(၈) နာရီနီးပါးကြာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အလောင်း (၆၀) ကျော်နဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေ၊ လက်နက် ခဲယမ်းတွေကို AA မှ သိမ်းဆည်းရမိ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ရန်သူ့အလောင်း (၆၀) ကျော်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ၊ လက်နက်ခဲ့ယမ်းတွေကို အာရက္ခတပ်တော် (AA)က သိမ်းဆည်းရမိခဲ့တယ်လို့ ဒီကနေ့ သတင်းထုတ်ပြန်ရာမှာ ဖော်ပြထားပါတယ်။

ဒီတိုက်ပွဲဟာ စက်တင်ဘာ ၇ ရက် နံနက် (၁၁) နာရီ (၁၅) မိနစ်မှာ ဒုတိယစစ်ကြောင်းအနေနဲ့ ထပ်မံထိုးစစ်ဆင် တိုက်ခိုက်လာခဲ့တဲ့ စကခ (၁၇) လက်အောက်ခံ၊ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပန် အခြေစိုက်၊ ခလရ (၂၉၅) ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် ဦးဆောင်လာတဲ့ တပ်ရင်းနဲ့ ဖြစ်ပွားခဲ့တာလို့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတိုက်ပွဲဟာ (၈) နာရီနီးပါးကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်အလောင်း (၆၀) ကျော်နဲ့ စစ်အသုံး အဆောင် ပစ္စည်းများ၊ လက်နက် ခဲယမ်းတွေကို အာရက္ခတပ်တော်မှ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။

အကြမ်းဖက် စစ်တပ်ဟာ ကစဉ့်ကလျားဆုတ်ခွာ ထွက်ပြေးနေကြပြီး ထွက်ပြေးကြတဲ့ ရန်သူတွေကို အာရက္ခတပ်တော်က လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိနေတယ်လို့ ဆိုပါတယ်။

နောက်ထပ် တိုက်ပွဲ တစ်ခုကတော့ အခြားသောနေရာတစ်ခုဖြစ်တဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာရဲ့ အရှေ့မြောက်ဘက် မီတာ (၂၀၀) ခန့် အကွာအဝေး(တစ်နည်းအားဖြင့်) နတ်ရေကန်ကုန်းရဲ့ တောင်ဘက် ဝေဠုဝန်ကျောင်းဘက်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်တပ်ဟာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်၊ ညနေ (၅) နာရီ (၂၀) မိနစ်အချိန်တွင် တတိယ စစ်ကြောင်းအဖြစ် အာရက္ခတပ်တော်ကိုထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့အတွက် အဲဒီနေရာမှ တိုက်ပွဲ ၃ နာရီကြာဖြစ်ပွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အဲဒီ စစ်ကြောင်းလည်း သုံးနာရီခန့်ကြာ ထိုးစစ်အပြီး ယခင်စစ်ကြောင်းတွေနည်းတူ အထိနာပြီး တပ်လန်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရန်သူရဲ့ တတိယစစ်ကြောင်း ထိုးစစ်အတွင်းမှာ မျက်မြင် (၁၀) ဦးခန့်ကျဆုံးကာ ဒဏ်ရာ အများအပြားရရှိသွားခဲ့သလို လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေကို အာရက္ခတပ်တော်က ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၁၀ ရက် အာရက္ခတပ်တော် ထုတ်ပြန်တဲ့ တိုက်ပွဲ သတင်းထုတ်ပြန်ချက် အပြည့်အစုံကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။

——

တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်

ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကောင်စီသည် စကခ (၁၇) လက်အောက်ခံတပ်ရင်းများ ဖြစ်ကြသော ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တပ်ရင်းများအပြင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရဥပဒေအောက်တွင် ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သား စုဆောင်းထားခြင်း၊ စစ်သင်တန်းပေးခြင်းကို ခံခဲ့ရပြီးနောက် စစ်သင်တန်းဆင်းလာသော ရဲဘော်သစ်များဖြင့် စုဖွဲ့ထားသည့် တပ်ရင်းများဖြင့် စုပေါင်းကာ ဧရာဝတီတိုင်း-ရက္ခိုင်အစပ်၊ မကွေးတိုင်း-ရက္ခိုင်အစပ်နေရာများ၌ ၎င်းတို့ စစ်ရှုံး၍ ပေးထားခဲ့ရသော နေရာများကို ပြန်လည်ရရှိရန် ကြိုးပမ်း အားထုတ်သော ထိုးစစ်များ ကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ထို့ကြောင့် ယခုရက်များအတွင်း အဆိုပါနေရာများ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။

အထူးသဖြင့် ရန်သူသည် မကွေးတိုင်း၊ နတ်ရေကန်ကုန်းဘက်တွင် ထိုးစစ်များကို ပိုမို ပြုလုပ်လျက်ရှိသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်၊ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ ၏ အရှေ့မြောက်ဘက် မီတာ (၂၈၀၀) ခန့်အကွာအဝေးတွင် ဖြစ်ပွားခဲ့သော နှစ်နာရီကျော်ကြာ တိုက်ပွဲအတွင်း အထိနာတပ်လန်ခဲ့သော စကခ (၁၇) လက်အောက်ခံ တပ်ရင်းများထဲမှ

နောက်ထပ် တပ်ရင်းတစ်ခုဖြစ်သော ဒုဗမက ပြည့်ဖြိုးအောင် ဦးဆောင်လာသည့် ရှမ်းပြည်အရှေ့ပိုင်း မိုင်းပန်အခြေစိုက်၊ ခလရ (၂၉၅) တပ်ရင်းသည်လည်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့၊ နံနက် (၁၁) နာရီ (၁၅) မိနစ်မှ စတင်၍ ဒုတိယစစ်ကြောင်းအနေဖြင့် ထပ်မံထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။

ဤစစ်ကြောင်းသည် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ ၏ အရှေ့မြောက်ဘက် မီတာ (၃၀၀၀) ခန့်အကွာအဝေးရှိ မိမိတို့ တပ်ဖွဲ့ဝင်များအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယခင်ရက်များ၌ စွန်တက်ကျေးရွာ၏ အရှေ့တောင်ဘက်မှ ထိုးစစ်ဆင်ရာတွင် ထိရောက်မှုမရှိဘဲ တပ်လန်သွားခဲ့သောကြောင့် နောက်ထပ်တစ်နေရာမှ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပုံပေါက်သည်။

သို့သော်လည်း အာရက္ခတပ်တော်၏ ခုခံစစ်နှင့်တန်ပြန်ထိုးစစ်အောက်တွင် ဤစစ်ကြောင်းသည်လည်း ယခင်စစ်ကြောင်းနည်းတူ အထိနာကာ အထိအခိုက် အကျအဆုံးများစွာဖြင့် ထပ်မံတပ်လန် သွားခဲ့ရပြန်သည်။

(၈) နာရီနီးပါးကြာ မိမိတို့၏ ခုခံစစ်အတွင်း ရန်သူ့အလောင်း (၆၀) ကျော်နှင့် စစ်အသုံးအဆောင် ပစ္စည်းများ၊ လက်နက် ခဲယမ်းများကို အာရက္ခတပ်တော်မှ သိမ်းဆည်းရမိခဲ့သည်။

ကစဉ့်ကလျား ဆုတ်ခွာ ထွက်ပြေးနေကြသော ရန်သူများကို မိမိတို့မှ လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသည်။

အခြားသောနေရာတစ်ခုဖြစ်သော မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ ၏ အရှေ့မြောက်ဘက် မီတာ (၂၀၀) ခန့် အကွာအဝေး(တစ်နည်းအားဖြင့်) နတ်ရေကန်ကုန်း၏ တောင်ဘက် ဝေဠုဝန်ကျောင်းဘက်မှ ရန်သူ သည် မိမိတို့အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်၊ ညနေ (၅) နာရီ (၂၀) မိနစ်အချိန်တွင် တတိယ စစ်ကြောင်းအဖြစ် ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

ဤစစ်ကြောင်းသည်လည်း သုံးနာရီခန့်ကြာ ထိုးစစ်အပြီး ယခင်စစ်ကြောင်းများ နည်းတူ အထိနာပြီး တပ်လန်ခဲ့ရသည်။

လက်ရှိအချိန်တွင် ရန်သူသည် ဝေဠုဝန်ကျောင်း၏ အနောက်မြောက်ဘက် လက်ဖက်ခြံထဲတွင် ခံစစ်အနေအထားဖြင့် မိမိတို့အား ခုခံရင်း ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ရန်ပြင်ဆင်လျက်ရှိသည်။

ရန်သူ၏ ဤတတိယစစ်ကြောင်း ထိုးစစ်အတွင်း မျက်မြင် (၁၀) ဦးခန့်ကျဆုံးကာ ဒဏ်ရာအများအပြားရရှိခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့သည်။

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေအောက်တွင် ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သား စုဆောင်းထားခြင်း၊ စစ်သင်တန်းပေးခြင်းကိုခံခဲ့ရပြီးနောက် စစ်သင်တန်းဆင်းလာသော ရဲဘော်သစ်များအနေဖြင့် စောစီးစွာ အလံဖြူထောင်၊ လက်နက်ချအညံ့ခံလျှင် အသက်ချမ်းသာရာ ရမည်ဖြစ်သောကြောင့် မိမိတို့နှင့် ရင်ဆိုင်ထားသော မည်သည့်နေရာတွင်မဆို လက်နက်ချ၊ အညံ့ခံလိုပါက အချိန်မရွေး လာရောက်နိုင်ကြောင်း အသိပေးအပ်ပါသည်။

မိမိတို့ထံ လက်နက်ချ၊ အညံ့ခံ၊ အလံဖြူထောင်သောသူတိုင်းအား ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပြီး မိသားစုဆီသို့ ပို့ဆောင်ပေး၍လည်းကောင်း၊ မိမိတို့အဖွဲ့အစည်းထံတွင် တာဝန်ထမ်းဆောင်လိုပါက ထမ်းဆောင်၍လည်းကောင်း၊ ကာယကံရှင်၏ ဆန္ဒကို လိုက်လျော၍လည်းကောင်း အကောင်းဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

ဧရာဝတီတိုင်း-ရက္ခိုင်အစပ်(စက်စက်ယိုရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်) နေရာများ ၊ ပဲခူးတိုင်း-ရက္ခိုင်အစပ် (ဆင်လမ်ရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်) နေရာများ နှင့် ရိုးတောင်အစပ် နေရာများတွင် ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကောင်စီတပ်ဘက်မှ အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် ပြုလုပ်လာသောကြောင့် တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

တိုက်ပွဲနောက်ဆက်တွဲ သတင်းများရှိပါက ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *