အရပ်ဝတ်အမျိုးသားကို အဓမ္မပြုကျင့်နေတဲ့ အဖွဲ့က စစ်တပ်လက်အောက်ခံ မုံးပေါ်ပြည်သူ့စစ် တွေ ဖြစ်
ယနေ့ စက်တင်ဘာလ ၃ ရက်တွင် Facebook ပေါ်မှာ ယူနီဖောင်းဝတ်လက်နက်ကိုင်တွေက အရပ်ဝတ် အမျိုးသားနှစ်ဦးကို မြေပေါ် မှောက်လှဲခိုင်းပြီး တဦးကို အဓမ္မပြုကျင့်နေတဲ့ ဗီဒီယိုတခု ပျံ့နှံ့လာပါတယ်။
အဲဒီဗီဒီယိုရဲ့ အောက် ကွန်မန့်တွေမှာ ကျူးလွန်သူတွေက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
အဲဒီလိုပဲ ကျူးလွန်သူတွေဟာ SNA တပ်ဖွဲ့ဝင်တွေ မဟုတ်ကြောင်း ချေပသူတွေလည်း ရှိပါတယ်။
ဗီဒီယိုထဲမှာ ယူနီဖောင်းဝတ်ဆင်တဲ့သူတဦးမှာ လက်မောင်းတံဆိပ် တွေ့ရပါတယ်။ အဲဒါက အစိမ်း၊ အနီ၊ အဝါ သုံးရောင်ကို နောက်ခံအဖြစ် အသုံးပြုထားပြီး အလယ်မှာ နေဝန်းတံဆိပ် ကို တွေ့ရတာပါ။
ဗီဒီယိုထဲမှာ မြန်မာဘာသာစကားကို ပြောဆိုတာ ကြားရပါတယ်။ အခြားဗီဒီယိုက အသံကို ယူပြီး သုံးထားလား ဆိုတာကို စိစစ်ကြည့်တော့လည်း ဗီဒီယိုနဲ့ အသံက တခုတည်း ဖြစ်တာကို စိစစ်အတည်ပြုနိုင်ခဲ့ပါတယ်။
အသေးစိတ် လေ့လာကြည့်တော့ အဲဒီလို လက်မောင်းတံဆိပ်တွေဟာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေ ရဲ့ ယူနီဖောင်းမှာ ပါလေ့ရှိတာကို တွေ့ရပါတယ်။
နောက်ဆုံးမှာတော့ အဲဒီလက်မောင်းတံဆိပ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီအဖွဲ့ဟာ မူဆယ်မြို့နယ်ထဲက မုံးပေါ်ပြည်သူ့စစ် အဖွဲ့ ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။
မုံးပေါ်ပြည်သူ့စစ်ဆိုတာ ၂၀၂၁ စစ်တပ် အာဏာမသိမ်းခင်ကတည်းက ကိုးကန့်တပ် MNDAA ကနေ ခွဲထွက်ထားခဲ့တဲ့အဖွဲ့ဖြစ်ပြီး စစ်တပ်လက်အောက်ခံအဖြစ် ပြောင်းထားတဲ့ အဖွဲ့ပါ။
ရှမ်းမြောက် တရုတ်နယ်စပ် မုံးကိုးမြို့နယ်ထဲမှာ မုံးပေါ်ဒေသရှိပြီး အဲဒီအဖွဲ့ရဲ့ အခြေစိုက်ရာလည်း ဖြစ်ပါတယ်။
ဗီဒီယိုပါ ဖြစ်စဉ်ရဲ့ အကြောင်းအရင်းကို အတည်မပြုနိုင်သေးပေမယ့် ကျူးလွန်သူတွေဟာ မုံးပေါ်ပြည်သူ့စစ် အဖွဲ့ ဖြစ်တယ်ဆိုတာကို အတည်ပြု တွေ့ရှိခဲ့ပါတယ်။


Leave a Reply