စကခ(၁၃) ဒုစကခမှူး ဗိုလ်မှူးချုပ် မျိုးသန့် မြိတ်-ထားဝယ်လမ်းပိုင်းတိုက်ပွဲတွင်သေဆုံး

စစ်အုပ်စုက နာ​ရေးကို အကျဥ်းချုပ်လုပ်ခိုင်းပြီး စကခမှူးကို စုံခုံဖွဲ့စစ်​ဆေး

အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစကခမှူး ဗိုလ်မှူးချုပ် မျိုးသန့်သည် မြိတ်-ထားဝယ်လမ်းပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီး နာရေးကို စစ်ကောင်စီက အကျဉ်းချုပ်ပြုလုပ်ခဲ့သည်။

ဗိုလ်မှူးချုပ် မျိုးသန့် လိုက်ပါ လာသော ယာဉ်တန်းသည် ပြီးခဲ့သည်ဩဂုတ်လ ၂၅ ရက်က ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ ထောင်ယွန်းကျေးရွာအနီးတွင် တိုက်ခိုက်ခံရခြင်းဖြစ်​ကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

“ထုံးစံအတိုင်းပဲ။ တိုက်ပွဲကျပြီးမှူးချုပ်(ဗိုလ်မှူးချုပ်) ရာထူးတိုးပေးလိုက်တယ်။ နာရေးကို သတင်းမထွက်စေရလို့ညွှန်ကြားချက်ရှိတယ်။ သူပေါ့လျော့လို့ ဖြစ်တာ။ အခုကစခကမှူးလည်းစုံခုံစစ်ခံနေရတယ်” ဟုအဆိုပါသတင်းရင်းမြစ်ကပြောသည်။

ဗိုလ်မှူးချုပ် မျိုးသန့်သည် မသေဆုံးမီက ဗိုလ်မှူးကြီးရာထူးဖြစ်သည်။ သေဆုံးပြီးနောက် ဗိုလ်မှူးချုပ်ရာထူးတိုးပေးခြင်းဟုသိရသည်။ နာရေးကို ဩဂုတ်လ ၂၇ရက်က ပြုလုပ်ခဲ့သည်ဟု စုံစမ်းသိရသည်။

နာရေးကို လုံခြုံရေးအထပ်ထပ်ဖြင့် ပြုလုပ်ခဲ့ပြီး အုတ်ဂူ‌ ဘေးတွင် ငိုယိုနေသော ဗိုလ်မှူးချုပ်မျိုးသန့်၏ မိန်းမဓာတ်ပုံကို စစ်ကောင်စီဝါဒဖြန့်ချီရေး သီးသန့်လူမှုကွန်ရက်စာမျက်နှာများတွင် အချင်းချင်း မျှဝေထားကြသည်။

ဩဂုတ်လ၂၅ရက်နေ့က တိုက်ခိုက်ခံရမှုတွင် ဗိုလ်မှူးချုပ် မျိုးသန့်အပါအဝင် စစ်ကောင်တပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးပြီး ရုပ်အလောင်းများကို လေကြောင်း ပစ်ကူဖြင့် သယ်ယူသွားခြင်းဟု ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်ကပြောသည်။

ဗိုလ်မှူးချုပ်မျိုးသန့် သေဆုံးခြင်းနှင့် ယာဉ်တန်းတိုက်ခိုက်ခံရမှုအတွက် စကခ (၁၃) စကခမှူး ဗိုလ်မှူးချုပ် ဇေယျာလင်းကို စစ်ကောင်စီက စစ်ဆေးနေခြင်းဖြစ်​ကြောင်းစုံစမ်းသိရသည်။

တနင်္သာရီတိုင်း ၊ဘုတ်ပြင်းမြိုမှ လေညာမြို့ဘက် တက်လာသော စစ်ကောင်စီတပ်၏ယာဥ်တန်းအား သြဂုတ် ၂၅ ရက်တွင်စောင့်ကြိုတိုက်ခိုက်မိုင်းဆွဲခဲ့ရာ စစ်ဦးစီးမှူး G2 အဆင့်အရာရှိ အပါအဝင် စစ်ကောင်စီတပ်သား (၂၀) ဦးထပ်မနည်း သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

ဩဂုတ် ၂၅ရက်နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်၏ ယာဉ်တန်း ကား(၃)စီးအား ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း(၂၀၃)၊ တပ်ခွဲ(၂)က ထောင်ယွန်းကျေးရွာအနီးတွင် စောင့်ကြိုတိုက်ခိုက်မိုင်းဆွဲခဲ့ခြင်းဖြစ်သည်။တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ထိခိုက်သေဆုံးများခဲ့ရာ စစ်ကောင်စီယာဉ်များ ဘုတ်ပြင်းဘက် ပြန်လည်ဆုတ်ခွာသွားကြောင်း ဖော်ပြသည်။

စကခ(၁၃)သည် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့တွင် အခြေစိုက်သည်။လက်ရှိတွင် ဘုတ်ပြင်းမြိုနယ်အပြင် ပလော၊ ပလောက်စသည့် ပြည်ထောင်စုလမ်းမကြီး၏ လမ်းပိုင်းမြို့နယ်များ၌ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေကြောင်း တနင်္သာရီစစ်ဒေသမှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

(​သေပြီး​နောက် ရာထူးတိုးသွား​သောဗိုလ်မှူးချုပ်မျိုးသန့် ၏ အုတ်ဂူအနီး ၎င်း၏ ဇနီးကို​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်တပ်​ထောက်ခံသူများ၏လူမှုကွန်ယက်)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *