Category: News

  • တအောင်း၊ ကိုးကန့်၊ “ဝ”

    တအောင်း၊ ကိုးကန့်၊ “ဝ”

    MNDAA တပ်ဖွဲ့တွေက ပြည်ထောင်စု လမ်းမတလျောက် မှာရှိတဲ့ TNLA စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

    အရင်နေ့တွေ ကတည်းက ပြောနေပါတယ်။

    MNDAA ရဲ့ စစ်ပြင်ဆင်ပုံက ကွတ်ခိုင်မြို့ကို ပူးတွဲအုပ်ချုပ်ခွင့် ရဖို့လောက်ပဲ ရည်ရွယ်တာ မဟုတ်ဘူး။

    ပြည်ထောင်စု လမ်းမတလျောက် TNLA တွေကို မောင်းထုတ်မှာပါလို့ ပြောခဲ့တာကို ဝိုင်းဆဲကြတယ်။

    “ဝ” ကို အားကိုးလို့မရမှန်း၊ “ဝ” နဲ့ ကိုးကန့်ဆိုတာ တစ်သားတည်းရှိကြောင်းပြောတော့ “ဝ” ဆိုတာ ငါတို့ တအာင်းမျိုးနွယ်ပဲ ငါတို့ဘက်ပါမှာသေချာတယ် ဆိုပြီး နလပိန်းတုန်း အတွေးမျိုးနဲ့ မျှော်လင့်နေခဲ့ကြတာ။ ခုတော့ တွေ့ပြီ မလား။

    “ဝ” တပ်ဖွဲ့ ရာချီပြီး လာရှိူးအထွက်ဘက်မှာ နေရာယူထားကြတယ်။

    ကိုးကန့်အဖွဲ့တွေ TNLA ကို တိုက်နေချိန် စကမ တွေ အခွင့်ကောင်း မယူနိုင်အောင် “ဝ” က လားရှိုးအထွက်ကနေပြီး ဟန့်တားပေးတဲ့ သဘောပါ။

    ကိုးကန့်ရဲ့ တိုက်စစ်မှာ ဒရုန်း နဲ့ အသားပေး တိုက်ခိုက်တယ်။

    သူ့တပ်ဖွဲ့တွေ ခုအချိန်ထိ အထိအခိုက် လုံးဝကိုမရှိသေးဘူး။

    ဒါပေမဲ့ TNLA ဘက်က အတုံးအရုံးပဲ။

    ကိုးကန့်တပ်ရဲ့ ထိုးစစ်ကို TNLA ဘက်က တစ်ရက်တောင့်ခံနိုင်ဖို့တောင် ခက်ခဲနေပါတယ်။

    မဟာမိတ်အပေါ် မမှားသင့်တဲ့ အမှားမျိုး ကျူးလွန်ခဲ့တဲ့ TNLA ရဲ့ ရလဒ်က သံဝေဂ ရစရာပါ။

    TNLA ဘက်က ခြေလှမ်းမှားဖို့ အစပြုပေးခဲ့တာက MNDAA တွေပါ။

    တကယ်တော့ MNDAA ဘက်က ကွတ်ခိုင်မြို့လယ် ဓာတ်တိုင်တွေမှာ CCTV နဲ့ ဆိုလာမီးတွေ တပ်ဆင်ခဲ့တဲ့ ရည်ရွယ်ချက်ကိုက TNLA ရဲ့ စိတ်ထားမှန်ကို သိလို့ တမင်တကာ ထောင်ဖမ်းခဲ့တဲ့ လုပ်ရပ်ပါ။

    TNLA ဘက်က ဆတ်ဆတ်ထိမခံ ဖြစ်တတ်တဲ့ စိတ်သဘောထားကို ကောင်းကောင်းအသုံးချသွားတာပါ။

    ကိုးကန့်ရဲ့ အထူးဒေသ (၁) လွှမ်းမိုးရေး ပေါ်လစီ ဖြစ်မြောက် ဖို့ တအာင်းတပ်တွေ လမ်းခင်းပေးလိုက်တယ်လို့ပဲ မြင်တယ်။

    ကျွန်ုပ် မြန်မာနိုင်ငံသား ကချင်လူမျိုး တစ်ဦးအနေနဲ့ KIA ကို TNLA ဘက်က စော်ကားမော်ကားပြုခဲ့တာကိုတောင် ခုအခြေအနေမှာ PSLF/TNLA ကို အသာရစေချင်ခဲ့တယ်။

    အထူးသဖြင့် PSLF ဗဟိုခေါင်းဆောင်တွေ ပညာအမြော်အမြင်ကြီးကြီး နဲ့ ဆုံးဖြတ်စေချင်ခဲ့တယ်။

    ဒါပေမဲ့ အခု နောက်ကျသွားပါပြီ။

    ဆုပ်လည်းဆူး စားလည်းရူးရမယ့် အခင်းအကျင်း အကြပ်အတည်းကို PSLF ခေါင်းဆောင်တွေက ဂုဏ်သိက္ခာအလေးထား ဆုံးဖြတ်ခဲ့ကြတာကိုက ကိုးကန့်အတွက် အခွင့်ကောင်း ဖြစ်စေခဲ့တာပါ။

    Myu Sha Ningli

  • အထက်မင်းလှတွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများဟုဆို

    အထက်မင်းလှတွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများဟုဆို

    မကွေးတိုင်း ၊ အထက်မင်းလှမြို့နယ်တွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များကြောင်း သိရသည်။

    မတ်လ ၁၂ ရက်၊ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်တွင် ရေနံမ ရဲစခန်းမှ ဒီးဒုတ်ကန်ကျေးရွာဘက်သို့ ထွက်ခွာလာသော အင်အား ၆၀ ဝန်းကျင်ပါ သံပြားကာ စစ်စိမ်းရောင်ဖောကား ၂ စီးနှင့် ဆိုင်ကယ် ၃ စီးကို ပြည်စိုးကျေးရွာ လမ်းပေါက်၌ စောင့်ကြိုတိုက်ခိုက်ခဲ့ ကြောင်း ဗမာပြည်ကာကွယ်ရေးတပ်-USBA က မတ်လ ၁၃ ရက် ညပိုင်း၌ သတင်းထုတ်ပြန်သည်။

    “တိုက်ခိုက်ခဲ့တာကတော့ ၅ မိနစ်ဝန်းကျင်လောက်ပဲ ကြာပါတယ် ခင်ဗျ။ စတိုက်တဲ့အချိန်မှာ သူတို့ က သတိလက်လွတ်အနေအထားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့၊ သူတို့ဘယ်လိုမှ ပြန်ပြီးတော့မှ မခုခံနိုင်တဲ့ အနေအထားမို့လို့ပါ။ ကျနော်တို့ လက်နက်ငယ်တွေနဲ့ပဲ တရစပ် ဖိပြီးတော့မှ ပစ်ခတ်ခဲ့ တာမျိုးပါ။ နီးလည်းနီးတဲ့အခါကျ လက်နက်ကြီးတွေတော့ သိပ်မသုံးဖြစ်ခဲ့ပါဘူး။ ကားတွေကို ဘယ်လိုပြောရမလဲ၊ နည်းနည်းလေး ဒီဂရီလေးစောင်းပြီးခါကျမှ နောက်ကနေပစ်တာမျိုးဆိုတော့ ကားကမရပ်ပါဘူး ခင်ဗျ။ ကားတွေပေါ်မှာ ကျနော်တို့က နောက်ကထိုးပစ်လိုက်ပြီးတော့ ကားက ခပ်လှမ်းလှမ်းကျမှ ရပ်သွားပြီးတော့မှ တိုက်ပွဲပုံစံအသွင်ပြောင်းသွားတာပါ။ ကား ၂ စီးမှာ နောက်က ကားက အထိအခိုက်များပြီးတော့မှ အရှေ့ကားက အထိအခိုက် တော်တော်ကြီး နည်းတယ်ပေါ့နော်။ အထိအခိုက်မရှိတဲ့ကားက ရပ်ပြီးကာကျမှ တိုက်ပွဲအသွင်ဆောင်ပြီးတော့မှ ပြန်ပစ်တာမျိုးပါ”ဟု ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ပြောသည်။

    အထက်မင်းလှမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ယင်းစစ် ကြောင်းများ ဖြတ်သန်းသွားလာနိုင်ခြေရှိသဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ကားများကို ကျည်မှန်သော်လည်း မောင်းမရသည်အထိ မပျက်စီးကြောင်း သိရသည်။

    “တိုက်ပွဲဖြစ်တာက မကြာဘူးဆိုတော့ စစ်ကူ‌တွေဘာတွေတော့ သူတို့ဘက်က လာတာမျိုး မရှိပါဘူးဗျ။ အလောင်းတွေကတော့ ဒီးဒုတ်ကန်ရွာကနေပဲ မင်းလှကိုပို့တယ်လို့ပဲ ကျနော်တို့ အကြမ်းအားဖြင့် သိထားရပါတယ်ခင်ဗျ။ အလောင်းတွေက ကားပေါ်ကကျကျန်ခဲ့တာမျိုး မဟုတ်ပါဘူးဗျ။ ကားပေါ်မှာပစ်တာဆိုတော့ အလောင်းတွေက ကားနဲ့တူတူပဲပါသွားပါတယ်ခင်ဗျ” ဟု ၎င်းကဆက်လက်ပြောသည်။

    ယင်းစစ်‌ကြောင်းသည်ဒီးဒုတ်ကန်‌ကျေးရွာသို့ သွားပြီး အပြန်တွင် တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးရှိ ‌ရွာသာလှနှင့် ခလိုင်း ကျေးရွာထဲသို့ ဝင်ရောက်မွှေနှောက်ခိုးယူခြင်းနှင့် လက်နက်ကြီး၊လက်နက် ငယ်တို့ဖြင့် ရမ်းသန်းပစ်ခတ်ခြင်းတို့ပြုလုပ်ခဲ့ပြီး ခလိုင်း ကျေးရွာ၌ တစ်ညအိပ်ကာ မက်လ၁၃ ရက်ညနေပိုင်းမှ ရေနံမဘက်သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

    “ပြည်သူတွေကတော့ စစ်ဘေးကတော့ ရှောင်လိုက်ရပါတယ်ခင်ဗျာ။ ထိခိုက်သေဆုံးတာတော့ မရှိပါဘူးဗျ။ အခုအချိန်(မတ်လ ၁၃ ရက် ညပိုင်း)ထိလည်း ရှောင်‌နေကြရတုန်းပါပဲ ခင်ဗျာ”ဟု ၎င်းကပြောသည်။

    မတ်လ ၈ ရက်မှ စတင်၍ ကပစ ၂ ၊ ကပစ ၁၀ ၊ ကံတုပ်အထိုင်စခန်း ၊ ရေနံမရဲစခန်းတို့မှ ၂၀၀ ဝန်းကျင်ရှိ ပူးပေါင်းစစ်ကြောင်းသည် အထက်မင်းလှမြို့နယ် မြောက်ခြမ်းက နွားလဲ ၊ ကျောက်ပုံ ၊ နဂါးအိုင် ၊ အိုးဘိုကုန်း ၊ ရေပေါ် နှင့်ဓာတ်ကုန်းကျေးရွာများသို့ စစ်ကြောင်းထိုးကာ တစ်ရွာလျှင် အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားကြောင်း သိရသည်။

    ယင်း ကျေးရွာများတွင် စစ်တပ် စစ်ကြောင်းဝင်ရောက်နေသော်လည်း ယခင်ကတည်းက စစ်တပ်စိုးမိုးရာနယ်မြေဖြစ်သဖြင့် ပြည်သူများ ရှောင်တိမ်းနေရခြင်း မရှိကြောင်း သိရသည်။

  • မြိတ် – ထားဝယ် လမ်းမပေါ်ရှိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်

    မြိတ် – ထားဝယ် လမ်းမပေါ်ရှိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်

    စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

    မြိတ်-ထားဝယ် အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ရှိပြီး ပုလောမြို့နယ်၊ တောင်ယာကမ်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက ယနေ့နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း KNLA တပ်မဟာ (၄)၊ အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

    ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ နံနက်အစောပိုင်းမှစတင်၍ တောင်ယာကမ်းရွာရှိ စခန်းအပြင် အောက်ပေါင်းရွာစခန်း၊ လေသာတောင်ရှိ စစ်ကောင်စီ၏ ရုန်းတပ်ဖွဲ့စခန်းနှင့် ပုလောမြို့နယ်အတွင်းရှိ ရဲကင်းစခန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတစ်ဦးအပါအဝင် ၁၅ ဦးခန့် သေဆုံးပြီး ၁၃ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် စစ်ကောင်စီ၏ ရုန်းတပ်ဖွဲ့နှင့် အောက်ပေါင်းရွာရဲစခန်းတို့ကိုပါ ဖျက်ဆီးနိုင်ခဲ့ပြီး၊ တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၄ ဦး မစိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့သည်။

    ဆက်လက်၍ ယနေ့ မတ်လ ၁၄ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် တောင်ယာကမ်းရွာရှိ စစ်ကောင်စီစခန်းအား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီလက်နက် ၅ လက်နှင့် ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့သည်။

    အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့က ဦးဆောင်ကာ KNLA တပ်ရင်း (၁၂) နှင့် (၂၇)၊ KNDO တပ်ရင်း (၇) (တပ်ခွဲ ၁ နှင့် ၅)၊ နှင့် ဗိုလ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    “စစ်ကောင်စီအဖွဲ့အား အခွင့်အရေးရသည်နှင့် အမြဲတမ်းတိုက်ခိုက်မှုများကို ဖော်ဆောင်လုပ်ကိုင်နေမည်ဖြစ်ကြောင်း ပြည်သူများအား အသိပေးလိုပါသည်” ဟု KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့က ပြောဆိုသည်။

    ထို့ပြင် စစ်ကောင်စီတပ်စွဲထားသည့် နေရာများနှင့် အနီးတစ်ဝိုက်တွင် ပြည်သူများအနေဖြင့် နေထိုင်ခြင်းမပြုကြရန်နှင့် အထူးသတိပြုကြရန်လည်း တပ်ဖွဲ့က ထပ်မံသတိပေးချက် ထုတ်ပြန်ထားသည်။

  • ကွမ်းယာဝါးနေစဉ် ရယ်မောလိုက်ရာမှ မထင်မှတ်ဘဲ အသက်ဆုံးရှုံးခဲ့ရသူ

    ကွမ်းယာဝါးနေစဉ် ရယ်မောလိုက်ရာမှ မထင်မှတ်ဘဲ အသက်ဆုံးရှုံးခဲ့ရသူ

    ကွမ်းယာဝါးနေစဉ် ရယ်မောလိုက်ရာမှ ကွမ်းနင်ပြီး အသက်ရှူပိတ်သွားကာ သေဆုံးခဲ့သည့် စိတ်မကောင်းစရာဖြစ်ရပ်တစ်ခု ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့ပါတယ်။

    အသက် (၃၉) နှစ်အရွယ် အမျိုးသားတစ်ဦးဟာ မတ်လ (၁၂) ရက်ညပိုင်းက နာမည်ကြီး အဆိုတော်များ လာရောက်ဖျော်ဖြေသည့် မော်လံပွဲတစ်ခုကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

    ပွဲစင်အောက်တွင် ထိုင်ကာ ပွဲကိုကြည့်ရှုနေရင်း အလွန်ပျော်ရွှင်နေပြီး အားရပါးရ ရယ်မောနေခဲ့ကြောင်း မျက်မြင်တွေက ပြောကြပါတယ်။

    ထိုအချိန်မှာ သူဟာ ကွမ်းယာကိုလည်း ဝါးနေခဲ့တယ်လို့ ဆိုပါတယ်။

    ရယ်မောနေစဉ်အတွင်း ပါးစပ်ထဲရှိ ကွမ်းယာကြောင့် ပါးစပ်အတွင်း နီရဲနေခဲ့ပြီး မကြာခင်မှာပဲ အသက်ရှူမဝသလို ဖြစ်လာခဲ့ပါတယ်။

    ထို့နောက် ခဏအကြာတွင် လဲကျသွားခဲ့ပြီး အနီးအနားရှိ လူများက အရေးပေါ် CPR ကူညီဆောင်ရွက်ပေးကာ ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ကြပါတယ်။

    သို့သော် ဆေးရုံသို့ ရောက်ရှိမီ လမ်းပေါ်မှာပင် အသက်ဆုံးရှုံးသွားခဲ့ကြောင်း သိရပါတယ်။

    ဆရာဝန်များ၏ စစ်ဆေးချက်အရ ကွမ်းယာဝါးနေစဉ် ရယ်မောလိုက်သည့်အခါ ကွမ်းနင်ကာ အသက်ရှူလမ်းကြောင်း ပိတ်သွားခြင်းကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

    မိသားစုဝင်များကတော့ သူဟာ မိသားစုအတွက် အားကိုးရသူတစ်ယောက်ဖြစ်ပြီး ဒီလိုပျော်ရွှင်နေစဉ် အချိန်တိုအတွင်း အသက်ဆုံးရှုံးသွားမယ်ဆိုတာကို ယခုထိ မယုံနိုင်သေးကြောင်း ဝမ်းနည်းစွာ ပြောကြပါတယ်။

    ဒီဖြစ်ရပ်ဟာ လူတိုင်းအတွက် သတိထားစရာ သင်ခန်းစာတစ်ခုလည်း ဖြစ်ပါတယ်။

    ကွမ်းယာဝါးနေချိန်၊ အစားအစာများ ဝါးနေချိန်တွေမှာ အလွန်အကျွံ ရယ်မောခြင်း၊ ပြောဆိုခြင်းများကြောင့် အစားအစာ သို့မဟုတ် ကွမ်းယာများ လည်ချောင်းထဲ နင်ကာ အသက်ရှူလမ်းကြောင်း ပိတ်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။

    ထို့ကြောင့် ကွမ်းယာကြိုက်သူများနှင့် အစားအစာ ဝါးနေစဉ် အလွန်ပျော်ရွှင်စွာ ရယ်မောတတ်သူများ အားလုံး သတိထားကြဖို့ လိုအပ်ပါတယ်။

    အသက်ဟာ မထင်မှတ်တဲ့ အချိန်တိုအတွင်း ပြောင်းလဲနိုင်တာကြောင့် ကိုယ်တိုင်လည်း သတိထားကြပြီး အနီးအနားရှိသူများကိုလည်း သတိပေးမျှဝေပေးကြပါ။

  • ကွတ်ခိုင်က TNLA တပ်စခန်းတွေကို MNDAA ထိုးစစ်ဆင်

    ကွတ်ခိုင်က TNLA တပ်စခန်းတွေကို MNDAA ထိုးစစ်ဆင်

    ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ နယ်ထဲက TNLA တပ်စခန်းတွေကို MNDAA တပ်ဖွဲ့က ဒီမနက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

    ကွတ်ခိုင်မြို့အထွက်က ရှုခင်းသာ ၊ပန်ဖတ်ရွာ နဲ့ ကောင်းခါးရွာ လမ်းခွဲနေရာတွေမှာ တိုက်ပွဲတွေဖြစ်နေတာလို့ မြို့ခံတွေကပြောပါတယ်။

    “မနက်ကတည်းက အခုထိ အသေးအကြီးအသံတွေစုံနေတာပဲ။ အကုန်လုံး တံခါးပိတ်ပြီး နေနေရတယ်။ ကျောင်းတွေ စျေးတွေ အကုန်ပိတ်ထားပြီ” လို့ ကွတ်ခိုင်မြို့ခံတယောက်ကပြောပါတယ်။

    တိုက်ပွဲကြောင့် TLEC ပညာရေး လက်အောက်ကနေ ကျင်းပနေတဲ့ စာပေးပွဲတွေလည်း ရပ်လိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    MNDAA ဘက်က TNLA တပ်ဖွဲ့ စခန်းတွေ ကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး မြို့ပေါ်ရပ်ကွက်က TNLA တပ်ဖွဲ့စခန်းတွေကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

    “MNDAA ဘက်က ဒရုန်းနဲ့စတင်တိုက်ခိုက်တာတွေလုပ်နေပြီ။ အဖွဲ့စုံရှိနေတာပေါ့ ကွတ်ခိုင်မှာက။ အခု ကျွန်တော်တို့လည်း ဘယ်ရှောင်လို့ရှောင်ရမယ်မသိသေးဘူး”ဟု ကွတ်ခိုင်ရောက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    TNLA နဲ့ MNDAA တပ်ဖွဲ့တွေဟာ စစ်ရေး မဟာမိတ်တွေဖြစ်ပြီရ ၁၀၂၇ မြို့သိမ်းတိုက်ပွဲတွေကို အတူဖော်ဆောင်ခဲ့ကြတဲ့ အဖွဲ့တွေဖြစ်ပါတယ်။

    မန်ပြိန်းကျေးရွာအနီးရှိ ဒေသခံ အမျိုးသားတဦးက “မန်ပြိန်းကျေးရွာခံတွေ အလန့်တကြားနဲ့ ဖုန်းဆက်လာပြီး တရွာလုံး တိမ်းရှောင်နေကြပြီလို့ ပြောတယ်။ အခု ၁၀ မိနစ်လောက်ကို လက်နက်ကြီး ၃ လုံး၊ ဒရုန်းက ၃ စီးနဲ့ ဗုံးသံ ဆက်တိုက်ကြားနေရတယ်”လို့ ပြောပါတယ်။

    ပြီးခဲ့တဲ့လက စပြီး ကွတ်ခိုင်မြို့အတွင်း TNLA နဲ့ MNDAA တပ်ဖွဲ့ကြား နယ်မြေ အငြင်းပွါးမှု တွေဖြစ်ခဲ့ပြီး အခုလို တိုက်ပွဲတွေ ဖြစ်လာတာပါ။

    မြို့ခံ အမျိုးသမီးတဦးက “ရပ်ကွက် ၈ ဘက်မှာ လက်နက်ကြီးကျတယ်။ လူ ထိမထိ မကြားရသေးဘူး။ အသံက တမြို့လုံး ကြားရတော့ မြို့ပေါ်မှာ တိတ်ဆိတ်နေတာပဲ။ ကျမတို့က ကတုတ်ကျင်းထဲမှာ ပုန်းနေရပြီ။ တိုက်ပွဲ မဖြစ်စေချင်တော့ဘူး”ဆိုပါတယ်။

    တရုတ်အစိုးရက မတ်လထဲမှာတရုတ်နိုင်ငံမှာအ​ရေးကြီးအစည်းအ​ဝေး​တွေရှိတာ​ကြောင့် နယ်စပ်မှာ တိုက်ပွဲ​တွေ မဖြစ်​အောင် KIA ကတာဝန်ရှိသူ​တွေနဲ့​ဆွေး​နွေးစဥ်မှာ​တောင် ​ပြောခဲ့တယ်လို့ ​သိရပါတယ်။

    MNDAA နဲ့ TNLA တို့က တရုတ်အစိုးရရဲ့ကြားဝင်မှု ၊ဖိအား​ပေးမှု​တွေ​ကြောင့် စစ်တပ်နဲ့​ဆွေး​နွေးပြီး ယာယီအပစ်ရပ်ထားကြတာဖြစ်ပါတယ် ။

    “မဟာမိတ်တပ်တွေကြား နယ်မြေကိစ္စရပ်တွေကို စစ်ရေးအရ ဖြေရှင်းရင် သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဖက်ကာတွေဟာ စကစ လက်ထဲ ပြန်ကျသွားနိုင်လို့ပါ။ လူမျိုးရေးအစွန်းရောက်မှုနဲ့ ကျဉ်းမြောင်းတဲ့ နိုင်ငံရေး ခံယူချက်တွေကို ပြုပြင်သင့်ပြီ” လို့ သတင်းရင်းမြစ်တစ်ခုက သုံးသပ်ပြောကြားပါတယ်။

    MNDAA ၊TNLA ၊AA တို့ရဲ့ ညီ​နောင်မဟာမိတ် သုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်​ရေးမှာ မဟာမိတ်တပ်​တွေနဲ့အတူ စစ်တပ်ရဲ့ထိန်းချုပ်ထားတဲ့မြို့​ပေါင်းဆယ်နဲ့ချီပြီး သိမ်းပိုက်နိုင်ခဲ့ကြပါတယ် ။ညီ​နောင် မဟာမိတ်သုံးဖွဲ့ ဖွဲ့ပြီး​နောက် မဟာမိတ်တွေကြားအခုလိုတိုက်ပွဲဖြစ်တာမရှိခဲ့ဖူးပါဘူး ။

    အရင်က ၁၀၂၇ စစ်ဆင်ရေး ပ နဲ့ ဒုမှာ လက်တွဲညီညီနဲ့မြို့သိမ်းတိုက်ပွဲတွေအတူဆင်နွဲခဲ့တဲ့ ကိုးကန့်တပ်နဲ့ပလောင်တပ်တို့အကြားယခင်လကတည်းက အဖုအထစ် ပဋိပက္ခဖြစ်ခဲ့တာက ပလောင်တပ်အနေနဲ့ ကွတ်ခိုင်မြို့မှာ ဘယ်လက်နက်ကိုင်အဖွဲ့ကိုမှမထားတဲ့တံခါးပိတ်မူဝါဒကြောင့်ဖြစ်ပါတယ်။

    ယနေ့ တော့ ကိုးကန့်ဘက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီဖြစ်ပါတယ်။

    ကိုးကန့်ရဲ့ကွတ်ခိုင်က ရုံးတွေကိုအဓမ္မအင်အားသုံးပိတ်သိမ်းခြင်း၊ ကိုးကန့်တပ်က မြို့တွင်းမှာ cctvတပ်ဆင်တာကိုဖြုတ်သိမ်းခြင်းကိုပလောင်တပ်ဘက်ကလုပ်ခဲ့ပြီးနောက်နှစ်ဘက်တင်းမာလာပြီး ယခုလို အပြန်အလှန်ပစ်ခတ်ကြတဲ့အထိဖြစ်လာတာပါ။

    သုံးသပ်ရရင်

    ပလောင်တပ်ဘက်က ပထဝီနိုင်ငံရေးမူဝါဒ မနိုင်နင်းတဲ့ပြဿနာလို့မြင်တယ်။

    အတူယျဥ်တွဲနေထိုင်ရေးမူဝါဒထက် တံခါးပိတ်မူဝါဒကိုကျင့်သုံးလာတဲ့ခါ ဒေသခံ ကချင်၊ရှမ်း၊ကိုးကန့်တွေနဲ့ပြဿနာပေါင်းစုံဖြစ်လာတော့တယ်။

    သည်းခံနိုင်တဲ့အဖွဲ့ကသည်းခံပြီး၊ သည်းမခံနိုင်တဲ့အဖွဲ့ကစပြီးတုံ့ပြန်လိုက်တဲ့သဘောကိုတွေ့ရတယ်။

    ကိုးကန့်နဲ့ပလောင်တပ်ကြားက စစ်အင်အားနှိုင်းယျဥ်ကြည့်ရရင် သူမသာ ကိုယ်မသာ လို့ပြောလို့ရပေမယ့်လို့ကိုးကန့်တပ်ဘက်က နည်းပညာနဲ့ လက်နက်အင်အားပိုသာပါတယ်။

    ယခင်က ကိုးကန့်ရဲ့လားရှိုးမြို့သိမ်းတိုက်ပွဲမှာဆိုရင်
    အဆင်မြင့်ဒရုန်းအကြီးစားတွေနဲ့ဗုံးတွေကို မိုးရွာသလိုကြဲ ပြီးသိမ်းယူခဲ့တယ်။

    ပြောရရင် ကိုးကန့်က တရုပ်နွယ်ဖွားဖြစ်တာမို့လို့ နောက်ကွယ်မှာ တရုပ်ရဲ့ထောက်ပံ့မှုကတော့မလွဲမသွေရမှာအမှန်ပါပဲ။ တိုက်ပွဲတပွဲမှာ လူအင်အားထက်
    နည်းပညာနဲ့လက်နက်က ပိုပြီးအဆုံးအဖြတ်ပေးလေ့ရှိတယ်။

    ပလောင်တပ်ဘက် ထောက်ပံ့မှုကိုကြည့်ရင်ဘယ်ကမှ မရနိုင်တာ တွေ့ရတယ်။ မနှစ်ကတည်းက UWSAဟာ ပလောင် ကို လက်နက်နဲ့လိုအပ်တဲ့အထောက်အပံ့လုံးဝမပေးနိုင်ကြောင်းလည်းတရားဝင်အသိပေးထုတ်ပြန်အကြောင်းကြားထားခဲ့ပြိီးသားပါ။

    လက်နက်စက်ရုံရှိတဲ့KIOအစိုးရနဲ့လည်းဆက်ဆံရေးကိုရန်သူသဖွယ်သူစကျင့်သုံးလိုက်တော့ အကူအညီရဖို့မဖြစ်နိုင်ပါ။

    သူ့မှာရှိတဲ့ လက်နက်၊ ကျည်အားနဲ့ ရေရှည်တိုက်ပွဲဆင်နွဲဖို့မလွယ်ကူလှပါ။

    လားရှိုးကို အရင်းအနှီးများစွာပေးဆပ်ပြီးမှရခဲ့တဲ့နောက် တရုပ်စေ့စပ်မှုကြောင့် စကစ ကို ထိုးအပ်လိုက်ရတဲ့ကိုးကန့်အနေနဲ့ ကွတ်ခိုင်ကို ပြန်သိမ်းဖို့ရည်ရွယ်ချက်ရှိပုံလည်းရပါတယ်။

    အချုပ်အားဖြင့်ဆိုရသော်

    ကိုးကန့်နဲ့ပလောင်တပ်တိုရဲ့ ကျဥ်းမြောင်းတဲ့ နိုင်ငံရေးမူဝါဒတွေကြောင့် နယ်မြေလုစစ်ပွဲဆင်နွဲနေကြတာအကျည်းတန်လှသလိုကြားထဲမှာ ပြည်သူလူထုကနစ်နာလျက်ရှိနေကြောင်းပါ။

    LKN