ဂွမြို့နယ်စပ် နှင့် ရွှေသောင်ယံမြို့နယ်အတွင်း ခံစစ်အတွက် စစ်ရေယာဉ်ဖြင့် ပို့ဆောင်လိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်သည် သေဆုံးဒဏ်ရာရအများအပြားဖြင့် ရွှေသောင်ယံ-ပုသိမ်လမ်း၊ ဂွ-ငါးသိုင်းချောင်းလမ်းအတိုင်း ပြန်ဆုတ်ခွာလာကြောင်း စုံစမ်းသိရသည်။
“ဟိုရက်က တက်သွားတဲ့ သင်္ဘော ပြန်ဝင်လာပြီ။ အတိုအပြတ်တွေ အများကြီးပဲ။ ကားတွေနဲ့ တိုက်သယ်နေတယ်။ ဒေသခံတွေရဲ့ စက်လှေတွေ၊ ကားတွေကို ချောဆွဲပြီး သယ်နေတယ်” ဟု ယင်းအခြေအနေကို သိထားသည့် သတင်းရင်းမြစ်ကပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဂွ နှင့် ရွှေသောင်ယံနယ်စပ်၌ တိုက်ပွဲပြင်းထန်နေစဉ် ဇန်နဝါရီ ၈ ရက်၊ ၉ ရက်၊ ၁၀ရက်တို့တွင် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းအပြင် ခြေလျင်စစ်ကြောင်းဖြင်ပါ အင်အားတိုးခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း သေဆုံးသူများ နှင့် ဒဏ်ရာရသူများကို ရွှေသောင်ယံ-ပုသိမ်လမ်း၊ ဂွ-ငါးသိုင်းချောင်းလမ်းအတိုင်း ဇန်နဝါရီလ ၁၇ရက် ညနေမှစ၍ စစ်ကောင်စီက သယ်ဆောင်ခြင်းဖြစ်သည်။
“ငါးသိုင်းချောင်းလမ်းက သယ်လာသူတွေကို လက်ဆင့်ကမ်းသယ်ဖို့ပုသိမ်က ချောဆွဲခံရတဲ့လူနာတင်ကားတွေ အများကြီးရောက်လာတယ်” ဟု ငါးသိုင်းချောင်းမြို့ခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ဂွနှင့် ရွှေသောင်ယံနယ်စပ်မှ မူလက ၎င်းတို့ တပ်စွဲထားသည့် နေရာများမှ အစုအဖွဲ့လိုက်ဆုတ်ခွာနေပြီဟု စုံစမ်းသိရှိရသည်။
လက်ရှိတွင် မည်သည့်နေရာများ၌ တိုက်ပွဲဖြစ်နေသည်ကို အသေးစိတ် မသိရသေးသော်လည်း ရွှေသောင်ယံမြို့နယ်၊ ဘောမိကျေးရွာတွင် ဇန်နဝါရီလ ၁၆ ရက်ညက တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီကလေကြောင်းမှခုခံတိုက်ခိုက်ခဲ့သည်။
ဘောမိကျေးရွာသည် ရွှေ သောင်ယံမြို့နယ်အတွင်း စစ်ကောင်စီခံစစ်ပြင်ထားသည့်နေရာများအနက် တစ်ခု ဖြစ်သည်။ ဘောမိရွာမှ စစ်ကောင်စီစခန်းကို PDF ပူးပေါင်းတပ်က သိမ်းယူလိုက်ပြီဖြစ်သည်။
ရွှေသောင်ယံမြို့နယ်၊ ဝက်သေကမ်းခြေတွင် စစ်ကောင်စီ ခံစစ် ဆက်ရှိနေသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ပထမလပတ်က တိုက်ပွဲတွင်လည်းစစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူများအနက် ရာထူးအကြီးပိုင်းများလည်းပါဝင်ခဲ့ပြီး လုံခြုံရေးယာဉ်တန်း ၁၅စီး ဝန်းရံထားသည့် စစ်တပ်သုံးလူနာတင်ကားဖြင့် လာရောက်ခေါ်ဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်အချို့ကပြောသည်။ကား၁၆စီးအနည်းဆုံးပါသည့် စစ်ကောင်စီ ယာဥ်တန်းဖြင့် ချောင်းသာ- ရွှေသောင်ယံ -မကျီးဇင်ကမ်းခြေပတ်လမ်းအတိုင်း မောင်းနှင်လာပြီး တိုက်ပွဲအတွင်းဒဏ်ရာရသူများကို လာရောက်ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။
(စစ်တပ်အာဏာသိမ်းပြီးနောက် ဒေသတစ်ခုတွင် စစ်ကြောင်းထိုးနေသော စစ်ကြောင်းတကြောင်း။ ဓါတ်ပုံ-စစ်ကောင်စီ)
Leave a Reply