ဖားကန့်မြို့နယ်၊ လုံးခင်းတိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးကာ ရုပ်အလောင်းတချို့နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းတိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးကာ ရုပ်အလောင်းတချို့နှင့် ခဲယမ်းများ သိမ်းဆည်းရရှိထားကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ မေလ ၅ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီခန့်မှ စတင်ပြီး ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအတွင်း အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၅ ဦး သေဆုံးကာ ရုပ်အလောင်းတချို့နှင့် ခဲယမ်းများ သိမ်းဆည်းရရှိထားကြောင်း သိရသည်။

လက်ရှိချိန်ထိ တိုက်ပွဲသည် ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ် ဗျူဟာကုန်းကလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် လုံးခင်းကျေးရွာအုပ်စုအတွင်းရှိ နေအိမ်များကို ကျည်ထိမှန်ပြီး မီးလောင်မှုများလည်း ဆက်တိုက် ဖြစ်ပွားနေကြောင်း သိရှိရသည်။
“လုံးခင်းတိုက်ပွဲက ဒီနေ့ နံနက် အစောပိုင်း ၅ နာရီလောက်တည်းက စဖြစ်နေတာ တိုက်ပွဲအတွင်းမှာ စစ်ခွေး ၁၅ ကောင်လောက်သေတယ်။ လက်နက်တချို့နဲ့ ရုပ်အလောင်းတွေလည်း သိမ်းဆည်းရရှိထားတယ်လို့ သိရတယ်။ နယ်မြေရှင်းလင်းရေးကတော့ ဆက်လက် လုပ်ဆောင်နေတုန်းပဲ” ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ယမန်နေ့ မေလ ၄ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအတွင်း တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများကို ဆက်တိုက်ပစ်ခတ်ခြင်းကြောင့် နေအိမ်များ မီးလောင်ခဲ့ကြောင်း၊

ထို့ပြင် ဖားကန့်ဗျူဟာကုန်း၌ တပ်စွဲ ထားသော စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လုံးခင်းကျေးရွာအုပ်စု ၊ ကုဋေရွာ လမ်းဆုံ၌ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိကာ လယ်ပြင်ကျေးရွာအတွင်းရှိ နေအိမ်ပေါ်သို့လည်း လက်နက်ကြီးကျည် တစ်လုံး ကျရောက်ပေါက် ကွဲခဲ့၍ ကလေး ငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


Leave a Reply