Category: News

  • နတ်ရေကန်ဗျူဟာမှာ စစ်ကော်မရှင် အကျအဆုံးများပြီး လေယာဉ် ငါးစီးနဲ့ အပြင်းအထန် ခုခံနေရ

    နတ်ရေကန်ဗျူဟာမှာ စစ်ကော်မရှင် အကျအဆုံးများပြီး လေယာဉ် ငါးစီးနဲ့ အပြင်းအထန် ခုခံနေရ

    နတ်ရေကန် ဗျူဟာမှာ အကျအဆုံးများတဲ့ အတွက် ၊ ဒီနေ့ နေ့လည်ပိုင်းမှာ စစ်ကော်မရှင်လေကြောင်းက လေယာဉ်ငါးစီး၊ ဗုံးအလုံးရေ ၂၀ ကျော် နဲ့ လာရောက် ပစ်ခတ်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    အာရက္ခတပ်တော် AA နဲ့ တော်လှန်ရေးတပ်တွေဘက်က နတ်ရေကန်တောင်ကို ဝိုင်းဝန်းထိုးစစ်ဆင်နေပြီး စစ်ကော်မရှင်ဘက်က အလုံးအရင်းနဲ့ အထိနာနေတဲ့ အတွက် လေကြောင်းက လာရောက်ပစ်ကူပေးခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေ က ပြောပါတယ်။

    “သူ့တို့ဘက်က အလုံးအရင်းကျတယ်လေ၊ ဗျူဟာကုန်းပတ်ပတ်လည်ကို လေယာဉ် ၅ စီးနဲ့ လာကြဲတယ်၊ ပထမ ဂျက်သုံးစီး ၊ ဝဲလိုက်ကြဲလိုက် လုပ်ပြီး နောက်ထပ် Y12 တစ်စီးနဲ့ ဂျက် တစ်စီး လာကြဲတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    နတ်ရေကန်ဗျူဟာတိုက်ပွဲမှာ လေကြောင်းက ပစ်ကူပေးတာမျိုးရှိပေမယ့် အခုလိုမျိုး လေယာဉ် ငါးစီးနဲ့ တစ်ပြိုင်နက် လာကြဲတာမျိုး မကြုံသေးဘူးလို့ စစ်ရေးသတင်းရင်းမြစ် တွေက ပြောပါတယ်။

    တိုက်ပွဲ အလွန်ပြင်းထန်တဲ့ အတွက် အဲ့ဒီအနီးဝန်းကျင်မှာရှိတဲ့ ဒေသခံ ချင်းတိုင်းရင်းသား စစ်ဘေးရှောင်ကျေးရွာအချို့လည်း ထပ်မံရွှေ့ပြောင်းထွက်ပြေးနေရတယ်လို့ သိရပါတယ်။

    “ချင်းရွာတွေက တောင်အောက်ကိုမဆင်းဘဲ ၊ ဒီအနီးအနား ရွှေ့ပြောင်းနေကြတဲ့ လူတွေရှိတယ်၊ အခု သူတို့လည်း ထပ်ပြီး ထွက်ပြေးနေကြရတယ်” လို့ မြေပြင်အခြေအနေကို ရှင်းပြပါတယ်။

    နတ်ရေကန်ဗျူဟာ ကုန်းပေါ်က ကို စစ်ကူတက်လာတဲ့ စစ်ကြောင်းနှစ်ခုကိုလည်း

    တော်လှန်ရေးတပ်ဖွဲ့တွေက ဖြတ်တောက်ထားတဲ့ အတွက် ၊ လေကြောင်းက အခုလို အပြင်းအထန် ပစ်ခတ်နေတာဖြစ်ပါတယ်။

    ရခိုင်ရိုးမရဲ့ အဓိက အကျဆုံးဗျူဟာဖြစ်တဲ့ နတ်ရေကန်ဗျူဟာကို ဦးတည်တဲ့ တိုက်ပွဲတွေဟာ တစ်နှစ်ပတ်လုံး အရှိန်အဟုန် နဲ့ ဖြစ်နေတာဖြစ်ပါတယ်။

    နတ်ရေကန်ဗျူဟာကို တပ်မ ၁၀၁ လက်အောက်ခံတပ်ရင်းတွေက အင်အား ၅၀၀ ကျော် ရှိတယ်လို့ ထွက်ပြေးလာတဲ့ စစ်သုံ့ပန်းတွေက ထွက်ဆိုထားပါတယ်။

    ဒါအပြင် ဒီဇင်ဘာလထဲ မှာ ဒရုန်းနဲ့ လက်နက်ခဲယမ်းအမြောက်အများကိုလည်း လေကြောင်းက ပို့ထားပါတယ်။

    အာရက္ခတပ်တော် နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဘက်က ရခိုင်ရိုးမ တစ်ခုလုံးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာဖြစ်ပြီး စစ်ကော်မရှင်ဘက်ကလည်း ခြေလျှင် အင်အား ထောင်ချီ နဲ့ လေကြောင်း အင်အားအလုံးအရင်းအသုံးပြုပြီး ခုခံနေတာဖြစ်ပါတယ်။

  • အင်္ဂပူတွင် စစ်မှုထမ်းအကြောင်းပြ ငွေတောင်းကြမ်းသည့် ပျူခေါင်းဆောင် ခွေးတောက်ရွက် တက်ခူးရင်း သစ်ပင်ပေါ်ကပြုတ်ကျ၍ ဇက်ကျိုးသေဆုံး

    အင်္ဂပူတွင် စစ်မှုထမ်းအကြောင်းပြ ငွေတောင်းကြမ်းသည့် ပျူခေါင်းဆောင် ခွေးတောက်ရွက် တက်ခူးရင်း သစ်ပင်ပေါ်ကပြုတ်ကျ၍ ဇက်ကျိုးသေဆုံး

    ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ ငွေကြေးအဆမတန် တောင်းခံနေသည့် ပျူစောထီးခေါင်းဆောင်တစ်ဦး မတ်လ ၂ ရက်နေ့က သစ်ပင်ပေါ်ကပြုတ်ကျပြီး ဇက်ကျိုးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

    သေဆုံးသူမှာ ကွင်းကောက်ဒေသ၊ နွားခြံအုပ်စု၊ ကုန်းတောင်နီကျေးရွာမှ ပျူစောထီးခေါင်းဆောင် ဦးသိန်းဇော် ဖြစ်ပြီး ၎င်းသည် သစ်ပင်ပေါ်သို့ ခွေးတောက်ရွက်တက်ခူးစဉ် ပြုတ်ကျ၍ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် သေဆုံးသွားခြင်းဖြစ်သည်။

    “ခွေးတောက်နွယ်က အပင်ကြီးပေါ်တက်နေတာ။ အဲဒါ ခူးရင်းနဲ့ အပင်ပေါ်ကပြုတ်ကျပြီး ဇက်ကျိုးသေတာ။ သူက ထန်းရည်သောက်ပြီး ပြန်လာတာမို့ မူးနေပုံရတယ်” ဟု ကုန်းတောင်နီ ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

    646146167 122124840159075642 5339559952092926182 N

    ဦးသိန်းဇော်သည် မသေဆုံးမီအချိန်အထိ သဲဖြူကျေးရွာရှိ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးအသစ် ဦးမြင့်ဦး၏ နေအိမ်တွင်ပြုလုပ်မည့် အစည်းအဝေးသို့တက်ရောက်ရန် ရွာအတွင်း လိုက်လံဖိတ်ကြားခဲ့ သေးကြောင်း သိရသည်။

    ၎င်းသည် ယခင်အုပ်ချုပ်ရေးမှူးဟောင်း ဦးကိုဌေးနှင့်ပေါင်းကာ ပြည်သူ့စစ်မှုထမ်းအကြောင်းပြချက်ဖြင့် ပြည်သူများထံမှ ငွေကြေးများ အဆမတန်တောင်းယူကာ အလွဲသုံးစားလုပ်ခြင်းများကြောင့် ဒေသခံများ အကြား နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

    လက်ရှိတွင်လည်း နွားခြံအုပ်စုအတွင်းရှိ စစ်မှုထမ်းရန် အသက်ပြည့်မီသည့် လူငယ်များအနေဖြင့် အုပ်ချုပ်ရေးမှူးသစ် ဦးမြင့်ဦးထံသို့ တစ်ဦးလျှင် ငွေကျပ်လေးသောင်းစီ မတရားပေးဆောင်နေရကြောင်း ဒေသခံများက ဆိုသည်။

    စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများ အကျပ်ရိုက်နေချိန်တွင် ယခုကဲ့သို့ လက်ပါးစေ ပျူစောထီးခေါင်းဆောင် သေဆုံးသွားမှုအပေါ် ဒေသခံအချို့က “ဝဋ်လည်တာ” ဟု မှတ်ချက်ပြု ပြောဆိုသည်။

    ဓာတ်ပုံ-ကုန်းတောင်နီကျေးရွာက ပျူစောထီးခေါင်းဆောင် ဦးသိန်းဇော်

  • စစ်ကော်မရှင်ခန့် မြန်မာနိုင်ငံရဲချုပ် ဖမ်းဆီးခံထားရပြီး ကျားဖြန့်ကိစ္စတွေနဲ့ ပတ်သက်တယ်လို့ဆို

    စစ်ကော်မရှင်ခန့် မြန်မာနိုင်ငံရဲချုပ် ဖမ်းဆီးခံထားရပြီး ကျားဖြန့်ကိစ္စတွေနဲ့ ပတ်သက်တယ်လို့ဆို

    ၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ ရက်ကမှ မြန်မာနိုင်ငံရဲချုပ်ဖြစ်လာသူ ဒုတိယရဲချုပ်ကြီး ဝင်းဇော်မိုးကို စစ်ကော်မရှင်က တရုတ်နိုင်ငံရဲ့ ခိုင်းစေမှုနဲ့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

    အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရာထူးကနေ ဒုရဲချုပ်ကြီးအဖြစ် ပြောင်းရွှေ့လာပြီးတော့မှ ရဲချုပ်ဖြစ်လာခဲ့တာလို့ သိရပြီး ကျားဖြန့်ကိစ္စတွေနဲ့ ပတ်သက်တာကြောင့် တရုတ်နိုင်ငံရဲ့ ခိုင်းစေမှုနဲ့ ဖမ်းထားတာလို့ သိရပါတယ်။

    Mm News.xyz 2026 03 04 103226

    “ဝင်းဇော်မိုးက အဂတိကိစ္စ လာဒ်စားတာ အရမ်းဆိုးတယ်၊ အရင်က ဒုတိုင်းမှူးတုန်းက စစ်ဆင်ရေးတခုမှာ Double Cub/4 Wheel ကားတွေကို ပြည်သူတွေဆီက သိမ်းပြီး တခြားတိုင်းမှူးတွေကို တယောက်တစီးပေးတာ၊ အဲ့ကိစ္စကို တိုင်းမှူးသိတော့ ကွိင်တွေတက်တာ ရှိခဲ့ဖူးတယ်၊ ရဲချုပ်တိုင်း ခုလိုလုပ်စားနေကြတာပါ” လို့ ရဲနဲ့နီးစပ်သူတဦးက ပြောပါတယ်။

    လတ်တလောမှာ စစ်ကော်မရှင်ဘက်က ရဲချုပ်ဖမ်းဆီးထိန်းသိမ်းထားခြင်းနဲ့ ပတ်သတ်ပြီး သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

  • စစ်တပ်က စက်သုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မောင်းနှင်ရမည်ဟု အမိန့်ထုတ်

    စစ်တပ်က စက်သုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မောင်းနှင်ရမည်ဟု အမိန့်ထုတ်

    အကြမ်းဖက် စစ်တပ်က စက်ဆုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မောင်းနှင်ရမည်ဟု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက အမိန့်ထုတ်လိုက်ကြောင်း စစ်တပ်ပိုင် မီဒီယာက ယနေ့ ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။

    လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မတ်လ ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူ ပို့ဆောင်ရေးယာဉ်များသည် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မောင်းနှင်အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။

    ထို့ကြောင့် လစဉ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/- 4A/—-စသည်ဖြင့်)၊ “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ-1A/—3A/—- စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင်ယာဉ်များသာ မောင်းနှင်အသုံးပြုရမည်ဖြစ်ပြီး EV မော်တော်ယာဉ် ၊ EV မော်တော်ဆိုင်ကယ်များ နေ့စဉ်မောင်းနှင်နိုင်ကြောင်း ထုတ်ပြန်ချက် အမိန့်တွင် ဖော်ပြထားသည်။

    646675713 1290086113218992 59359468386925413 N

    နေ့စဉ် အများပြည်သူသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ၊ အငှားယာဉ်များ (Taxi)၊ စက်သုံးဆီသယ်ယူပို့ဆောင်သည့်ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်/နိဗ္ဗာန်ယာဉ်များနှင့် စည်ပင်အမှိုက်သိမ်း ယာဉ်များ အသုံးပြုနိုင်ကြောင်း၊ စက်သုံးဆီ လုပ်ငန်းရှင်များသာမက အများပြည်သူအနေဖြင့် စက်သုံးဆီများ ဝယ်ယူ စုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန်လည်း ပါရှိသည်။

    အထက်ပါစည်းကမ်းသတ်မှတ်ချက်များသည် ထပ်မံ၍ တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိသည့်အချိန်အထိ အတည်ဖြစ်ကြောင်းနှင့် အဆိုပါစည်းကမ်းသတ်မှတ်ချက်များအား ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

  • ဆီပြတ်မှာကို စိုးရိမ်လို့ နယ်စပ်ဖြတ်ပြီး မယ်ဆိုင်မှာ ဆီတန်းစီဝယ်ယူသူများ​နေ

    ဆီပြတ်မှာကို စိုးရိမ်လို့ နယ်စပ်ဖြတ်ပြီး မယ်ဆိုင်မှာ ဆီတန်းစီဝယ်ယူသူများ​နေ

    ထိုင်းကပြည်ပကိုစက်သုံးဆီတင်ပို့မှု ပိတ်ပင်တာမျိုးမရှိ​သေးဘူးလို့ဆို

    ထိုင်းနိုင်ငံဖက်ခြမ်းက မယ်ဆိုင်နဲ့ မြန်မာဖက်ခြမ်းက တာချီလိတ်တို့မှာ လောင်စာဆီ ပြတ်တောက်မှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ပြီး ဒေသခံတွေက တန်းစီဝယ်ယူနေကြပါတယ်။

    အီရန်စစ်ပွဲကြောင့် ပြည်တွင်းမှာစက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ဓာတ်ဆီ တင်ပို့မှုတွေကို ဆိုင်းငံ့ထားဖို့ ထိုင်းအစိုးရက စီစဉ်နေကြောင်း သတင်းတွေကြောင့် ထိုင်းနယ်စပ်မှာရှိတဲ့ တာချီလိတ်မှာစက်သုံးဆီလုံးဝ ဝယ်မရတာမျိုး ကြုံလာမှာကိုစိုးရိမ်မှုတွေရှိလာခဲ့ပါတယ်။

    646831100 1250215473843909 3891999287206496411 N

    မတ်လ ၃ ရက်နေ့မှာတော့ မနက်ပိုင်း ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား စဖွင့်ချိန် ကတည်းက မြန်မာဖက်မှာ မှတ်ပုံတင်ထားတဲ့ ကားနဲ့ဆိုင်ကယ်တွေဟာ မယ်ဆိုင်ဖက်ကို ဖြတ်ကူးပြီးဆီဝယ်ဖြည့်နေခဲ့တာကိုတွေ့ရပါတယ်။

    ယာဉ်မောင်း အများအပြားဟာ ဆီအပြည့် ဖြည့်ယူသွားရုံတင် မကဘဲ လိုရမယ်ရ ကြိုတင် စုဆောင်းထားမှုအဖြစ် ပုံးအပိုတွေနဲ့ ဝယ်ယူသိုလှောင်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    ဆီဆိုင်တွေမှာ တန်းစီပြီး ဝယ်ယူစုဆောင်းနေတဲ့ ယာဉ်အများစုဟာ မြန်မာလိုင်စင် နံပါတ်တွေနဲ့ဖြစ်ပြီး တချို့ ထိုင်းဒေသခံတွေကလည်း အလားတူ ဝင်တန်းစီနေခဲ့ကြပါတယ်။

    မယ်ဆိုင်မှာတော့သိုလှောင်ထားတဲ့ဆီအားလုံးကုန်သွားလို့ မတ်လ ၂ ရက်နေ့ ကတည်းက ဆီဆိုင်နှစ်ဆိုင်ကယာယီပိတ်ထားရပါတယ်။ဒါပေမဲ့မြို့လယ်တဝိုက်က အကြီးစားဆိုင်ကြီးတွေကတော့ စက်သုံးဆီ လုံလုံလောက်လောက်ရှိနေဆဲလို့ ပြောပါတယ်။

    646707496 1250215510510572 3311386919969248213 N

    ရွှေတြိဂံ ဒေသထဲမှာ ပါဝင်တဲ့ ချီယန်ဆန်မှာတော့ ထိုင်းအစိုးရက ဆီတင်ပို့ခွင့် ဆိုင်းငံ့နိုင်ခြေ ရှိတယ်ဆိုတဲ့ သတင်းကြောင့်ပို့ကုန်လုပ်ငန်းရှင်တွေက အခြေအနေစောင့်ကြည့်နေခဲ့ရာက မတ်လ ၃ ရက်နေ့မှာတော့အာဏာပိုင်တွေဆီကမီးစိမ်းပြမှုကြောင့် ဆီတင်ရေယာဉ်တွေစတင်ထွက်ခွာခဲ့ကြပါတယ်။

    အလားတူ မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့မဲ​ဆောက်မြို့ကစက်သုံးဆီဆိုင်​တွေမှာလည်း ဒီက​နေ့မနက်ပိုင်းမှာ မြန်မာနိုင်ငံဘက်ခြမ်းကကူးလာပြီး စက်သုံးဆီ ထိုင်းစွမ်းအင်ဝန်ကြီးဌာနရဲ့အရာရှိတစ်ဦးကတော့ ဝန်ကြီးဌာနဟာပြည်ပကို လောင်စာတင်ပို့မှု ပိတ်ပင်တဲ့ အမိန့်တစ်ခုခု ထုတ်မထားသေးဘူးလို့ ဆိုပါတယ်။

    အစောပိုင်းတုန်းကတော့ ထိုင်းရဲ့ The Nation သတင်းဌာနက ထိုင်းအစိုးရဟာ ပြည်တွင်းဖူလုံရေးအတွက်ဓာတ်ဆီနဲ့ ဆက်စပ်လောင်စာထွက်ကုန်တွေပြည်ပတင်ပို့ခွင့်ကိုချက်ချင်းရပ်ဆိုင်းမယ်လို့ ထိုင်းသတင်းဌာန​တွေကမတ်လ ၁ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

    စွမ်းအင်လုပ်ငန်းဌာနကအရှေ့အလယ်ပိုင်းမှာ လက်ရှိ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို အနီးကပ် လေ့လာ စောင့်ကြည့်နေပြီး အပြောင်းအလဲ တစ်ခုခု လိုအပ်ရင် တရားဝင် ကြေညာချက် ထုတ်ပြန်မယ်လို့ ပြောကြားထားပါတယ်။

    ကိုးကား- Khaosod

    (မယ်ဆိုင်ကစက်သုံးဆီဆိုင်မှာဝယ်ယူဖို့တန်းစီ ​စောင့်ဆိုင်း​နေကြတဲ့မြန်မာ​တွေ။ ဓါတ်ပုံ-Khaosod)