သပိတ်ကျင်းမြို့နယ် ကျောက်ဖြူရွာက ကလေးတွေ စာသင်ကြားနေတဲ့ နေအိမ် လေကြောင်းနဲ့ တိုက်ခိုက်ခံရ

ကလေးငယ်တစ်ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ် ကျောက်ဖြူရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ စက်တင်ဘာ ၇ ရက် နေ့လည် ၂ နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်က ကျောက်ဖြူကျေးရွာထဲက စာသင်ကြားနေတဲ့ နေအိမ်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ (၁၀) နှစ်အရွယ် ကလေးငယ် (၁) ဦး သေဆုံးခဲ့ပြီး ကလေးငယ် (၅) ဦး အပါအဝင် အရပ်သားပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သားပစ်မှတ်တွေ ဖြစ်တဲ့ ပြည်သူပိုင် နေအိမ်၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို မကြာခဏ ဦးတည် တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ စစ်ရာဇဝတ်မှုမြောက်ပြီး အလွန်အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မန္တလေး PDF က ဆိုပါတယ်။

သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာဝန်းကျင်မှာတော့ မန္တလေး–မိုးကုတ် လမ်းမကြီးကို ထိန်းချုပ်ဖို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီနေ့ စက်တင်ဘာ ၇ ရက်အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

“ဒီနေ့ မနက်တော့ လက်နက်ကြီးတော့ ပစ်တာတော့ ရှိတယ်။ စစ်ကောင်စီဘက်က ဆက်ထိုးနိုင်တာတော့ မရှိသေးဘူး။ ဒီနေ့ ဗုံးကြဲခံရတဲ့ ကျောက်ဖြူရွာက အခုတိုက်ပွဲ ဖြစ်နေတဲ့ ရွာနဲ့ အဝေးကြီးပဲ” လို့ မြေပြင်သတင်းအရင်းမြစ် တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မန္တလေးတိုင်းထဲက သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာ မြို့နယ်တွေမှာ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာ တွေ့ရပါတယ်။

ဓာတ်ပုံ – MDY PDF

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *