Category: News

  • မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ကင်းပုန်းဝပ်နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးထက်မနည်းသေဆုံးဟုဆို

    မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ကင်းပုန်းဝပ်နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးထက်မနည်းသေဆုံးဟုဆို

    ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ကင်းပုန်းဝပ်နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးထက်မနည်းသေဆုံးဟုဆို

    စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမကြီးဘေးရှိ အဆောက်အအုံတစ်ခုအတွင်း ကင်းပုန်းဝပ်နေသော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်အချိန် ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးလမ်းပိုင်း တနေရာရှိ ပြည်သူပိုင်အဆောက်အဦး ၁ လုံးအတွင်း၌ ကင်းပုန်းဝပ်ရန် အကြမ်းဖက်စစ်သား ၂ ဦး ရောက်ရှိလာပြီး စစ်ဆေးကြည့်ရှုခဲ့ကြောင်း၊ ၅ မိနစ်ခန့်အကြာတွင် ယင်းအကြမ်းဖက်စစ်သား ၂ ဦး ပြန်လည်ထွက်သွားပြီးနောက် ၃ မိနစ်ခန့်အကြာ ချောင်းဦးမြို့တွင်းမှ ဖောကားအဖြူရောင် ၂ စီးဖြင့် အကြမ်းဖက်စစ်သား ၃၀ ခန့်ရှိလာခဲ့ကြောင်း သိရသည်။

    ထိုသို့ ရောက်ရှိလာပြီးနောက် အကြမ်းဖက်စစ်သားများ အသီးသီးနေရာယူရန် ပြင်ဆင်နေစဉ် ချောင်းဦးမြို့နယ် ပကဖ တိုက် ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ ၄ မှရဲဘော်များက အဆောက် အအုံ အဝင်တွင် မိုင်း ၂ လုံး၊ အဆောက်အအုံနှင့် မုံရွာ မန္တလေးလမ်းမကြီးအကြား မိုင်း ၂ လုံး တို့ဖြင့် တပြိုင်တည် တည်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးထက်မနည်းသေဆုံးသွားကြောင်း သိရသည်။

    “ချောင်းဦးမြို့ထဲကနေထွက်တဲ့စခတွေပဲ၊ ကျနော်တို့ယူဆတာတော့ မုံရွာ-မန္တလေးလမ်းကြောင်းမှာ လမ်းကြောင်းရှိပုံရတယ်၊ ပုံမှန်လည်းအဲလိုလမ်းကြောင်းရှိတဲ့အခါမှာ ကင်းပုန်းထွက်နေကြ။ ၂ ဦးက အဆောက်အအုံအတွင်းကို ပထမဆုံးလာကြည့်တဲ့သဘောပဲ၊ သူတို့ကင်းယူမယ့်နေရာကို ခဏလာ ကြည့်ပြီးတော့ ပြန်ထွက်သွားချင်းချင်းပဲ ၃ မိနစ်လောက်ပဲကြာမှာ ဖောကား ၂ စီးနဲ့ အင်အားရောက် လာတာ၊ ရောက်ရောက်ချင်း နေရာယူကြဖို့ပြင်နေတုန်း တချို့အဆောက်အအုံထဲဝင်နေတုန်း တချို့ လမ်းပေါ်မှာရှိနေတဲ့အချိန် ၄ လုံးပဒေသာမိုင်းနဲ့ဆွဲတာ။ အဆောက်အုံထဲမှာလည်း သေတာရှိတယ်၊ လမ်းပေါ်မှာလည်းအလောင်းတွေရှိတယ်၊ ဒဏ်ရာရတဲ့သူတွေကို ဦးစားပေးပြီးတော့ ချောင်းဦးမြို့ထဲသယ်သွားပြီ။ အလောင်းတွေကတော့ အခုချိန်အထိ မကောက်နိုင်သေးဘူး။ လက်ရှိ မျက်မြင်ကတော့ ၇ ဦးရှိတယ်၊ ဒါ့ထက်ပိုမယ်တိတိကျကျတော့မသိရသေးဘူး။” ဟု ချောင်းဦးမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ထို့အပြင် သေဆုံးဒဏ်ရာရ အကြမ်းဖက်စစ်သားများကို သယ်ယူရန် ကင်းပုန်းထွက်လာသော အကြမ်းဖက်စစ်သားများနှင့် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁ ဦး ထက်မံသေဆုံးခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက် စစ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    “မျက်မြင်သေတာက ထိတွေ့တိုက်ပွဲမှာရောဆိုရင် ၈ ဦးရှိတယ်၊ အဆောက်အအုံထဲမှာလည်း အ လောင်းတွေတော်တော်များတယ်လို့ သတင်းရထားတယ်။ ဖောကား ၂ စီးနဲ့ဆိုတော့ အင်အားက ခန့်မှန်းခြေ ၂၀ နဲ့ ၃၀ ကြားရှိမယ်၊ ထိတွေ့မှုက အလောင်းကောက်ဖို့နဲ့ ဒဏ်ရာရသူတွေသယ်ဖို့ အတွက် ထပ်ပြီးတော့ ကင်းထပ်တိုးတဲ့အချိန်မှာ ကျနော်တို့ ကင်းပုန်းရဲဘော်နဲ့တွေ့ပြီးတော့ ထိတွေ့ မှုဖြစ်တာ၊ သူတို့ဘက်ကလက်နက်ကြီးပစ်ခတ်မှုတော့ရှိတယ်၊ ဒါပေမယ့် ကျနော်တို့ရဲဘော်တွေ အန္တရာယ်ကင်းပါတယ်။” ဟု ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    စစ်တပ်စစ်ကြောင်း မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သားများ သေဆုံးမှုများပြားသည့်အပြင် ဗိုလ် ၁ ဦးအပါအဝင် အကြမ်းဖက်စစ်သား ၁၀ ဦးခန့် ချောင်းဦမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိနေ ကြောင်း သိရသည်။

    တော်လှန်ရေးတပ်များ၏ စစ်ဆင်ရေး တိုင်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားအင်အားတိုးမြှင့်ကာ စစ်ဆေးမှုများ ပြုလုပ်နေ သည့်အပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေသောကြောင့် မုံရွာ -မန္တလေးလမ်းကို အသုံးပြု သွားလာနေကြသော ခရီးသွားပြည်သူသူများအနေဖြင့် စစ်ရေး ၊ အသိ ၊ သတိထားဆင်ခြင်၍ သွားလာကြပါရန် တိုက်တွန်းမေတ္တာရပ်ခံ ထားသည်။

  • အောင်ဇေယျတပ်ကုန်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင်  ၆ ဦး ပြင်းထန်ဒဏ်ရာရ

    အောင်ဇေယျတပ်ကုန်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး ပြင်းထန်ဒဏ်ရာရ

    အောင်ဇေယျတပ်ကုန်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး ပြင်းထန်ဒဏ်ရာရ

    စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် အောင်ဇေယျတပ်ကုန်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဗျူဟာ(၄၇ ) တာဝန်ရှိသူထံက သိရသည်။

    ယမန်နေ့ ( ဇန်နဝါရီ ၁၇ ရက်) ညနေ ၃ နာရီအချိန်တွင် မုံရွာ- ယာကြီးလမ်းမဘေးရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို Fixed- Wing ဒရုန်းအမျိုးအစားဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    “စစ်တပ်စစ်ဆေးရေးဂိတ်နေရာတွေကို ထောက်လှမ်းမှုတွေ လုပ်ပြီးမှ တိုက်ခိုက်ခဲ့တာပါ။ ပစ်မှတ်တွေကို ဒရုန်းအသုံးပြုပြီး တိတိကျကျ ဗုံးကြဲချနိုင်ခဲ့တယ်” ဟု ဗျူဟာ(၄၇) သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းလေးစီးဖြင့် ဗုံးရှစ်ကြိမ်ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “စစ်ဆေးရေးဂိတ် ဗုံးခွဲခံရတယ် စစ်သားတွေ အထိအခိုက်များတယ်လို့ သိရတယ်။ ဗုံးကွဲတဲ့ အသံတွေလည်း ဆက်တိုက်ကြားလိုက်ရတယ်” ဟု တပ်ကုန်းနှင့် နီးစပ်သည့် ဒေသခံတဦးက မဇ္စျိမကိုပြောသည်။

    အောင်ဇေယျတပ်ကုန်းသည် မုံရွာမြို့ အနောက်ဘက်ကမ်းတွင်ရှိပြီး အမှတ် (၂၈ ) ရဲတပ်ရင်းနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(န.မ.ခ) အနီးတွင် တည်ရှိကာ အငြိမ်းစား(ပင်စင်) စစ်သားများ အများဆုံးနေထိုင်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ၎င်းအငြိမ်းစားများကိုစစ်‌ေကာင်စီက လက်နက်ပြန်လည် တပ်ဆင်ပေးထားခြင်းဖြစ်သည်။

    အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ (၄၇) ၊ ဗျူဟာ (၄၅) ၊ယင်းမာပင်ခရိုင်တပ်ရင်း (၁၆) ၊ NPDF ၊ B21 နှင့် နယ်မြေခံအဖွဲ့စည်းများ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်‌ေကာင်စီတပ်ဘက်မှ လက်နက်ကြီးများ တန်ပြန်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

    ယင်းမာပင်မြို့နယ်တွင် အောင်ဇေယျတပ်ကုန်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူထိခိုက်သေဆုံးမှု ဖြစ်စဉ် နှစ်ကြိမ် ဖြစ်ပွားခဲ့သေးသည်။

    ပုံအညွှန်း – ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်က ပြုလုပ်သည့် ဒရုန်းစစ်ဆင်ရေးအတွင်း ဗျူဟာ-၄၇ မှ ရဲဘော်များကို တွေ့ရစဉ်

  • ရွှေ​သောင်ယံမြို့နယ်တိုက်ပွဲတွင် စစ်တပ် စစ်​ကြောင်း တစ်​ကြောင်း ​သေဆုံးထိခိုက်သူအများအပြားဖြင့် တပ်ဆုတ်

    ရွှေ​သောင်ယံမြို့နယ်တိုက်ပွဲတွင် စစ်တပ် စစ်​ကြောင်း တစ်​ကြောင်း ​သေဆုံးထိခိုက်သူအများအပြားဖြင့် တပ်ဆုတ်

    ဂွမြို့နယ်စပ် နှင့် ရွှေသောင်ယံမြို့နယ်အတွင်း ခံစစ်အတွက် စစ်ရေယာဉ်ဖြင့် ပို့‌ဆောင်လိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်သည် သေဆုံးဒဏ်ရာရအများအပြားဖြင့် ရွှေသောင်ယံ-ပုသိမ်လမ်း၊ ဂွ-ငါးသိုင်းချောင်းလမ်းအတိုင်း ပြန်ဆုတ်ခွာလာကြောင်း ​စုံစမ်းသိရသည်။

    “ဟိုရက်က တက်သွားတဲ့ သင်္ဘော ပြန်ဝင်လာပြီ။ အတိုအပြတ်တွေ အများကြီးပဲ။ ကားတွေနဲ့ တိုက်သယ်နေတယ်။ ဒေသခံတွေရဲ့ စက်လှေတွေ၊ ကားတွေကို ချောဆွဲပြီး သယ်နေတယ်” ဟု ယင်းအခြေအနေကို သိထားသည့် သတင်းရင်းမြစ်ကပြောသည်။

    အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဂွ နှင့် ရွှေသောင်ယံနယ်စပ်၌ တိုက်ပွဲပြင်းထန်နေစဉ် ဇန်နဝါရီ ၈ ရက်၊ ၉ ရက်၊ ၁၀ရက်တို့တွင် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းအပြင် ခြေလျင်စစ်ကြောင်းဖြင်ပါ အင်အားတိုးခဲ့ခြင်းဖြစ်သည်။

    တိုက်ပွဲအတွင်း သေဆုံးသူများ နှင့် ဒဏ်ရာရသူများကို ရွှေသောင်ယံ-ပုသိမ်လမ်း၊ ဂွ-ငါးသိုင်းချောင်းလမ်းအတိုင်း ဇန်နဝါရီလ ၁၇ရက် ည‌နေမှစ၍ စစ်ကောင်စီက သယ်ဆောင်ခြင်းဖြစ်သည်။

    “ငါးသိုင်းချောင်းလမ်းက သယ်လာသူတွေကို လက်ဆင့်ကမ်းသယ်ဖို့ပုသိမ်က ချောဆွဲခံရတဲ့လူနာတင်ကားတွေ အများကြီးရောက်လာတယ်” ဟု ‌ငါးသိုင်းချောင်းမြို့ခံတစ်ဦးကပြောသည်။

    စစ်ကောင်စီတပ်သည် ဂွနှင့် ရွှေသောင်ယံနယ်စပ်မှ မူလက ၎င်းတို့ တပ်စွဲထားသည့် နေရာများမှ အစုအဖွဲ့လိုက်ဆုတ်ခွာနေပြီဟု စုံစမ်းသိရှိရသည်။

    လက်ရှိတွင် မည်သည့်နေရာများ၌ တိုက်ပွဲဖြစ်နေသည်ကို အသေးစိတ် မသိရသေးသော်လည်း ရွှေသောင်ယံမြို့နယ်၊ ဘောမိကျေးရွာတွင် ဇန်နဝါရီလ ၁၆ ရက်ညက တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီကလေကြောင်းမှခုခံတိုက်ခိုက်ခဲ့သည်။

    ဘောမိကျေးရွာသည် ရွှေ သောင်ယံမြို့နယ်အတွင်း စစ်ကောင်စီခံစစ်ပြင်ထားသည့်နေရာများအနက် တစ်ခု ဖြစ်သည်။ ဘောမိရွာမှ စစ်ကောင်စီစခန်းကို PDF ပူးပေါင်းတပ်က သိမ်းယူလိုက်ပြီဖြစ်သည်။

    ရွှေသောင်ယံမြို့နယ်၊ ဝက်သေကမ်းခြေတွင် စစ်ကောင်စီ ခံစစ် ဆက်ရှိနေသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ပထမလပတ်က တိုက်ပွဲတွင်လည်းစစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူများအနက် ရာထူးအကြီးပိုင်းများလည်းပါဝင်ခဲ့ပြီး လုံခြုံရေးယာဉ်တန်း ၁၅စီး ဝန်းရံထားသည့် စစ်တပ်သုံးလူနာတင်ကားဖြင့် ‌လာရောက်ခေါ်ဆောင်ခဲ့​ကြောင်း ​သတင်းရင်းမြစ်အချို့က​ပြောသည်။ကား၁၆စီးအနည်းဆုံးပါသည့် စစ်ကောင်စီ ယာဥ်တန်းဖြင့် ချောင်းသာ- ရွှေသောင်ယံ -မကျီးဇင်ကမ်းခြေပတ်လမ်းအတိုင်း မောင်းနှင်လာပြီး တိုက်ပွဲအတွင်းဒဏ်ရာရသူများကို လာရောက်ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

    (စစ်တပ်အာဏာသိမ်းပြီး​နောက် ​ဒေသတစ်ခုတွင် စစ်​ကြောင်းထိုး​နေ​သော စစ်​ကြောင်းတ​ကြောင်း။ ဓါတ်ပုံ-စစ်​ကောင်စီ)

  • ရွှေသောင်ယံမြို့နယ်၊ဘောမိရွာတွင် တိုက်ပွဲပြင်းထန်

    ရွှေသောင်ယံမြို့နယ်၊ဘောမိရွာတွင် တိုက်ပွဲပြင်းထန်

    ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း ရက်အနည်းငယ်အကြာ တိုက်ပွဲငြိမ်သက်ခဲ့ပြီးနောက် ဇန်နဝါရီ၁၆ရက်ညနက်ပိုင်းမှစ၍ ဘောမိကျေးရွာအနီး၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီက လေကြောင်းမှပါ ခုခံတိုက်ခိုက်ခဲ့သည်။

    ဘောမိကျေးရွာသည် ရွှေသောင်ယံမြို့ပေါ်နှင့် ၁၅ မိုင်ခန့်သာဝေးပြီး တိုက်ပွဲနှင့် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သတင်းရရှိသည်။

    “ဘောမိရွာမှာ ဖြစ်နေတာ။ လေကြောင်းက ပစ်လို့ အိမ်တွေ ပျက်စီးတယ်။ လူတွေထိခိုက်မှုရှိ ၊မရှိကတော့ ပြေးလွှားနေရတုန်းကိုမသိနိုင်သေးဘူး။ အခုက စစ်ရှောင်တွေက ရွှေသောင်ယံမြို့ပေါ်ကိုအများကြီးရောက်လာတာ” ဟု ဒေသခံတဦးကပြောသည်။

    တိုက်ပွဲမှာ အလွန်ပြင်းထန်ပြီး ဘောမိကျေးရွာချောင်းဖျားထိပ်တွင် အနီးကပ်တိုက်ပွဲဖြစ်ပွားနေခြင်းဟု သတင်းရရှိသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ပထမလပတ်က ဂွနှင့် ရွှေ သောင်ယံနယ်စပ်အနီးရှိ ကုလားချောင်း၊ ကျောက်ချွန်၊ ပေါက်တူးကွင်းအပြင် မကျီးဇင်ကျေးရွာအနီး၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မကျီးဇင်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းရော၊ ရေတပ်မှပါ ပစ်ခတ်ခဲ့သည်။ အရပ်သားသေဆုံးမှုရှိခဲ့သည်ဟုသတင်းကြားရသော်လည်း အသေးစိတ်မသိရှိရပေ။

    ရွှေသောင်ယံမြို့နယ်အတွင်း ဇန်နဝါရီလ ၁၂ ရက်မှစ၍ တိုက်ပွဲငြိမ်သက်သွားပြီး ရံဖန်ရံခါလက်နက်ကြီးပစ်ခတ်သံများကိုသာကြားခဲ့ရသည်။

    ရွှေ သောင်ယံနှင့် ဆက်စပ်နေသော သာပေါင်းမြို့နယ်အတွင်း၌မူ ပစ်ခတ်မှုများရှိခဲ့သည်။ ယခုအခါ တိုက်ပွဲသည်ဘောမိကျေးရွာအနီးတွင် ပြန်လည်ဖြစ်ပွားပြီး ရွှေ သောင်ယံမြို့နယ်အတွင်း ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

    ​ရွှေ​သောင်ယံ မြို့နယ် ဝန်းကျင်ကို Google Earth တွင်​တွေ့ရမှု

    “လက်နက်ကြီးပစ်သံတွေ ကြားနေရတုန်းပဲ”ဟု ယ‌နေ့ (ဇန်နဝါရီလ ၁၈ ရက်)မနက်ပိုင်းတွင် ဒေသခံတစ်ဦးကပြောသည်။

    စစ်ကောင်စီကရွှေသောင်ယံမြို့နယ်ဝက်သေကမ်းခြေအနီးတွင် ကြည်းရေလေ အင်အားသုံး၍ခံစစ်ပြင်ထားသည်။ စစ်သင်္ဘောများသွားလာနေသည်ကိုတွေ့ရသည်။

    မြို့ခံအများစုသည် အခြားနေရာများသို့ တိမ်းရှောင်‌နေကြသည်။

    မြို့ခံများထွက်ခွာမသွားရန်၊ ဟိုတယ်များဆက်ဖွင့်ထားရန် စစ်ကောင်စီကခြိမ်းခြောက်ဖိအားပေးနေသည်။

    ဧရာဝတီတိုင်းနှင့်ဆက်စပ်နေသော ဂွမြို့နယ်ကို အာရက္ခတပ်တော်(AA)က သိမ်းယူပြီးနောက် စစ်ကောင်စီက ရွှေသောင်ယံအပြင် သာပေါင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊ ပုသိမ်၊ဟင်္သာတမြို့မြို့နယ်တို့ဘက်တွင် အင်အားတိုးချဲ့ပြီး ခံစစ်ပြင်နေသည်။

  • အလှူလုပ်နေတဲ့ကျေးရွာကို ပျူစောထီးတွေဝင်စီးပြီး အလှူအိမ်အပါအဝင် နေအိမ် ၈လုံး မီးရှို့ဖျက်ဆီး

    အလှူလုပ်နေတဲ့ကျေးရွာကို ပျူစောထီးတွေဝင်စီးပြီး အလှူအိမ်အပါအဝင် နေအိမ် ၈လုံး မီးရှို့ဖျက်ဆီး

    ခင်ဦးမြို့နယ်မှာ အလှူလုပ်နေတဲ့ကျေးရွာကို ပျူစောထီးတွေဝင်စီးပြီး အလှူအိမ်အပါအဝင် နေအိမ် ၈လုံး မီးရှို့ဖျက်ဆီး

    ခင်ဦးမြို့နယ်၊ပျဥ်ထောင်ကျေးရွာက ပျူစောထီးတွေက ရွှေကူတဲစုကျေးရွာက အလှူပြုလုပ်နေတဲ့ နေအိမ်ကိုရိက္ခာတွေယူဆောင်ပြီး မီးရှို့ဖျက်ဆီးသွားတာမို့ အလှူအိမ်အပါအဝင် နေအိမ် ၈လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

    ဇန်နဝါရီ ၁၇ရက် မနက်၄နာရီကျော်မှာ ပျူစောထီးအများစုနေထိုင်ပြီး ပျူစောထီးရွာလို့သတ်မှတ်ခံထားရတဲ့ ပျဥ်ထောင်ကျေးရွာက အင်အား ၅၀ခန့်ပါ ပျူစောထီးတွေဟာ သေနတ်တွေ ပစ်ဖောက်ကာ ရွှေကူတဲစုကျေးရွာကို ဝင်လာတာလို့ သိရပါတယ်။

    အလှူအဝင်နေမို့ ချက်ပြုတ်နေကျချိန် ပျူစောထီးတွေက ဝင်​ရောက်စီးနင်းခြင်းဖြစ်ပြီး အလှူအိမ်အပါအဝင် အနီးနားကနေအိမ်တွေကနေပါ ရိက္ခာတွေယူဆောင်သွားတာလို့ သိရပါတယ်။

    “အလှူလုပ်မယ့်ဟာသိတဲ့အခါကျတော့ သူတို့ကစားစရာမရှိတော့ဘူးလေ။အဲတာကြောင့်မို့ သူတို့အစီစဥ်နဲ့သူတို့လာပြီး လုပ်ချင်ရာလုပ်သွားတာ “လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    ပျဥ်ထောင်ကျေးရွာဟာရွှေကူတဲစုကျေးရွာနဲ့ တစ်မိုင်ခန့်ဝေးတယ်လို့ သိရပါတယ်။

    အဲဒီရွာကို တော်လှန်ရေးတပ်​တွေ ပိတ်ဆို့ထားတာမို့ အပြင်ထွက်မရဘဲ ရိက္ခာပျက်လက်နေတာဖြစ်တယ်လို့ သိရပါတယ်။

    “လပိုင်းလောက်ကြာပြီလေ။စစ်တပ်က ရဟတ်ယာဥ်နဲ့ ရိက္ခာချပြီး ထပ်လာမပို့တော့တာ။အဲတာကြောင့် လုတာ”လို့ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

    အဲဒီပျူစောထီးတွေဟာ ရိက္ခာတွေသယ်ယူပြီးတဲ့နောက်နေအိမ်တွေကိုမီးရှို့ကာ ပျဥ်ထောင်ရွာဘက်ကိုပြန်ထွက်သွားတယ်လို့ သိရပါတယ်။

    ရွှေကူတဲစုကျေးရွာဟာ အိမ်ခြေ ၅၀၀ကျော်ရှိပြီး ဒီတကြိမ်နဲ့ဆို ၅ကြိမ်မီးရှို့ခံထားရတာလို့သိရပါတယ်။

    (ပျူစောထီးတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ရွှေကူတဲစုကျေးရွာမှ နေအိမ်များ။ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)