Category: News

  • သရုပ်ဆောင်ကျော်သူ ပါဝင်သည့် “ခြေဆယ့်တစ်လှမ်း” ရုပ်ရှင် ရုံတင်ပြသခါနီးမှ ဖြုတ်ချခံရ

    သရုပ်ဆောင်ကျော်သူ ပါဝင်သည့် “ခြေဆယ့်တစ်လှမ်း” ရုပ်ရှင် ရုံတင်ပြသခါနီးမှ ဖြုတ်ချခံရ

    သရုပ်ဆောင် အကယ်ဒမီကျော်သူ ပါဝင်သရုပ်ဆောင်ထားသည့်အတွက်ကြောင့်ဟုဆိုကာ “ခြေဆယ့်တစ်လှမ်း”ရုပ်ရှင် ရုံတင်ပြသခါနီးမှ ယနေ့ (ဇန်နဝါရီ ၂၂ရက်)တွင် ဖြုတ်ချခံလိုက်ရကြောင်း သိရသည်။

    ယခုကဲ့သို့ ပြန်လည်ဖြုတ်ချခံရခြင်းမှာ သရုပ်ဆောင် အကယ်ဒမီ ကျော်သူပါဝင်နေသည့်အတွက်ဖြစ်ကာ တတိယနိုင်ငံရောက်ရှိနေကြသည့် အနုပညာရှင်များနှင့်ပတ်သက်၍ ရုပ်ရှင်ကားများ ပြသခွင့်မရှိကြောင်း ယခင်ကတည်းကပင် စစ်ကောင်စီမှ သတ်မှတ်ထားခဲ့သည်ဟု လက်ရှိ ရုပ်ရှင်လုပ်ငန်း လုပ်ကိုင်နေသူတဦးမှ ပြောသည်။

    “သူတို့နဲ့ မသက်ဆိုင်တဲ့သူတွေ ပါခွင့်မရှိဘူး။ ခွင့်ပြုချက်မရှိတဲ့ ထွက်သွားတဲ့သူတွေရဲ့ ရုပ်ရှင်ကားတွေဆိုရင် တင်ခွင့်မရှိဘူး။ အဲ့ဒါပါပဲ” ဟု ၎င်းက ပြောသည်။

    “အဓိက ကတော့ ဦးကျော်သူပါလို့ပါ၊ ရုပ်ရှင်အစည်းအရုံးက ခွင့်ပြုထားပေမယ့် အထက်က ခွင့်မပြုလို့ ပြသခါနီးမှ ဖြုတ်ချလိုက်ရတာပေါ့။ တတိယနိုင်ငံကို ရောက်နေတဲ့သူတွေနဲ့ပတ်သက်ပြီး ရုပ်ရှင်တွေမှာ ခွင့်မပြုဘူးဆိုတာကတော့ သူတို့အရင်ကတည်းက သတ်မှတ်ထားတာပဲ။ ဒီကားကတော့ ဘယ်လိုနားလည်မှုလွဲပြီး တင်ခွင့်ရသွားတာလဲ မသိဘူး” ဟု လက်ရှိ ရုပ်ရှင်လုပ်ငန်း လုပ်ကိုင်နေသူမှ ဆက်လက်ပြောသည်။

    လက်ရှိတွင် ရုပ်ရှင်ဇာတ်ကားများကို စစ်ကောင်စီမှ သတ်မှတ်ထားသည့်ဆင်ဆာအတိုင်းသာ ရိုက်ကူးနေရသည်ဟုလည်း ရုပ်ရှင်လုပ်ငန်းလုပ်ကိုင်နေသူမှ ထပ်မံပြောပြသည်။

    “အခုခေတ်ရုပ်ရှင်ကားလိုင်းရဲ့ အခက်အခဲအကျပ်အတည်းကတော့ သူတို့ပေးထားတဲ့ ဆင်ဆာအတိုင်းပဲ ရိုက်ရတယ်။ သူတို့ မကြိုက်လို့ရှိရင် အစ အဆုံး ရစ်တယ် ဖြုတ်ချတယ်။ ရုပ်ရှင်ရုံတွေကလည်း တနာရီခွဲပဲ ဇာတ်ကားကို သတ်မှတ်ထားတယ်”ဟု ၎င်းက ပြောသည်။

    “ခြေဆယ့်တစ်လှမ်း” ရုပ်ရှင်ဇာတ်ကားအား ရိုက်ကူးထားသည်မှာ ခြောက်နှစ်လောက်ကြာခဲ့ပြီဖြစ်ပြီး သရုပ်ဆောင် အလင်းရောင် ၊ ကျော်သူ ၊ ခင်ဝင့်ဝါ ၊ မေပန်းချီ တို့မှ အဓိက ပါဝင်သရုပ်ဆောင်ထားသည်ဟု သိရသည်။

  • စစ်မှုထမ်းစာရင်းသို့ ထည့်သွင်းခံရသည့်အပေါ် မကျေနပ်၍ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးကို ဓားဖြင့်ခုတ်

    စစ်မှုထမ်းစာရင်းသို့ ထည့်သွင်းခံရသည့်အပေါ် မကျေနပ်၍ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးကို ဓားဖြင့်ခုတ်

    နေပြည်တော်တွင် စစ်မှုထမ်းစာရင်းသို့ ထည့်သွင်းခံရသည့်အပေါ် မကျေနပ်၍ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးကို ဓားဖြင့်ခုတ်

    နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် အမှတ် (၅) ရပ်ကွက်တွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်ရမည့်စာရင်းတွင် ပါဝင်နေသည့် အမျိုးသားတစ်ဦးမှ မကျေနပ်၍ အုပ်ချုပ်ရေးမှူးကို ဓားဖြင့်ခုတ်ရာ ရာအိမ်မှူးမှဟန့်တားသဖြင့် ရာအိမ်မှူးခေါင်းကို ခုတ်မိခဲ့ကြောင်း သိရသည်။

    ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (-) တွင် တက်ရောက်ရန်အတွက် စာရင်းထည့်ခံထားရသူ ကိုသန့်ဇင်ဖြိုးဆိုသူမှ အုပ်ချုပ်ရေးမှူးနေအိမ်သို့ သွားရောက်၍ စာရင်းထဲပါဝင်သည်ကို မကျေနပ်ကြောင်းပြောဆိုရာ အုပ်ချုပ်ရေးမှူးနှင့် စကားများပြီး ဓားခုတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “အုပ်ချုပ်ရေးမှူးက ရှောင်လိုက်ချိန် မှောက်လျက်လဲကျပြီး မခုတ်မိဘူး။ လဲကျတဲ့ဒဏ်ရာကြောင့် ဒူးပွန်းသွားတာ။ ဝင်လုံးတဲ့ ရာအိမ်မှူးက ခေါင်းကို အခုတ်ခံလိုက်ရတယ်။ အတွင်းလူနာနဲ့ ခုတင် ၃၀၀ မှာပို့ ထားတယ်”ဟု လုံခြုံရေးနှင့်နီးစပ်သည့် သတင်းရင်း မြစ်က ပြောသည်။

    စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဦးလှထွန်းလဲကျနေစဉ် ရာအိမ်မှူးဦးငွေထွန်းဆိုသူမှ ဝင်ရောက်ဖမ်းဆီးရာ ဦးခေါင်းထိပ်ဓားဖြင့်ခုတ်ခံရပြီး အတွင်းလူနာအဖြစ် ဆေးရုံတွင် ကုသနေရပြီး စိုးရိမ်ရကြောင်း သိရသည်။

    ဓားဖြင့်ခုတ်သူ ကိုသန့်ဇင်ဖြိုးဆိုသူကို နယ်မြေရဲစခန်း၌ က(ပ)၂/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၂၆ /၃၃၂ ဖြင့် အရေးယူထားကြောင်း သိရသည်။

  • မတ္တရာမြို့နယ် အ​ရှေ့ခြမ်းကို စစ်တပ်ကအင်အားဆက်တိုက်တိုးပြီးထိုးစစ်ဆင်ဖို့ပြင်

    မတ္တရာမြို့နယ် အ​ရှေ့ခြမ်းကို စစ်တပ်ကအင်အားဆက်တိုက်တိုးပြီးထိုးစစ်ဆင်ဖို့ပြင်

    မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်​ကောင်စီတပ်ကပြန်လည်ထိုးစစ်ဆင်ဖို့အင်အားအများအပြားပို့ဆောင်​နေပါတယ်။

    မတ္တရာမြို့နယ်အရှေ့ခြမ်းက ဖယောင်းတောင်နဲ့အတရုတ်ရင်းနှီးမြှပ်နှံမှု စီမံကိန်းဖြစ်တဲ့ Alpha ဘိလပ်မြေစက်ရုံဘက်တွေကို အင်အားပို့ဆောင်​နေတယ်လို့ စုံစမ်းသိရပါတယ်။

    ဒါ့အပြင် ကွန်ပျူတာတက္ကသိုလ်၊ကျောက်တံတား၊မတ္တရာမြို့တွင်းကို ဒီဇင်ဘာလနဲ့ဇန်နဝါရီလဆန်းတွေမှာ ရိက္ခာနဲ့အင်အားဖြည့်တင်းတာတွေဆက်တိုက်လုပ် ဆောင်ထားတယ်လို့​ဒေသခံ တချို့ဆီကသိရပါတယ်။

    အထက်မြန်မာနိုင်ငံရဲ့မြို့​တော်ဖြစ်သလို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) တည်ရှိရာမန္တ​လေးမြို့နဲ့ မတ္တရာမြို့ဟာ မိုင် ၂၀ ​ကျော်ပဲကွာ​ဝေးတာဖြစ်ပါတယ်။

    မန္တ​လေး PDF က ၁၀၂၇ ဒုတိယပိုင်း နဲ့ ရှမ်းမန်းစစ်ဆင်​ရေးအတွင်းမှာ စဥ့်ကူးတစ်မြို့နယ်လုံးကိုသိမ်းယူသလို ၊ မတ္တရာမြို့နယ်ထဲက ​လေ​ကြောင်းရန်ကာကွယ်​ရေးတပ် ၊ Alpha ဘိလပ်​မြေက စစ်တပ်စခန်း ၊ဆည်​တော်ကြီးရဲစခန်း ၊​ဖ​ယောင်​တောင် စစ်တပ်စခန်း ​တွေအပါအဝင် စစ်တပ်စခန်း​ပေါင်း ၄၀ ခန့်ကိုထိုးစစ်ဆင်သိမ်းပိုက်ထားပါတယ် ။ မန္တ​လေး PDF သိမ်းပိုက်ထားတဲ့စခန်းအများစုဟာ မတ္တရာမြို့နယ် အ​ရှေ့ပိုင်းက ဖြစ်ပါတယ် ။

    “အဓိကက ဖယောင်းတောင်ကိုပြန်သိမ်းချင်တဲ့ပုံပဲ။စစ်ကြောင်းတော်တော်ထိုးမယ့်ပုံပဲ”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

    မတ္တရာမြို့နယ်အရှေ့ခြမ်းမှာစစ်တပ်ကစစ်ကြောင်းပြန်ထိုးလာတာမို့ ဇန်နဝါရီလ၂၁ရက်နေ့ကစတင် တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် – မန္တလေး (MDY-PDF)ကသတင်းထုတ်ပြန်ထားပါတယ်။

    မန္တ​လေး PDF မှ​ပြော​ရေးဆိုခွင့်ရှိသူ ကို​အော်စမွန်က​လည်း “လက်ရှိ ကျွန်​တော်တို့ စစ်ဆိုင်ထားတဲ့ ​နေရာ​တွေအားလုံးမှာတိုက်ပွဲ​​တွေ ပြန်ဖြစ်​နေတယ်လို့​ပြောရင်​တော့ရတယ် ။ လက်ရှိအချိန်ထိ​တော့​သွေးတိုးစမ်းတဲ့သ​ဘောမျိုးထိ​တွေ့တိုက်ပွဲ​တွေ ဖြစ်​နေ​တယ်ဆိုပေမယ့်၊ လက်ရှိ အင်အားဖြည့်​နေတဲ့ ပုံ​တွေကြည့်ရရင်​တော့ မကြာခင်မှာပြန်ပြီး​တော့ အလုံးအရင်းနဲ့ ထိုးလာနိုင်​ခြေရှိတယ်လို့ ​ပြောလို့ရပါတယ်ဗျ”လို့ ​ပြောပါတယ်။

    မတ္တရာမြို့နယ်အရှေ့ခြမ်းကိုစစ်တပ်ကလက်နက်ကြီး၊ဒရုန်းတွေနဲ့ဆက်တိုက်ပစ်ခတ်နေသလို မန္တ​လေးကွန်ပျူတာတက္ကသိုလ်၊မတ္တရာမြို့အတွင်းနဲ့ ပုသိမ်ကြီးမြို့နယ်အရှေ့ခြမ်းတွေကပါ လက်နက်ကြီးပစ်ကူပေးနေတာလို့ဒေသခံတွေကပြောပါတယ်။

    “မနေ့ကတည်း အသံတအုံးအုံးကြားနေရတယ်။ စစ်ကားတွေလည်း တစ်လလုံးသွားလာနေတယ်”လို့ဒေသခံတစ်ဦးကပြောပါတယ်။

    မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်တပ်က ပြန်သိမ်းယူပြီးတဲ့နောက်ကျေးရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တာတွေပြုလုပ်နေသလို နေ့စဥ်မီးရှို့ဖျက်ဆီးတာတွေလည်းပြုလုပ်ခဲ့ပါတယ်။ဇန်နဝါရီလ၂၂ရက်နေ့ကလည်း မတ္တရာမြို့နယ်၊ဥဒိန်ရွာကို စစ်တပ်က၁၆ကြိမ်မြောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့​ဒေသခံတချို့က​ပြောပါတယ်။

    စစ်တပ်က ၂၀၂၄ နိုဝင်ဘာလမှာ မတ္တရာမြို့နယ် အ​နောက်ပိုင်းက ​ဒေသတွင်း​တော်လှန်​ရေးတပ်​တွေ ထိန်းချုပ်ထားတဲ့စခန်း နဲ့ ရွာ​တွေကို ပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ် ။ စစ်တပ်က မတ္တရာ မြို့နယ် အ​နောက်ပိုင်းက ရွာအများစုကို ထိန်းချုပ်ပြီးတဲ့အခါ မန္တ​လေး PDF ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ် အ​ရှေ့ပိုင်းကို စစ်​ကြောင်းထိုး တိုက်ခိုက်လာတာဖြစ်ပါတယ် ။

    မတ္တရာ မြို့နယ်အ​ရှေ့ပိုင်းကို စစ်​ကြောင်းထိုးလာတဲ့ စစ်တပ်ကို မန္တလး PDF က အကြိမ်ကြိမ်အ​ထိနာပြီး ​နောက်ဆုတ်သွားအောင်တိုက်ခိုက်နိုင်ခဲ့ပါတယ် ။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်​​နေ့ကလည်းတော်လှန်ရေးတပ်ဖွဲ့​တွေ ယာယီလက်လွှတ်ခဲ့ရတဲ့ မတ္တရာအနောက်ခြမ်းကို မန္တလေး PDFက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာမှာ ရွာသစ်ရွာ ၊ ဝန်စုရွာ နဲ့ ထိန်ပင်စောက်ရွာတို့မှာရှိတဲ့ စစ်စခန်းများကို အပြီးသတ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ် ။အလားတူ ဒီဇင်ဘာ ၁၉ ရက်​နေ့မှာ ထန်းပင်ကုန်းရွာမှာရှိတဲ့ စစ်တပ်စခန်းကိုမန္တလေး PDFကထပ်မံတိုက်သိမ်းပိုက်ခဲ့ပြီးစစ်သုံ့ပန်းအချို့ပါဖမ်းဆီးရရှိခဲ့ပါတယ်။

    ဒါအပြင်နောင်ချိုမြို့နယ် သံဘိုရွာအနီးနဲ့သပိတ်ကျင်းမြို့နယ် (၇)မိုင်ကျေးရွာမှာလည်း စစ်ကောင်စီတပ်နဲ့ မန္တလေးPDF တို့ အကြား တိုက်ပွဲ​တွေ ခပ်စိပ်စိပ် ဖြစ်ပွါး​နေတယ်လို့ သိရပါတယ်။

  • မုံရွာမြို့ ၊ အနောက်မြောက်တိုင်းစစ် ဌာနချုပ်မှ ထွက်လာသော စစ်ကားများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်

    မုံရွာမြို့ ၊ အနောက်မြောက်တိုင်းစစ် ဌာနချုပ်မှ ထွက်လာသော စစ်ကားများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်

    စစ်တပ်က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်၍ ပြည်သူ ၁ ဦး ကျည်ထိမှန်

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ထွက်လာသော စစ်ကားများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်၍ ပြည်သူ ၁ ဦး ကျည်ထိမှန်ခဲ့ကြောင်း လျှပ်စီးတပ်ခွဲမှ ကိုမိုးကြိုးက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် မုံရွာမြို့ နမခ ဌာနချုပ်မှ ထွက်လာသော မိုးကာအုပ် ကား ၃ စီးကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်တွင် နမခ ဌာနချုပ်မှ ထပ်မံ ထွက်လာသော သံချပ်ကာပါဝင်သော စစ်ကား ၁၀ စီးပါ ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်းမိုင်းဆွဲ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေနှင့် စစ်ကားများ ပျက်စီးမှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများဘက်က လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ သောကြောင့် လမ်းသွားလမ်းလာ အမျိုးသမီး ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    “နမခက ထွက်လာတဲ့ စစ်ခွေးကားတွေကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ စစ်ခွေးကားတွေနဲ့ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုကိုတော့ အတည်ပြုနိုင်ဖို့ ဆက်လက် စုံစမ်းနေပါတယ်” ဟု လျှပ်စီးတပ်ခွဲမှ ကိုမိုးကြိုးက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ နှင့် အတူ Eleven People Defense Force ၊ Nway Oo Brothers column ၊ ဗိုလ်နိုင် လေပွေမုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( မုံရွာခရိုင် အမှတ်-၁၅ တပ်ရင်း ၊ တပ်ခွဲ-၃) ၊ စစ်ကိုင်းခရိုင် တပ်ရင်း (၅) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ – မိုင်းဆွဲ တိုက်ခိုက် ခံထားရသော စစ်ကားတစ်စီး (ပုံအဟောင်းဖြစ်သည်)

  • လူငယ်များကို စစ်မှုထမ်းခိုင်းရန် နေ့ရောညပါ စစ်တပ်နှင့် သင်္ကန်းဝတ် ဝါသ၀က အတင်း အဓမ္မဖမ်းဆီးနေ

    ကန့်ဘလူ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ လူငယ်များကို စစ်မှုထမ်းခိုင်းရန် နေ့ရောညပါ စစ်တပ်နှင့် သင်္ကန်းဝတ် ဝါသ၀က အတင်း အဓမ္မဖမ်းဆီးနေ

    စစ်ကိုင်းတိုင်း ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ လူငယ်အများအပြားကို အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းခိုင်းရန် နေ့ရောညပါအတင်းအဓမ္မ ဖမ်ဆီးခေါ်ဆောင်နေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

    ယမန်နေ့ ဇန်နဝါရီ လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် ကန့်ဘလူမြို့ပေါ်၊ အမှတ်၂ ရပ်ကွက်ရှိ ဘိလိယက်ခုံတစ်ခုတွင် ဘိလိယက်ထိုးနေသည့် လူငယ် ၇ ဦးကို စစ်တပ်လက်အောက်ခံ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး မိုးကျော်နှင့်အဖွဲ့က အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်းဒေသခံပြည်သူများထံမှ သိရသည်။

    “လူငယ် ၇ ဦးကို စစ်ကောင်စီရဲ့ ၆၀၀၆ တပ်ကနေ တစ်ဆင့် လေကြောင်းနဲ့ ပို့တာလို့သိရပါတယ်။ တချို့ ငွေတတ်‌နိုင်တဲ့သူတွေတော့ ရွေးခိုင်းတာရှိတယ်”ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

    ထို့ပြင် ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊ကန်စွန်းအင်းရွာနှင့် ကန်သာလှရွာမှ လူငယ် ၃၀ ကျော်ကို ကန့်ဘလူမြို့၊ထွေအုပ်ရုံးနှင့်ကပ်လျက် One Stop Service(OSS)ရုံးသို့ ဖမ်းဆီခေါ်ဆောင်ခဲ့ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကန့်ဘလူ ၆၀၀၆ မှတဆင့် Mi 17 ရဟတ်ယာဉ်ဖြင့် နှစ်ကြိမ်တိုင် သယ်ဆောင်သွားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ထံမှ သိရှိရသည်။

    ကန့်ဘလူမြို့နယ် ကျေးရွာများအတွင်း ညပိုင်း စစ်တပ်က လက်နက်အားကိုးဖြင့် ပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်ပြီး ပြည်သူများမှာ ထွက်မပြေးရဲဖြစ်နေကြကြောင်း၊ ကန့်ဘလူမြို့ပေါ်မှ ပေါ်တာဆွဲခံရ၍ လူငယ်တစ်ဦး ထွက်ပြေးသည်ကို ပြန်မိချိန်တွင် ထိုးကြိတ်၍ရိုက်နှက်ကြောက်ကန်မှုများ စစ်တပ်က လုပ်ဆောင်ကြောင်း ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်နှင့် အကြမ်းဖက် သင်္ကန်းဝတ် ဝါသဝက ကန့်ဘလူမြို့နယ်၊ ကျေးရွာများမှ အိမ်ထောင်စုစာရင်းများကို တောင်းခံ၍ ပြည်သူများကို လက်နက်အားကိုးဖြင့် ပေါ်တာဆွဲဖမ်းဆီးနေကြောင်း၊ လက်ရှိတွင် ကျွန်းလှမြို့မြောက်ဘက် ပေကုန်းရွာတွင်လည်း အိမ်ထောင်စုစာရင်းများ လိုက်တောင်းနေကြောင်း ကန့်ဘလူဒေသခံပြည်သူများက ပြောဆိုသည်။

    ပြည်သူ့စစ်ခေါင်းဆောင် အကြမ်းဖက် သင်္ကန်းဝတ် ဝါသဝက ကန့်ဘလူခရိုင်တွင် ပျူစောထီးအင်အား၊ စစ်မှုထမ်းအင်အား မည်မျှရှိသည်ဆိုပြီး အမြဲလိုလို ကြွားလုံးထုတ် ဝါဒဖြန့်နေသော်လည်း တကယ့်လက်တွေ့တွင် ၎င်းတို့စိုးမိုးထားသည့် မြို့ပေါ်နှင့် အနီးတဝိုက်ရှိကျေးရွာများမှ လူငယ်များကို အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းပို့ဆောင်ခြင်းများနှင့် ပျူသင်တန်းပေးခြင်းများကို အင်အားသုံး လုပ်ဆောင်လျက်ရှိကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ပြောဆိုသည်။

    ဓာတ်ပုံ- အကြမ်းဖက် သင်္ကန်းဝတ် ဝါသ၀နှင့် ပျူစောထီးများ။