ရွေးကောက်ပွဲမှာ ဆက်လက်ပါဝင်ခွင့် ရဖို့ ကြိုးပမ်းနေတယ်လို့ ပါတီဖျက်သိမ်းခံရတဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက စက်တင်ဘာ ၁၀ ရက်မှာ ပန်ကြားလွှာ ထုတ်ပြန်ပါတယ်။

သတ်မှတ်ပါတီဝင်အင်အား မပြည့်မီတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ နဲ့ ပါတီရုံးခန်း မပြည့်မီတဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးပါတီ (မွန်) နဲ့ ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီ တို့ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းမှ ပယ်ဖျက်ပြီး ပါတီတွေကို ဖျက်သိမ်းလိုက်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၉ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၅ အထွေထွေရွေးကောက်ပွဲမှာ NDF ပါတီအနေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့အညီ ပြန်လည်မှတ်ပုံတင်ပြီး ပါတီရုံးခန်း ပြည့်မီရေး ပါတီဝင်အင်အား ရရှိရေးအတွက် နိုင်ငံရေးအကျပ်အတည်းတွေကြားက ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
ပါတီဖျက်သိမ်းခံရတဲ့အတွက် NDF ပါတီအနေနဲ့ ၂၀၂၅ အထွေထွေ ရွေးကောက်ပွဲ အခင်း အကျင်းမှာ ဆက်လက်ပါဝင်ဖို့ အခွင့်အရေး ဆုံးရှုံး ခဲ့တဲ့အပေါ် မဲဆန္ဒရှင် ပြည်သူတွေကို အနူးအညွတ် တောင်းပန်တယ်လို့ ပန်ကြားလွှာမှာ ဖော်ပြထားပါတယ်။

အခွင့်အရေးရှိပါက ရွေးကောက်ပွဲမှာ ဆက်လက်ပါဝင်ခွင့်ရဖို့ ကြိုးပမ်းဆောင်ရွက်နေပြီး မိမိတို့အနေနဲ့ နိုင်ငံရေးနည်းလမ်းကို မမှိတ်မသုန် ဆက်လက်ကိုင်စွဲ ဆောင်ရွက်သွားမယ်လို့လည်း ပန်ကြားချက်အရ သိရပါတယ်။
လက်ရှိတိုင်းပြည်အသွင်ကူးပြောင်းရေးကဏ္ဍတွေမှာလည်း မိမိတို့အနေနဲ့ တတ်စွမ်းနိုင်တဲ့ ကိုယ်စွမ်းဉာဏ်စွမ်းတွေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ပန်ကြားချက်မှာ ဖော်ပြပါရှိပါတယ်။
၂၀၂၅ အထွေထွေရွေးကောက်ပွဲ အခင်းအကျင်း မှာလည်း NDF ပါတီဝင်တွေ အနေနဲ့လည်း မိမိတို့ တစ်ယောက်ချင်း ဆန္ဒနဲ့ နိုင်ငံသားအခွင့်အရေးအရ သော်လည်းကောင်း၊ ဒီမိုကရေစီအခွင့်အရေးအရ သော်လည်းကောင်း တစ်သီးပုဂ္ဂလ ဒါမှမဟုတ် နိုင်ငံရေးယုံကြည်ချက် တူညီတဲ့ နိုင်ငံရေးပါတီ တွေကနေ ပါဝင်ယှဉ်ပြိုင်ကြဖို့ လေးစားစွာ တိုက်တွန်းတယ်လို့လည်း ပန်ကြားချက်မှာ ဖော်ပြထားပါတယ်။

ဖျက်သိမ်းခံရတဲ့ နိုင်ငံရေး ပါတီတွေထဲမှာတော့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ (NDF)၊ အမျိုး သား နိုင်ငံရေး ဒီမိုကရက်တစ်ပါတီ နဲ့ အမျိုးသမီးပါတီ (မွန်) တို့က ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ပြိုင်ဖို့ မှတ်ပုံတင်ခဲ့တာ ဖြစ်ပြီး ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီကတော့ တိုင်းဒေသကြီး/ပြည်နယ်အတွင်း ဝင်ပြိုင်ဖို့ မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။


Leave a Reply