Category: News

  • ဧရာဝတီနှင့် ပဲခူးတိုင်းဆက်သွယ်ထားသည့်မဟာဗျူဟာလမ်းကို စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးနေ

    ဧရာဝတီနှင့် ပဲခူးတိုင်းဆက်သွယ်ထားသည့်မဟာဗျူဟာလမ်းကို စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးနေ

    ဧရာဝတီတိုင်း နှင့် ပဲခူးတိုင်းဆက်သွယ်ထားသည့် ဟင်္သာတ-လက်ပံတန်း မဟာဗျူဟာလမ်းကို စစ်ကောင်စီက ပိတ်ဆို့ပြီး တင်းတင်းကြပ်ကြပ်စစ်ဆေးနေသည်။

    ဧရာဝတီမြစ်ခြားလျှက်ရှိသော ဟင်္သာတ-လက်ပံတန်း မဟာဗျူဟာလမ်းသည် ဟင်္သာတမြို့တွင် ရန်ကုန် – ပြည်လမ်းမှ ခွဲထွက်လာပြီး လက်ပံတန်းမြို့ကို ချိတ်ဆက်ထားသည့် လမ်းကြမ်းဖြစ်သည်။ အဆိုပါလမ်းမှတစ်ဆင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဧရာဝတီတိုင်းသို့ ဝင်ရောက်လာနိုင်သည်ဟုဆိုကာ စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးနေခြင်းဖြစ်သည်။

    “ဟင်္သာတဘက်မှာဆို အမှတ်(၂)ရဲစခန်းကကောင်တွေ လှေဆိပ်တွေအထိ ဆင်းပြီးစစ်နေတယ်။ စျေးတက်ဝယ်တဲ့ဒေသခံတွေကို စစ်ဆေးပြီးငွေညှစ်နေတယ်။ ရဲတပ်ဖွဲ့အင်အားနည်းလို့ ကြံ့ခိုင်ရေးပါတီက ကောင်တွေကို ခေါ်ထားတယ်” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးကပြောသည်။

    ဟင်္သာတမြို့ဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း လက်ပံတန်းမြို့ဘက်တွင် သာယာဝတီခရိုင်မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ရေးဖော်ဆောင်မှုများရှိနေသည်။

    ယခုရက်ပိုင်းတွင် အာရက္ခတပ်တော် AA ကဧရာဝတီတိုင်းနှင့်ဆက်စပ်နေသော ဂွမြို့နယ် မြို့သိမ်းတိုက်ပွဲကို တိုက်ခိုက်နေသည်။ ဂွမြို့နယ်နှင့်ဆက်စပ်နေသော ဒေသများကို စစ်ကောင်စီကလုံခြုံရေးတိုးထားသလို ပဲခူးတိုင်းနှင့်ဆက်စပ်နေသောဒေသများကိုလည်း လုံခြုံရေးတိုးမြင့်နေသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)အောက်မှ တိုင်းစစ်ဌာန
    (ဧရာဝတီ)က ဧရာဝတီတိုင်းသို့ ထိုးဖောက်ဝင်ရောက်ရေးအတွက် မဟာမိတ် (EROs) များနှင့်ပူးပေါင်း၍တိုက်ပွဲဝင်လျက်ရှိကြောင်းဒီဇင်ဘာလ၁၂ရက်နေ့ကထုတ်ပြန်ထားသည်။

    ပဲခူးတိုင်းဘက်မှတိုက်ပွဲများ၊ AA၏ ဂွမြို့သိမ်းတိုက်ပွဲများတွင် ဧရာဝတီတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ ဝင်ရောက်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

  • စလင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

    စလင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

    စလင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ဗိုလ် ၁ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရ

    မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မြောင်းခြားရွာဘက်သို့ ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ဗိုလ် ၁ ဦးအပါအဝင် ၇ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ဒီဇင်ဘာလ ၂၂ ရက် နံနက် ၁၁ နာရီခွဲခန့်က အင်အား ၃၀ ကျော်ဖြင့် စလင်းမြို့နယ်၊ မြောင်းခြားရွာ ဘက်သို့ တောင်ခြေမှ ခြေလျင်ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီ ကျော်ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၆ ဦး သေဆုံးပြီး ဗိုလ် ၁ ဦး အပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ထိုသို့ တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးများဖြင့် ပစ်ကူယူကာ ပြန်လည်ဆုတ်ခွာသွားပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များ အသင့်ထောင်ထားသော မိုင်းများထပ်မံနင်းမိကာ ပေါက်ကွဲခဲ့ပြီး အကြမ်း ဖက်စစ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    “၆ ယောက်သေပြီး ၇ ယောက်ထက်မနည်းဒဏ်ရာရတယ်လို့ မြေပြင်သတင်းတွေဆီကနေ သိရပါ တယ်၊ စခတွေက ဆည်ကန်ရွာဘက်မှာ အခုထိရှိနေသေးတယ်၊ ပြည်သူတစ်ချို့ ဖမ်းဆီးထားတာ တွေရှိတယ်။ အသက် ၁၂ နှစ်၊ ၁၃ နှစ်အရွယ် ကလေး ၂ ယောက်၊ အခုတော့ ကလေးတွေဖြစ်နေလို့ ပြန်လွှတ်ပေးလိုက်ပြီလို့ သတင်းရတယ်။ လူကြီးတွေဆိုရင်တော့ သတ်လောက်တယ်။ မိဘပြည်သူ တွေမျှော်လင့်ထားသလို ရလတ်ကောင်းတွေရအောင် ကျနော်တို့ အကောင်းဆုံးကြိုးစားနေပါတယ်။ အခုဆိုရင် မြို့နားအထိ ကပ်လာနိုင်ပြီဖြစ်ပါတယ်” ဟု မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းမှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက် နိုင်ခဲ့ကြောင်း သိရသည်။

  • ဧရာဝတီတိုင်းမှာ စစ်ရိပ်စစ်ငွေ့သန်းပြီ

    နွေဦးတော်လှန်ရေးတွင် ဧရာဝတီတိုင်းအတွက် ခေတ်စားခဲ့သော စကားတခွန်းရှိသည်။ လက်ဖက်ရည် ‘ပုံမှန်တခွက်’ ကို ‘ဧရာဝတီတခွက်’ ဟု ခေါ်ဝေါ်ကြခြင်းဖြစ်သည်။

    စစ်တပ်ကအာဏာသိမ်းပြီးနောက် တိုင်းဒေသကြီး အားလုံးနီးပါးတွင် စစ်ကောင်စီအား ပုံစံမျိုးစုံဖြင့် တော်လှန်နေကြသည်။ သို့သော် ဧရာဝတီတိုင်းကမူ အာဏာမသိမ်းခင်ကအတိုင်း ပုံမှန်အခြေအနေမျိုး ဖြစ်နေသည်။ အလှူပွဲမပြတ်၊ မင်္ဂလာပွဲမပြတ် ကျင်းပနေကြသည်။ ထို့ကြောင့် ‘ပုံမှန်လက်ဖက်ရည်တခွက်’ အား ‘ဧရာဝတီတခွက်’ ဟု ပြောဆိုကြခြင်းဖြစ်သည်။

    အာဏာသိမ်းပြီး သုံးနှစ်ကျော် လေးနှစ်နီးပါးကြသည်အထိ ပုံမှန်အခြေအနေမျိုးရှိခဲ့သော ဧရာဝတီတိုင်းမှာ ၂၀၂၄ နှစ်ကုန်ပိုင်းကစ၍ လှုပ်လှုပ်ခတ်ခတ်ဖြစ်လာနေသည်။ အချို့သော မြို့နယ်များမှ ငွေကြေးတတ်နိုင်သူများသည် ရန်ကုန်သို့ပြောင်းရန် ပြင်ဆင်လာကြသည်။ အထူးသဖြင့် အာရက္ခတပ်တော် (AA) က သံတွဲနှင့် ဂွမြို့တို့အား တိုက်ခိုက်နေသည့် သတင်းနှင့်အတူ ဧရာဝတီတိုင်းတွင်လည်း လှုပ်လှုပ်ခတ်ခတ် ဖြစ်လာနေသည်။

    အထူးသဖြင့် ဂွမြို့အား AA က တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီသည် ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်နှင့် ရေကြည်မြို့တို့တွင် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လာသည်။ ဂွမြို့ကျသွားပြီးနောက် ဧရာဝတီတိုင်းသို့ စစ်မီး ကူးစက်လာမည်မှာ မလွဲမသွေဖြစ်သည်။

    စစ်တပ်က အာဏာသိမ်းပြီး ပြည်သူလူထုကို အကြမ်းဖက်တိုက်ခိုက်လာချိန်တွင် ဧရာဝတီတိုင်းထဲမှ လူငယ်လူရွယ်များစွာ လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသည်။ အချို့သော လူငယ်များသည့် AA ထံတွင် စစ်သင်တန်း သွားတက်သည်။

    အချို့သောလူငယ်များမှာ ကရင်ပြည်နယ်၊ ကရင်နီ (ကယား) ပြည်နယ်တို့တွင် စစ်ပညာ သွားရောက်သင်ယူခဲ့ကြသည်။ ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေတွင်ရှိသော စစ်ကြောင်းများတွင် ဧရာဝတီတိုင်းသားများက ၃ ပုံ ၁ ပုံခန့်အထိ ရှိကြသည်။

    ရခိုင်ပြည်နယ်တွင် စစ်ပညာ သွားရောက်သင်ကြားခဲ့သော လူငယ်များမှာ AA နှင့်အတူ တိုက်ပွဲများ ဝင်ရောက်တိုက်ခိုက်နေခဲ့သည်။ သံတွဲမြို့သိမ်းတိုက်ပွဲနှင့် အမ်းမြို့သိမ်းတိုက်ပွဲများတွင်မှာပါ တိုက်ခိုက်ခဲ့သည့်အတွက် စစ်ရေးအတွေ့အကြုံ အထိုက်အသင့်ရရှိထားပြီး ဖြစ်သည်။ AA နှင့် တွဲတိုက်နေသော ဧရာဝတီ PDF ဟူ၍ တဗျူဟာရှိသည်။

    ထို့ပြင် ကရင်ပြည်နယ်မှ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေတွင်ရှိသော ကော်ဘရာ စစ်ကြောင်း၊ ဗီနွန်စစ်ကြောင်းနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်းများတွင် ဧရာဝတီတိုင်းမှ လူငယ်များစွာ တိုက်ပွဲဝင်နေကြသည်။ အရေအတွက်အားဖြင့် တိတိကျကျ မသိရသော်လည်း တပ်မဟာ ၆ တွင်ရှိသော ဧရာဝတီတိုင်းသား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အင်အားမှာ အနည်းဆုံး တဗျူဟာ ရှိသည်ဟု စစ်ရေးလေ့လာသူများက ဆိုသည်။

    တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) ဒေသများတွင် စစ်ပညာသင်ကြားကာ တိုက်ပွဲဝင်နေသော PDF လူငယ်များ၏ အိမ်မက်မှာ တချိန် ဧရာဝတီတိုင်းအတွင်း ပြန်လည်အခြေချရန် ဖြစ်သည်။

    အချို့သော ဧရာဝတီတိုင်းမှ လူငယ်များသည် ၂၀၂၂ ခုနှစ်တွင် ငဝန်မြစ်အနောက်ဘက်ခြမ်း ဒေသများရှိ ရခိုင်ရိုးမတွင် ခြေချကာ စစ်ရေးဖော်ဆောင်မှုအချို့ ရှိခဲ့သည်။ ကြီးကြီးမားမား လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။ အထူးသဖြင့် ရခိုင်ပြည်နယ်၊ ဂွနှင့် သံတွဲမြို့များတွင် စစ်ကောင်စီတပ်များရှိနေသဖြင့် နောက်ကြောမလုံ ဖြစ်ရခြင်းနှင့် လက်နက်အင်အား လိုအပ်ချက်ရှိနေခြင်းကြောင့် ဖြစ်သည်။

    သို့သော် AA က သံတွဲနှင့် ဂွမြို့များရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ပြီး ဖြစ်သည့်အတွက် ဧရာဝတီတိုင်းတွင် PDF များအနေဖြင့် ရခိုင်ရိုးမရှိ တောင်ကုန်းတောင်တန်းများတွင် အခြေချခွင့် ရရှိသွားနိုင်ပြီဖြစ်သည်။

    ထို့ပြင် AA နှင့် လက်တွဲတိုက်ခဲ့သော ဧရာဝတီတိုင်းမှ PDF တပ်ရင်းများအတွက် လက်နက်ခဲယမ်းများစွာ ရရှိလာခဲ့သည်။ အနည်းဆုံး လူ ၁ ထောင်ကျော်ကို လက်နက်တပ်ဆင်နိုင်သည့် အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ထို့ပြင် AA နှင့် တွဲမတိုက်သည့် လက်နက်မရှိသော ဧရာဝတီတိုင်းမှ PDF တပ်ရင်းတပ်ဖွဲ့များအား AA က လက်နက်တပ်ဆင်ပေးခဲ့သည်။

    မကြာသေးခင် ရက်ပိုင်းတွင် ဧရာဝတီတိုင်းစစ်ဒေသတခုကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။ အဆိုပါ အင်အားစုမှာ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းတွင်တိုက်ပွဲဝင်နေသော ဧရာဝတီတိုင်းသား PDF များ ဖြစ်သည်။ အားလုံးနီးပါး လက်နက်တပ်ဆင်ထားပြီး ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးသည် အမှတ် (၂) စစ်ဒေသအောက်တွင် ပါဝင်သည်။

    လက်ရှိအချိန်တွင် ရခိုင်ပြည်တောင်ပိုင်းမှ စစ်ကောင်စီစခန်းများအား AA က တိုက်ခိုက်သိမ်းပိုက်ထားသည်။ သံတွဲ၊ ကျိန္တလီမြို့များအား တိုက်ခိုက်သိမ်းပိုက်ထားပြီး ဂွမြို့ကို သိမ်းပိုက်နိုင်ရန် အခြေအနေကောင်းနေပြီ ဖြစ်သည်။

    ရခိုင်ပြည်တောင်ပိုင်းနှင့် ဆက်စပ်နေသော ဧရာဝတီတိုင်းတွင်ရှိသည့် ဒေသများအား PDF တပ်များက သိမ်းပိုက်ထားမှသာ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသများအတွက် စိတ်ချရမည်ဖြစ်သည်။ ထို့ကြောင့်လည်း ဧရာဝတီတိုင်းမှ PDF များအား AA က လက်နက်ခဲယမ်း ကူညီခဲ့ရခြင်း၏ အချက်တခုဖြစ်သည်။

    ထို့ကဲ့သို့ ဧရာဝတီတိုင်းမှ PDF များတွင် လူအင်အား၊ လက်နက်အင်အား အားကောင်းလာချိန်တွင် စစ်ကောင်စီဘက်၌ အင်အားသိသိသာသာ လျော့ကျသွားသည်။ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်များသည် ရခိုင်ပြည်နယ် တောင်ပိုင်းသို့ စစ်ကူလိုက်ရသည့်အတွက် ဖွဲ့စည်းပုံပျက်ခဲ့သည့်တပ်များ ရှိသည်။ ထို့ပြင် အချို့တပ်များမှာ ပဲခူးတိုင်းသို့ ရှေ့တန်းထွက်ရသည်။

    ပြီးခဲ့သည့် သုံးနှစ်အတွင်း ဧရာဝတီတိုင်း၌ တိုက်ပွဲရှိသော်လည်း ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်များ စစ်ကူလိုက်ရသည့်အတွက် စွမ်းရည်နှင့်အင်အားပါ လျော့ကျနေသည်။ စစ်ပန်း၍နေလေသည်။

    စစ်ကောင်စီဘက်မှာ ထိုကဲ့သို့ အခြေအနေဖြစ်နေသည်ကို ဧရာဝတီတိုင်း PDF များ ကောင်းစွာသိရှိထားသည်။ လက်ရှိအခြေအနေတွင် ဧရာဝတီတိုင်းမှ PDF များအနေဖြင့်လည်း သူတို့အတွက် ထိန်းချုပ်နယ်မြေတခု ရရှိရန် အကောင်းဆုံးအချိန် ဖြစ်သည်။

    ထို့ပြင် စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းစက်ရုံများအတွက် အသုံးပြုနေသည့် မုံရွာ-ရေဦး လမ်းအား ထိန်းချုပ်နိုင်သည်အထိ ကြိုးစားနိုင်လျှင် တော်လှန်ရေးအတွက် များစွာအကျိုးရှိသည်။

    PDF တပ်ဖွဲ့များနှင့် EAO တပ်ဖွဲ့များအား ဗုံးကြဲနေသည့် ပုသိမ်လေဆိပ်အား တိုက်ခိုက်ရန် လိုအပ်သည်။ ထို့ပြင် စစ်ကောင်စီက ကျင်းပမည့် ၂၀၂၅ ရွေးကောက်ပွဲအား တစုံတရာ ဟန့်တားနိုင်မည်ဖြစ်သည်။

    PDF များ ဧရာဝတီတိုင်းသို့ စစ်ချီလာမည်ကို စိုးရိမ်သော စစ်ကောင်စီဘက်မှာလည်း PDF များအား ခုခံရန် ပြင်ဆင်နေသည်။ AA က ဂွမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေချိန်တွင် ငါးသိုင်းချောင်း-ဂွ လမ်းပေါ်ရှိ အမှတ် ၃၄၄ အမြောက်တပ်တွင် စစ်ကောင်စီက ခံစစ်ပြင်ထားသည်။ လေထီးခုန် လေ့ကျင့်ခန်းများ လုပ်ဆောင်နေသည်။ အဆိုပါ အမြောက်တပ်တွင် ရဟတ်ယာဉ်ကွင်းတခု တည်ဆောက်နေသည်။ ငါးသိုင်းချောင်းတံတားတွင်လည်း ခံစစ်စခန်းတခု ပြင်ဆင်ထားသည်။

    သို့သော် ဧရာဝတီတိုင်းသို့ PDF များ ဝင်ရောက်နိုင်သည့် လမ်းများစွာရှိသည်။ စစ်ကောင်စီတပ်အနေဖြင့် ဧရာဝတီမြစ် အနောက်ဘက်ကမ်း ဒေသတခုလုံးအား ဖြန့်ကြက်ထားနိုင်သည့် အင်အားမရှိတော့ပေ။

    ရခိုင်ရိုးမကြီးသည် ဧရာဝတိုင်း PDF များအတွက် နောက်တန်းဌာနချုပ်ကြီး ဖြစ်နေသည်။ လက်ရှိ ဧရာဝတီတိုင်း PDF များ၏ အင်အားမှာ စစ်ကောင်စီ၏ မည်သည့် တပ်ရင်းဌာနချုပ်ကိုမဆို ဝင်တိုက်နိုင်သည့် အင်အားရှိသည်။

    ထို့ကြောင့်လည်း PDF များအနေဖြင့် ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီစခန်းများအား သေချာပေါက် တိုက်ခိုက်သိမ်းပိုက်မည် ဖြစ်သည်။ ထိုကဲ့သို့ စတင်တိုက်ခိုက်သည့်အချိန်တွင် စစ်ကောင်စီမှ လိုအပ်သည့် စစ်အင်အားရရှိရေး ကျေးရွာတိုင်းတွင် သူတို့ လေ့ကျင့်ပေးထားသော ပျူစောထီးများအား စစ်ပွဲများတွင် ခေါ်သုံးလာမည်မှာ သေချာသည်။ ဧရာဝတီတိုင်းတွင်လည်း စစ်ကောင်စီက မွေးထားသော ပျူစောထီးများရှိသည်။

    ထို့ပြင် စစ်သားသစ်ရရှိရေး အတင်းအကျပ် စုဆောင်းမှုများ ပြုလုပ်လာတော့မည်ဖြစ်သည်။ ပုံမှန်အခြေအနေဖြစ်နေသော ဧရာဝတီတိုင်း၏ မြို့နယ်အချို့မှာ မကြာခင် စစ်ရိပ်စစ်ငွေ့သန်းလာပြီ ဖြစ်သည်။

  • နိုင်ငံကာကွယ်ရေး တပ်မ​တော်တခုတည်းနှင့်သာ သက်ဆိုင်သည်မဟုတ်ဟု စစ်ခေါင်းဆောင်ပြော

    နိုင်ငံကာကွယ်ရေး တပ်မ​တော်တခုတည်းနှင့်သာ သက်ဆိုင်သည်မဟုတ်ဟု စစ်ခေါင်းဆောင်ပြော

    နိုင်ငံကာကွယ်ရေးတာဝန်မှာ တပ်မ​တော်တခုတည်းနှင့်သာ သက်ဆိုင်သည် မဟုတ်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၂၃ ရက်နေ့က ရန်ကုန်ရှိ ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)တွင် ပြုလုပ်သည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁ ) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ပြောသည်။

    နိုင်ငံကာကွယ်ရေးတာဝန်သည် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသားတိုင်း ယောကျာ်း၊ မိန်းမ အသက်အရွယ်မရွေး ထမ်းရွက်ကြရမည့် မွေးရာပါတာဝန်ဖြစ်ကြောင်း သူက ဆိုသည်။

    လက်ရှိ အမျိုးသမီးစစ်မှုထမ်းများအနေဖြင့် ‌သင်တန်းကျောင်းကသင်ပေးလိုက်သည့်ပညာများကို အမြဲတမ်းလေ့ကျင့်နေရန်၊ အမြဲတမ်းစစ်ရေးသတိရှိရန်၊ အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်ရန် စသည့် မြဲသုံးမြဲကို လက်ကိုင်ထားကြရန်လည်း စစ်ကောင်စီခေါင်းဆောင်က မှာကြားသည်။

    ထို့ပြင် စစ်တပ်အနေဖြင့် နိုင်ငံကာကွယ်ရေးတာဝန်အပြင် အမျိုးသားနိုင်ငံရေးတာဝန်ကိုပါ အောင်မြင်စွာထမ်းရွက်နိုင်ရေးအတွက် တပ်တွင်း ၊ တပ်ပြင် စည်းလုံးညီညွတ်ရေးကို ခိုင်မာစွာ တည်ဆောက်ထားရန်လိုမည်ဖြစ်ပြီး စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များ စုစည်းညီညွတ်ရန် အထူး လိုအပ်သည်ဟုလည်း ပြောသည်။

    လက်ရှိတွင် စစ်ကောင်စီအနေဖြင့် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တိုက်ပွဲများကြောင့် ၎င်းတို့၏ တပ်သားအင်အားများ ပြုန်းတီးခြင်း၊ အရာရှိအဆင့်များအပါအဝင် စစ်ကောင်စီတပ်သားများ တော်လှန်ရေးအင်အားစုများထံ ဘက်ပြောင်းခိုလှုံခြင်းနှင့် စစ်မြေပြင်တွင် တပ်ရင်းလိုက် လက်နက်ချခြင်းများ ကြုံတွေ့နေရသည်။

    အဆိုပါအခြေအနေတွင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဉပဒေကို အသက်သွင်းခဲ့ကာ နိုင်ငံအတွင်းရှိ လူငယ်များကိုဖမ်းဆီးပြီး စစ်တပ်ထဲသွပ်သွင်းလျက်ရှိရာ လက်ရှိတွင် စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၈) အထိရှိလာပြီဖြစ်သည်။

    ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး (BACS)၏ ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ စစ်မှုထမ်းအပတ်စဉ် (၁) မှ (၅) အထိ လူအင်အား ၂၀,၀၀၀ ကျော် စစ်မှုထမ်းစုဆောင်းခံခဲ့ရပြီး သင်တန်းဆင်းများကို ရှေ့တန်းစစ်မျက်နှာပြင်များဆီပို့ဆောင်ခဲ့၍ သေဆုံးဒဏ်ရာရမှုများစွာ တွေ့လာရကြောင်း ဖော်ပြထားသည်။

    ထို့ပြင် စစ်​ကောင်စီ၏ စစ်မှုထမ်းစုဆောင်းခံရသူများထဲတွင် အသက်မပြည့်သူများ ပါဝင်နေကြောင်းလည်း ပြည်သူ့ရင်ခွင် (People’s Embrace) အဖွဲ့က ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်​ပြောဆိုထားသည်။

  • စစ်ဘေးရှောင်သည့် ဂွမြို့နယ်မှ ရခိုင်ပြည်သူ ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးထား

    ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်သို့ စစ်ဘေးရှောင်သည့် ဂွမြို့နယ်မှ ရခိုင်ပြည်သူ ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးထား

    ဧရာဝတီတိုင်း ရေကြည်မြို့နယ်တွင် ရခိုင်စစ်ဘေးရှောင် ၁၀ ဦးထက်မနည်းကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း နီးစပ်သူများထံမှ သိရသည်။

    အာရက္ခတပ်တော် AA နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စစ်ဘေးရှောင်ပြည်သူများကို ဖမ်းဆီးခြင်းဖြစ်ပြီး အဆိုပါစစ်ဘေးဒုက္ခသည်များမှာ ရခိုင်ပြည် ဂွမြို့ဒေသခံများဖြစ်ကြသည်။

    ဂွမြို့နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများကြောင့် ဧရာဝတီဘက်သို့ စစ်ရှောင်သွားကြသည့် ဂွနှင့် သံတွဲက ဒေသခံများအပြားရှိကြသည်။

    “သူတို့တွေက စစ်ရှောင်တွေပါ။ အရပ်သားပြည်သူတွေဖြစ်ကြပါတယ်။ ဘာလက်နက်ကိုင်အဖွဲ့နဲ့မှလည်း ဆက်သွယ်တာ၊ ဆက်စပ်တာမရှိပါဘူး။ ကိုယ့်ဒေသမှာ တိုက်ပွဲတွေကြားမှာ ညှပ်ပြီး အသက်အန္တရာယ်စိုးရိမ်းရလို့ စစ်ရှောင်လာကြတဲ့သူတွေပါ။ ဘာအဖြစ်မှမရှိပါဘူး။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်” ဟု မိသားစုဝင်များနှင့်နီးသူတစ်ဦးက တောင်းဆိုထားသည်။

    ဧရာဝတီတိုင်းထဲ ဝင်ရောက်ခိုလှုံနေကြသည့် ရခိုင်စစ်ရှောင်ဒုက္ခသည်များကို အာဏာသိမ်း စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့များက အသည်းအသန် လိုက်လံစစ်ဆေးခြင်းများ၊ နှင်ထုတ်ခြင်းများကို ပြုလုပ်နေသည်။

    “ရေကြည်လို့ မဟုတ်ဘူး။ ပုသိမ်းခရိုင်ထဲမှာလည်း ရခိုင်စစ်ရှောင်တွေဆိုရင် မရမက ရှာဖွေစစ်ဆေးမှုတွေလုပ်တယ်။ မသင်္ကာရင် ဖမ်းခေါ်သွားတယ်။ တချို့က ပိုက်ဆံပေးပြီး ပြန်လွတ်လာတယ်။ တချို့က ပြန်မလွတ်ကြဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလည်း ဧည့်စာရင်းတိုင်ရင် ငွေအများကြီးတောင်းတယ်။ ပြီးတော့ ရေရှည်နေခွင့်မပေးဘူး။ တခြားနေရာတွေကို ရွှေ့ခိုင်းတယ်” ဟု ပုသိမ်ရောက် ရခိုင်စစ်ရှောင်တစ်ဦးက ပြောသည်။

    နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းကလည်း ရေကြည်မြို့နယ် စောပြာကျေးရွာကို လာရောက်ခိုလှုံသည့် ရခိုင်စစ်ရှောင် ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း သိရှိရသည်။

    နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း ရခိုင်ဘက်ကလာသည့် စစ်ရှောင် ၅ ဦးကို ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၈ ရက်နေ့ကလည်း ရခိုင်ပြည်ကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသည့် စစ်ဘေးရှောင် ၂၀ ဦးကို ပုသိမ်မြို့နယ် ငရုတ်ကောင်းမြို့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း၊ ဧရာဝတီတိုင်းတွင် ယခုအချိန်အထိ ဖမ်းဆီးခံရသည့် ရခိုင်စစ်ဘေးရှောင် ဒုက္ခသည် ၆၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း သိရှိရသည်။