ကရင်အမျိုးသားအစည်းအရုံး(KNU)ကို နိုင်ငံတော် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ အေးချမ်းသာယာရေးကို နှောင့်ယှက်မှုကြောင့် မတရားအသင်းအဖြစ် ကြေညာကြောင်း အာဏာသိမ်းစစ်တပ်က ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် အဖွဲ့ဝင်များ၊ ၄င်းတို့ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့် ဆက်နွယ်သူများသည် နိုင်ငံတော်တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် အေးချမ်းသာယာရေးကို အန္တရာယ်အနှောက်အယှက်ဖြစ်စေသည်ဟု ယုံကြည်ကြောင်း အာဏာသိမ်းစစ်တပ်က ဆိုထားသည်။
ထိုသို့ စစ်တပ်က မကြေညာမီ သြဂုတ်လ (၁၂)ရက်နေ့ (၇၅) နှစ်ပြည့် ကရင့်အမျိုးသားအာဇာနည်နေ့တွင် KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက စစ်တပ်၏ ရွေးကောက်ပွဲ မဖြစ်မြောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် မှတ်ယူရန် မိန့်ခွန်းပြောကြားထားသည်။
ထို့နောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပိုင်းတွင် စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲသည် ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုခြင်းဖြစ်ပြီး နိုင်ငံစီမံအုပ်ချုပ်ရေးတွင် စစ်အာဏာတည်မြဲရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ကာ နိုင်ငံအတွက် ပဋိပက္ခ ပိုမိုကြီးထွားလာရေးကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဆိုထားသည်။

ထို့အပြင် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU)နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်၏ ဥကရစ်ထစခန်းအပါအဝင် နယ်စပ်စခန်း အားလုံးနီးပါးကို သိမ်းပိုက်ထားသည်။
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို စစ်ကြောင်းထိုးနေသည့် စစ်တပ်၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းသည်လည်း KNLA ပူးပေါင်းတပ်ဖွဲ့များ၏ တားဆီးပိတ်ပင်ထားမှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ရှိနေသည်။
အဆိုပါ အောင်ဇေယျ စစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်မှုထမ်း တပ်သားများသည်လည်း တော်လှန်ရေးတပ်ဖွဲ့များထံ မကြာခဏ လက်နက်ချ၊ အလင်းဝင်နေကြသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း မြန်မာနိုင်ငံအနှံ့အပြားရှိ အရပ်သားပြည်သူများ၊ ဘုန်းကြီးကျောင်းများ၊ စစ်ရှောင်စခန်းများကို ဗုံးကြဲတိုက်ခိုက်နေသည့် စစ်တပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဂုတ်ထိပ်တံတား ပျက်စီးမှုကြောင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ၄င်းတို့ ဝါဒဖြန့် မီဒီယာများတွင် ရေးသားပြောဆိုထားပြန်သည်။

KNU ကို မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် စစ်ကော်မရှင်၏ ကြေ ညာချက်သည် စစ်ရေးဖိအားပေးရန်ဖြစ်ဟု စစ်ရေးအကဲခတ်များ သုံးသပ်
စစ်ကော်မရှင်က ကရင်အမျိုးသားအစည်းအရုံး (KNU) ကို မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်းသည် သပ်လျှိုသွေးခွဲ၍ မရသည့်နောက် စစ်အရှိန်မြှင့် တိုက်ခိုက်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း စစ်ရေးအကဲခတ်နှင့် ဥပဒေပညာရှင်တို့က ထောက်ပြသည်။
မဲစာရင်း အကြောင်းပြချက်ဖြင့် အတင်းအဓမ္မ အာဏာသိမ်းကာ နိုင်ငံတစ်ဝန်း နေ့စဉ်ဗုံးကြဲ တိုက်ခိုက် နေသော စစ်ကော်မရှင်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ထိုးထားသည့် KNU ကို ယမန်နေ့ ဩဂုတ် ၂၈ ရက်တွင် မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
စစ်ကော်မရှင်သည် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၄ နှစ်ကုန်ပိုင်းအထိ KNU အဖွဲ့အတွင်း သပ်လျှို သွေးခွဲရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သည့်အပြင် KNU ၏ ခုခံမှုများကြောင့် တပ်စခန်းများစွာ ဆုံးရှုံးခဲ့ရကြောင်း ကရင်စစ်ရေးလေ့လာသူတစ်ဦးထံမှ သိရသည်။

“KNU ဟာ ပြည်သူလူထုမနာ၊ ရွာမကျေအောင်ဆိုတဲ့ မဟာဗျူဟာနဲ့ စစ်ကော်မရှင်ကို ခုခံတိုက်ခိုက် ခဲ့တယ်။ ၂၀၂၄ ခုနှစ်၊ နှစ်လယ်ပိုင်းလောက်မှာ KNU အကြီးအကဲတွေက စစ်ကော်မရှင်ကို နိုင်ငံရေးက နုတ်ထွက်ဖို့ တရားဝင်ပြောဆိုထားပြီးဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
NCA ကို ချိုးဖောက်၍ အာဏာသိမ်းယူထားသည့် စစ်ကောင်စီ (အမည်ပြောင်း) စစ်ကော်မရှင်အား နိုင်ငံရေးက နုတ်ထွက်ရန်နှင့် စစ်ရာဇဝတ်မှုအပါအဝင် ဖောက်ဖျက်ကျူးလွန်ထားသမျှ တာဝန်ခံ ရန်တို့ကို KNU ခေါင်းဆောင်များနှင့် ပြောခွင့်ရများက တရားဝင် ထုတ်ပြန်ပြောဆိုထားပြီးဖြစ်သည်။
စစ်ကော်မရှင်သည် KNU အား သပ်လျှိုသွေးခွဲ၍ မရသလို ခုခံတော်လှန်မှုများကြောင့် ၎င်းတို့၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းအပါအဝင် တပ်စခန်းများ အထိနာစစ်ရှုံး လက်လွှတ် ခဲ့ရသဖြင့် ယခုလို ကြေညာချက်ထုတ်ပြန်၍ စစ်ရေးအရှိန်မြှင့် ပိုမိုတိုက်ခိုက်လာနိုင်ကြောင်း စစ်ရေး အကဲခတ်များက ဆိုသည်။

စစ်ကော်မရှင်ကမူ KNU နှင့်အဖွဲ့ဝင်များ၊ ယင်းအဖွဲ့က ဖွဲ့စည်းထားသော အဖွဲ့အစည်းများ၊ ၎င်းတို့နှင့် ဆက်နွယ်သည့် ပုဂ္ဂိုလ်များ၏ ရည်ရွယ်ချက်နှင့် လုပ်ရပ်များမှာ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ် အေးချမ်းရေး၊ အေးချမ်းသာယာရေးတို့ကို အနှောင့်အယှက် အန္တရာယ်ဖြစ်စေသည်ဟု စွပ်စွဲထုတ်ပြန် ထားသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အနှောင့်အယှက် အန္တရာယ်ဖြစ်စေသည်ဟု ယုံကြည်ယူဆသဖြင့် KNU ကို မတရားအသင်းအဖြစ် ကြေညာကြောင်း စစ်ကော်မရှင် ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကော်မရှင်၏ ကြေညာချက်သည် သူခိုးက လူကိုပြန်အော်သလို ဖြစ်နေပြီး KNU ကို မတရား အသင်းအဖြစ် ကြေညာခြင်းကြောင့် KNU နှင့် ပတ်သက်သူများ ဖမ်းဆီးခံရမှု ပိုများလာနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက သုံသပ်ပြောကြားသည်။
“စစ်တပ်က တုန့်ပြန်တာ ပိုကြမ်းလာမယ်။ အရင်ကတည်းက ဥပဒေမဲ့ ဖမ်းဆီးတာတွေ ထင်တိုင်းကြဲ ခဲ့တာတွေရှိတော့ အခုကြေညာချက်က တိုင်းပြည်ရဲ့ သူပုန်ဖြစ်နေတဲ့ စစ်တပ်ဟာ တရားဝင် လူသတ် နိုင်ဖို့ ကိုယ်ကိုတိုင် လူသတ်လိုင်စင် ထုတ်လိုက်တာ” ဟု စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ စစ်ကော်မရှင်က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာရာတွင်လည်း KNU သည် လမ်း၊ တံတား များအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ မြို့ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒရုန်းဗုံးများချ၍ တိုက်ခိုက်ခြင်း စသည်တို့ကို လုပ်ဆောင်နေသည်ဟု စွပ်စွဲ ဖော်ပြထားသည်။

“ယာယီသမ္မတရဲ့ သက်တမ်းကို ၂၀၀၈ ခြေဥကနေ ဘယ်လောက်လို့ သတ်မှတ်ထားလဲ။ ဦးမြင့်ဆွေ မသေခင် ယာယီသမ္မတ(တာဝန်)ကို လွှဲပြောင်းရယူထားတယ်လို့ ပြောပြီး ဦးမြင့်ဆွေသေရင် တပ်ချုပ်က ယာယီသမ္မတ ဖြစ်ခွင့်ရှိတယ်လို့ ၂၀၀၈ ခြေဥမှာ ပြဋ္ဌာန်းချက်ရှိထားလို့လား” ဟု ဥပဒေပညာရှင် စောဘဦးလေးက ထပ်မံပြောသည်။


အာဏာသိမ်း စစ်ကော်မရှင်က ထိုကဲ့သို့ မတရားအသင်း၊ အကြမ်းဖက်အဖွဲ့အဖြစ် ထုတ်ပြန်ကြေညာ ခြင်းနှင့် ပတ်သက်၍ KNU ၏ သဘောထားကို သိရှိနိုင်ရန် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ရှိတိုင် ပြန်လည်ဖြေကြားထား ခြင်းမရှိသေးပေ။


Leave a Reply