ကျောက်ဖြူတွင် စစ်ရေယာဉ်တစ်စီးပစ်ခတ်ခံရပြီးမီးလောင်နေကာ တိုက်ပွဲဆက်လက်ပြင်းထန်နေဟုဆို
တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူတွင် ယနေ့ညနေပိုင်းက အာရက္ခတပ်တော် (AA) က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အကြမ်းဖက်ရေတပ်မှ တိုက်ခိုက်ရေး စစ်ရေယာဉ်တစ်စီး မီးလောင်နေကာ အနီးဝန်းကျင်တွင်လည်း တိုက်ပွဲများဆက်လက်ပြီး အပြင်းအထန်ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။
၎င်းတိုက်ခိုက်ရေးစစ်ရေယာဉ်မှာ တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိကျေးရွာများကို လက်နက်ကြီးဖြင့်အဓိကပစ်ခတ်နေသော နေဗီတစ်စီးဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်မှ ပြောသည်။
“အဲဒီနေဗီက ရွာတိုင်းကိုဒုက္ခပေးနေတဲ့နေဗီပါ။ အခုတော့ကျောက်ဖြူပင်လယ်မှာ မီးလောင်နေတယ်။ ဇင်ချောင်း ပင်လယ်ကမ်းခြေကနေ မြင်ရပါကျပါတယ်။ ပင်လယ်မှာ မီးလောင်နေတာကို မြင်ရပါတယ်”ဟု၎င်းက ပြောသည်။
၎င်းနေဗီမီးလောင်နေသည်ကို ကုန်းပေါ်ကနေ မြင်ရပြီး မီးခိုးများဆက်တိုက်ထွက်နေသည်ဟုဒေသခံများကပြောသည်။
မြန်မာအကြမ်းဖက်စစ်တပ်သည် ရမ်းဗြဲမြို့နယ် အစပ်ကနေ ကျောက်ဖြူအနီးထိ စစ်ရေယာဉ် (၁၀) စီးခန့်ကို ချထားကာ AA နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်ဟု သိရသည်။
အလားတူအကြမ်းဖက် မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော်တို့ အကြား တိုက်ပွဲများမှာ ၃ နေရာခန့်တွင် ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည်ဟုသိရသည်။
“အခု ဖြစ်နေတာက ပြိုင်းစေ့ကေနဲ့ မင်းတက်တောင်ကြား၊ သစ်ပုတ်တောင်အနီးအနားနဲ့ပြင်ရှည်ဖက်တွေလည်း တိုက်ပွဲက ဖြစ်နေတယ်”ဟု၎င်းကပြောသည်။
AA ထိန်းချုပ်ထားသည့် နေရာများအနီးရှိ မလကျွန်းနှင့် လိပ်ခမော်ဖက်တွင် လှုပ်ရှားနေသည့် အကြမ်းဖက် စစ်တပ်စစ်ကြောင်း၊ ပြိုင်းစေ့ကေအနီး လှုပ်ရှားနေသည့် စစ်ကြောင်းနှင့် သစ်ပုတ်တောင်ရေတပ်အနီးမှ လှုပ်ရှားစစ်ကြောင်းများနှင့် တိုက်ပွဲဖြစ်နေသည်ဟု သူကပြောသည်။
အကျဆုံးများ၍စစ်တပ်က နောက်ဆုတ်သွားပြီး တိုက်ပွဲများ တစ်ပတ်ခန့်ရပ်နားထားပြီးနောက် ယခုရက်ပိုင်းတွင်ပြန်လည်၍ ရင်ဆိုင်တိုက်ပွဲများဖြစ်နေသည်ဟုသိရသည်။


Leave a Reply