သမ္မတရာထူး ယူထားသည့် မင်းအောင်လှိုင်နှင့် ၎င်းဦးဆောင်သည့်အဖွဲ့ကို ကြိုဆိုကြောင်း TNLA သဝဏ်လွှာပို့

အရပ်သားအစိုးရကို ဖြုတ်ချ အာဏာသိမ်းပြီး၊ နိုင်ငံတကာ၏ ထောက်ခံမှုကို အပြည့်အဝမရခဲ့သည့် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ခေါ်ကာ သမ္မတရာထူးကိုယူထားသည့် ၂၀၂၆ သမ္မတ မင်းအောင်လှိုင်နှင့် ၎င်းဦးဆောင်သည့် အရပ်သားသားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ကြိုဆိုကြောင်း တအာင်းတပ် TNLA က ယနေ့ (ဧပြီလ ၁၅ ရက်) တွင် ဂုဏ်ပြုသဝဏ်လွှာပေးပို့လိုက်သည်။

“ဦးမင်းအာင်လှိုင်အား နိုင်ငံတော်သမ္မတတာဝန်ရွေးချယ်ခန့်အပ်ပြီး အရပ်သားအစိုးရသစ် ဖွဲ့စည်းလိုက်ခြင်းကို မိမိတို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) မှ ကြိုဆိုကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်” ဟု တအာင်းတပ်၏ ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားထားသည်။

ထို့ပြင် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ‘ငြိမ်းချမ်းစွာ’ ဆွေးနွေးအဖြေရှာနိုင်ရန် အထူးမျှော်လင့်ထားကြောင်းလည်း PSLF ၏ သဝဏ်လွှာတွင် ဖော်ပြသည်။

“မြန်မာ့တပ်မတော်နဲ့အတူ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၏ မြန်မာအစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲရေး ကတိကဝတ်များကို ဆက်လက်ထိန်းသိမ်းပြီး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာရန် အထူးမျှော်လင့်ထားပါကြောင်း” ဟု PSLF က ရေးသားထားသည်။

PSLF /TNLA သည် ပြီးခဲ့သည့် ၂၀၂၃ နှင့်၂၀၂၄ ခုနှစ်အတွင်း ၁၀၂၇ စစ်ဆင်ရေးကို ညီနောင်မဟာမိတ်များနှင့်အတူ ဦးဆောင်ဆင်နွှဲခဲ့ပြီး ရှမ်းမြောက်နှင့် မန္တလေးတိုင်းရှိ နမ့်ခမ်း၊ နမ္မတူ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်၊ နောင်ချို စသည့် မြို့ပေါင်းများစွာကို စစ်အုပ်စုတပ်လက်ထဲမှတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

သို့သော်လည်း တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ဟိုင်ဂင်သဘောတူညီချက်မှတဆင့် ကိုးကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်တွင် စစ်အုပ်စုနှင့် အပစ်ရပ်လက်မှတ်ရေးထိုးခဲ့သည်။

ထိုသို့ အပစ်ရပ်စဲပြီးနောက် TNLA သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် အခြားသော တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းသိမ်းပိုက်ထားသည့် မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကို အာဏာသိမ်းစစ်အုပ်စုတပ်ဆီ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။ မြို့အချို့ကိုတော့ ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

လက်ရှိတွင် TNLA သည် ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲခဲ့သည့် အဖွဲ့များထဲမှ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ထံ ပထမဆုံး ဂုဏ်ပြုသဝဏ်လွှာပေးပို့သည့် အဖွဲ့ဖြစ်လာပြီး၊ ၎င်းနည်းတူ အာဏာသိမ်းစစ်အုပ်စုနှင့် ကာလရှည်ကြာ အပစ်ရပ်ထားသည့် ‘ဝ’တပ်ဖွဲ့ (UWSA)နှင့် မိုင်းလားတပ်ဖွဲ့ (NDAA) တို့ကလည်း ၂၀၂၆ သမ္မတ မင်းအောင်လှိုင်ထံ ဂုဏ်ပြုသဝဏ်လွှာများ အသီးသီး ပေးပို့ထားကြသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *