ကျွန်တော့်မာနကြောင့် ကျွန်တော့်ဇနီး ဆုံးပါးခဲ့ရပါတယ်

ဒီအကြောင်းအရာဟာ တကယ့်ဘဝဇာတ်ကြောင်း ဝန်ခံချက် ဖြစ်ပါတယ်။

ကျွန်တော်နဲ့ ကျွန်တော့်ဇနီးဟာ တနင်္လာနေ့မနက်ခင်း အလုပ်သွားဖို့ ပြင်ဆင်နေရင်း အသေးအဖွဲကိစ္စလေးတစ်ခုနဲ့ စကားများခဲ့ကြတယ်။

ပေါင်မုန့်ပေါ် ထောပတ်သုတ်ပုံ မသပ်မရပ်ဖြစ်နေတာကို ကျွန်တော် စိတ်ဆိုးပြီး ခက်ထန်တဲ့စကားလုံးတွေနဲ့ ပြောလိုက်မိတယ်။

ကျွန်တော့်စကားသံတွေဟာ မိုးခြိမ်းသလို အခန်းထဲမှာ ပဲ့တင်ထပ်သွားခဲ့တယ်။

အကယ်၍ ဘာဖြစ်လာမယ်ဆိုတာကိုသာ ကျွန်တော် ကြိုသိခဲ့ရင်၊ မျက်လုံးမှိတ်ပြီး ဒီပေါင်မုန့်ကို အသံတိတ်စားပစ်လိုက်မယ်၊ ပြီးတော့ သူ့ကို ပြုံးပြလိုက်မိမှာပါ။ ဒါပေမဲ့ ကျွန်တော် မလုပ်ခဲ့မိဘူး။

ကျွန်တော့်ရဲ့ လေသံကြောင့် သူ နာကျင်ခဲ့ရတယ်။ သူ့ပန်းကန်ကို တွန်းဖယ်လိုက်ပြီး ထမင်းစားပွဲကနေ ဘာမှမစားဘဲ နှုတ်ဆက်စကားတောင် မဆိုဘဲ အလုပ်ကို သွားခဲ့တယ်။

ကျွန်တော်လည်း ဒေါသထွက်နေခဲ့တာကြောင့် နှစ်ယောက်စလုံး အရင်စပြီး ပြန်အဆင်ပြေအောင် မကြိုးစားခဲ့ကြဘူး။

အဲဒီညနေမှာလည်း စကားမပြောဘဲ အိမ်ပြန်လာခဲ့ကြတယ်။ သီးသန့်စီစားပြီး တိတ်ဆိတ်စွာပဲ အိပ်ရာဝင်ခဲ့ကြတယ်။

အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တွေဟာလည်း ဒီအတိုင်းပဲ ကုန်လွန်ခဲ့တယ်။

ကျွန်တော်တို့ရဲ့ မာနတွေက ကျွန်တော်တို့နှစ်ယောက်ကြားမှာ နံရံကြီးတစ်ခုကို တည်ဆောက်ခဲ့တယ်။

ကြာသပတေးနေ့ ညစာစားချိန်မှာတော့ သူ နောက်ဆုံးမှာ စကားစပြောလာခဲ့တယ်။ “ဟိုင်း” ဆိုတဲ့ စကားလေးကို တိုးတိုးလေး ပြောခဲ့တယ်။

ကျွန်တော် ပြန်ဖြေချင်ခဲ့ပေမယ့် ကျွန်တော့်မာနက တားဆီးထားခဲ့တယ်။ ဘာမှမကြားသလို ဟန်ဆောင်ပြီး ဆက်စားနေခဲ့တယ်။ ပြီးတော့ ထရပ်ပြီး ထွက်သွားခဲ့တယ်။

ဒါပေမဲ့လည်း သူက ကျွန်တော့်ကို အပြုံးလေးတစ်ခုနဲ့ ပြုံးပြခဲ့တယ်။ အဲဒီအပြုံးလေးက ဘယ်နှလုံးသားကိုမဆို အရည်ပျော်စေနိုင်ပါတယ်။

ဒါပေမဲ့ ကျွန်တော် ကိုယ့်ကိုယ်ကို အတင်းအကျပ် ဆန့်ကျင်ခဲ့တယ်။ “ဒီရန်ပွဲကို အဆုံးသတ်ချင်ရင် သူကပဲ အရင်တောင်းပန်သင့်တယ်၊ ငါမဟုတ်ဘူး” လို့ ကိုယ့်ကိုယ်ကို ပြောခဲ့တယ်။

အဲဒီညမှာပဲ ကျွန်တော်တို့အကြိုက်ဆုံးသီချင်းကို ညည်းရင်း သူ ရေချိုးခန်းထဲ ဝင်သွားခဲ့တယ်။

အကယ်၍ ကျွန်တော် သိပ်ပြီးတော့ ခေါင်းမာနေခဲ့တာ မဟုတ်ဘူးဆိုရင် ကျွန်တော်လည်း သူ့နောက်လိုက်သွားမိမှာပဲ။

ကျွန်တော်တို့ အမြဲတမ်းလုပ်ခဲ့သလိုပေါ့။ ဒါပေမဲ့ အဲဒီအချိန်လေးကိုလည်း ကျွန်တော့်မာနက လုယူသွားခဲ့ပြန်တယ်။

သူ ရေချိုးခန်းထဲက ပြန်ထွက်လာတော့ ကျွန်တော် အိပ်ချင်ယောင်ဆောင်နေခဲ့ပြီ။ မနက် ၃ နာရီလောက်မှာ သူ ကျွန်တော့်ကို ညင်သာစွာပုတ်ပြီး နှိုးဖို့ကြိုးစားခဲ့တယ်။ ကျွန်တော် သူ့လက်ကို ပုတ်ဖယ်လိုက်မိတယ်။ သူ အနားယူချင်လို့ ထင်ခဲ့တယ်။ ဒါဟာ သူ့ရဲ့ နောက်ဆုံးထိတွေ့မှု ဖြစ်လိမ့်မယ်ဆိုတာကို ကျွန်တော် မသိခဲ့ဘူး။

ကျွန်တော် ပြန်အိပ်ပျော်သွားခဲ့တယ်။ မနက် ၇ နာရီ ၁၅ မိနစ်မှာ အလုပ်နောက်ကျမှ နိုးလာတော့ သူက အိပ်ရာထဲမှာ ရှိနေသေးတယ်။ ကျွန်တော် သူ့ကို တစ်ခွန်းမှ မပြောခဲ့ဘူး။

အဲဒီအချိန်မှာ ကျွန်တော့်မာနက ကျွန်တော့်အချစ်ထက် ပိုသန်မာနေခဲ့တယ်။ ကျွန်တော် အမြန်ပြင်ဆင်ပြီး မနက်စာစား၊ နောက်လှည့်တောင်မကြည့်ဘဲ အိမ်ကနေ ထွက်သွားခဲ့တယ်။

အဲဒီညနေမှာ အိမ်ပြန်ရောက်တော့ အိမ်က တစ်မျိုးကြီး ဖြစ်နေတယ်။ တံခါးက ဟနေတုန်းပဲ။ စားပွဲကလည်း ကျွန်တော် မနက်ကထားခဲ့တဲ့အတိုင်း မထိရသေးဘူး။ ကျွန်တော့်ရင်ထဲ တင်းကျပ်လာတယ်။

အပြေးအလွှား အပေါ်ထပ်တက်ကြည့်လိုက်တော့ သူက အိပ်ရာထဲမှာပဲ လဲလျောင်းနေတုန်း။ ကျွန်တော် သူ့ဆီအပြေးသွားတော့ ဖုန်းက လက်ထဲကနေ ချော်ကျသွားခဲ့တယ်။

“ဘေဘီ…” ကျွန်တော် တုန်ယင်စွာ တိုးတိုးလေး ခေါ်လိုက်တယ်။

သူ့အရေပြားက အေးစက်နေတယ်။ ရင်ဘတ်က လှုပ်ရှားနေခြင်းမရှိဘူး။ ကျွန်တော် သူ့ဘေးမှာ လဲကျပြီး သူ့နာမည်ကို အော်ငိုခဲ့တယ်။

ရင်ဘတ်ပေါ်မှာ နားထောင်ကြည့်တယ်။ ဘာမှမရှိဘူး။ နှလုံးခုန်သံမရှိဘူး။ အသက်ရှူသံမရှိဘူး။

သူ့ကို ပြန်အသက်ဝင်လာဖို့ အော်ဟစ်တောင်းပန်ခဲ့ပေမယ့် အရမ်းနောက်ကျနေခဲ့ပြီ။

သူ့ကို သင်္ဂြိုဟ်တဲ့နေ့အထိ ဒါဟာ အဖြစ်မှန်လို့ မခံစားခဲ့ရဘူး။ ကျွန်တော့်ဇနီး ဆုံးပါးသွားခဲ့ပြီ။ ဒီအတိုင်းပဲ။

အဲဒီအချိန်မှ ကျွန်တော် အမှန်တရားကို သဘောပေါက်ခဲ့တယ်။

ကျွန်တော့်ဇနီးမှာ ပန်းနာရင်ကျပ်ရောဂါ ရှိတယ်။ အဲဒီည မနက် ၃ နာရီမှာ သူ ကျွန်တော့်ကို နှိုးဖို့ လက်လှမ်းခဲ့တုန်းက ပန်းနာရင်ကျပ်ထနေတာ ဖြစ်လိမ့်မယ်။ သူက ကျွန်တော့်ကို အကူအညီတောင်းနေတာ။

သူ့ရဲ့ ရှူဆေးဘူး၊ အသက်ရှူဖို့၊ အသက်ရှင်ဖို့ တောင်းနေခဲ့တာ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်မာနက အတားအဆီးဖြစ်ခဲ့တယ်။ ကျွန်တော် သူ့လက်ကို ပုတ်ဖယ်လိုက်တယ်။ သူ့ကို ကျောခိုင်းခဲ့တယ်။ ပြီးတော့ ကျွန်တော် ချစ်ခဲ့ရတဲ့အမျိုးသမီးကို ကျွန်တော့်ဘေးမှာတင် သေဆုံးစေခဲ့တယ်။

အဲဒီနေ့ကတည်းက သုံးပတ်ကြာခဲ့ပြီ။ ကျွန်တော့်ကမ္ဘာကြီးဟာ ကွဲကြေသွားခဲ့ပြီ။ ကျွန်တော့်နှလုံးသားဟာ ဟာလာဟင်းလင်းဖြစ်နေခဲ့ပြီ။

အကယ်၍သာ အချိန်ကို ပြန်လှည့်လို့ရမယ်ဆိုရင် ကျွန်တော် ပြောခဲ့တဲ့ ခက်ထန်တဲ့စကားလုံးတိုင်း၊ တိတ်ဆိတ်မှုတိုင်း၊ ခေါင်းမာတဲ့ရွေးချယ်မှုတိုင်းကို ပြန်ပြီး ပြင်ဆင်ချင်ပါတယ်။

ဒီနေ့မှာတော့ ကျွန်တော် လုပ်နိုင်တာတစ်ခုပဲရှိတယ်။ သူ့နာမည်ကို တိုးတိုးလေးခေါ်ပြီး သူကြားနိုင်ဖို့ မျှော်လင့်နေတာပဲ။

“စတီလာ… ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ… တောင်းပန်ပါတယ်… တောင်းပန်ပါတယ်… ကျွန်တော့်အချစ်ရယ်…”

မာနဟာ အချစ်မှာ ဘာအကျိုးမှ မရှိဘူးဆိုတာကို ဘဝက ပြန်ပြီး သတိပေးတတ်ပါတယ်။

စကားများတာ၊ နာကျင်စေတဲ့ စကားတွေပြောတာ၊ စကားမပြောဘဲ နေတာတွေဟာ အဲဒီအချိန်မှာ မှန်တယ်လို့ ထင်ရပေမယ့်၊ အဖိုးတန်တဲ့အချိန်တွေကို လုယူသွားတဲ့ နံရံတွေကိုပဲ တည်ဆောက်ပေးတယ်။

ဘယ်ပေါင်မုန့်၊ ဘယ်အမှား၊ ဘယ်ချို့ယွင်းချက်မှ ကိုယ်ချစ်ရတဲ့သူကို ဆုံးရှုံးရလောက်အောင် တန်ဖိုးရှိတာ မဟုတ်ပါဘူး။

အရေးအကြီးဆုံးကတော့ သည်းခံနားလည်မှု၊ စိတ်ရှည်မှုနဲ့ မာနထက် ငြိမ်းချမ်းမှုကို ရွေးချယ်တတ်ဖို့ပါပဲ။

ဒါကြောင့် အမြန်ခွင့်လွှတ်လိုက်ပါ။ အကျယ်ကြီး ချစ်လိုက်ပါ။ ကိုယ့်ရဲ့ မာနက ကိုယ့်နှလုံးသားကို အသံတိတ်သွားအောင် မလုပ်ပါစေနဲ့။ တစ်နေ့နေ့မှာ အချိန်ကုန်ဆုံးသွားလိမ့်မယ်။

ဘယ်တောင်းပန်မှုကိုမှလည်း ကြားရတော့မှာ မဟုတ်ဘူး။ ဘယ်ပွေ့ဖက်မှုကိုမှလည်း ပြန်ရတော့မှာ မဟုတ်ပါဘူး။ တောင်းပန်လို့ရတုန်းလေး တောင်းပန်လိုက်ပါ။

သူတို့ ကြားနိုင်တုန်းလေး “ချစ်တယ်” လို့ ပြောလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အချစ်ဆိုတာ အငြင်းပွားမှုကို အနိုင်ရဖို့မဟုတ်ဘဲ၊ အရေးအကြီးဆုံးလူကို ဘယ်တော့မှ မဆုံးရှုံးဖို့ပဲ ဖြစ်ပါတယ်။

ဟမ်စိုင်း(ဆေး-မန်း)

ဘာသာပြန်(Real Talk USA page မှ)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *