ကြကြောင်းသိရသည်။


Leave a Reply