“ပစ္စည်းတွေတော့ ယူမသွားဘူး။ သူတို့က သဘောလည်းကောင်းကြတယ်။အငြိုးအတေးများရှိမလား အဲလိုတွေးရမလို ဖြစ်နေတယ်။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ပါဆယ်လမ်းက သွားဆေးခန်းတခုမှာ ဒီနေ့ညနေ ၅ နာရီခန့်က အမည်မသိ အမျိုးသားတဦးက ဓါးနဲ့ထိုးခဲ့တဲ့အတွက် သွားဆရာဝန် နဲ့ ဆရာဝန်ကတော်တို့ သေဆုံးခဲ့ပြီး အိမ် မှာ ရှိနေတဲ့ မိသားစုဝင်အမျိုးသမီးနဲ့အတူ ဆေးခန်းအကူအမျိုးသမီးတဦးလည်း ဒဏ်ရာအသီးသီး ရသွားခဲ့ပါတယ်။

“ဆရာ့အမျိုးသမီးက ပွဲချင်းပြီး၊ဆရာက ဆေးရုံရောက်တော့ အသက်မရှိတော့ဘူး။ အဖွားက ပါးပါးလေးပဲ ရှပ်ထိတာမို့ မစိုးရိမ်ရဘူး။ ကောင်မလေးကလည်း မစိုးရိမ်ရပါ”လို့ အိမ်နီးချင်းတဦးက လူမှုကွန်ယက်မှာ ရေးတင်ခဲ့ပါတယ်။

ဟင်္သာတမြို့ ၊ ပါဆယ်လမ်းနဲ့ ပတ္တမြားလမ်းဆုံ အနီးမှာ ဖွင့်ထားတဲ့ သွားဆေးခန်းပိုင်ရှင် ဒေါက် တာတင်မောင်ထွန်းရဲ့ ဆေးခန်းမှာ အခုလို ဖြစ်ပွားခဲ့တာပါ ။ အခင်းဖြစ်ပွားရာမှာတော့ ဆရာဝန်ရဲ့ဇနီး ဒေါ်ဇင်မီမီသက်က ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒေါက် တာ တင်မောင်ထွန်းကတော့ ဆေးရုံအထိ အသက်မမီခဲ့ဘူးလို့လည်း ဆေးရုံဝန်ထမ်းတဦးက အတည်ပြုပါတယ်။

PCX အမျိုးအစား ဆိုင်ကယ်စီးလာတဲ့ အသားဖြူဖြူမျက်နှာသွယ်သွယ် အမည်မသိအမျိုးသားက သွားဆေးခန်းကို ရောက်လာခဲ့ပြီး သူ့အလှည့်အရောက်မှာ ဆရာဝန်ကို ဓါးနဲ့ထိုးခဲ့တယ်လို့ ဆိုပါတယ်။

ဆရာဝန်ကတော်က အနားမှာ ရှိနေတဲ့အတွက် သူ့ကိုလည်း ဓါးနဲထိုးပြီး ခွဲချလိုက်တဲ့အတွက် ပွဲချင်း ပြီး သေဆုံးခဲ့တာလို့ ရပ်ကွက်အတွင်းမှာ နေထိုင်သူ တဦးက သူကြားတဲ့အကြောင်းကို ပြောပါတယ်။

အမှုအခင်းနဲ့ ပါတ်သက်ပြီး မြို့ပေါ်မှာ သတင်းတွေ အမျိုးမျိုး ပြောနေကြပေမယ့် ဆေးခန်းမှာ ရှိတဲ့ ပစ္စည်းတစုံတရာကို ယူမသွားခဲ့ဘူးဆိုတာကိုတော့ ဆွေမျိုးနီးစပ်တော်သူတဦးကလည်း အတည်ပြုပါတယ်။

“ပစ္စည်းတွေတော့ ယူမသွားဘူး။ သူတို့က သဘောလည်းကောင်းကြတယ်။အငြိုးအတေးများရှိမလား အဲ့လိုတွေးရမလို ဖြစ်နေတယ်”လို့ ပြောပါတယ်။

အခင်းဖြစ်ပွားချိန်ဟာ ဆေးခန်းဖွင့်ချိန်ဖြစ်တဲ့အတွက် တခြားလူနာတွေလည်း ရှိသလို ၊ ဆေးခန်းနဲ့ မျက်နှာချင်းဆိုင်မှာ လက်ဖက်ရည်ဆိုင်ရှိတဲ့အတွက် အနုကြမ်းစီးတာ၊ ဓါးပြတိုက်ချင်တာဆိုရင် ဒီလိုနေရာမှာ ဒီလိုအချိန် လုပ်မှာမဟုတ်ဘူးလို့လည်း မြို့ခံတဦးက သုံးသပ်ပါတယ်။

ဟင်္သာတမြို့ နှစ်လောင်းပြိုင် လူသတ်မှု CCTV ရုပ်သံဖိုင် ထွက်ပေါ်

ဒီအမှုနဲ့ ပါတ်သက်ပြီး ဟင်္သာတမြို့မ ရဲစခန်းက အမှုကြီးအမှတ် ၆/၂၀၂၅၊ (ပ)၂၃၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၆ နဲ့ အမှုဖွင့်လှစ်ထားပြီး စုံစမ်းဖေါ်ထုတ် အရေးယူနိုင်ဖို့ ကြိုးစားနေပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့ ညနေပိုင်းက ဟင်္သာတမြို့ ၊ သုံးပင်ကွင်းရပ်ကွက် ၊ ဗိုလ်အောင်ကျော်လမ်း(ပါဆယ်လမ်း) ၊ ဒေါက်တာတင်မောင်ထွန်း၊ သွားဆေးခန်းမှာ ဖြစ်ပွားခဲ့တဲ့ နှစ်လောင်းပြိုင် လူသတ်မှုဖြစ်စဉ်အပြီး ဆေးခန်းရှေ့၊ လမ်းတဖက်မှာ ရှိတဲ့ CCTV က ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

ရုပ်သံဖိုင်အရ လူသတ်သမားရဲ့ တိုက်ခိုက်ခံရပြီးချိန်မှာ ဆေးခန်းအကူ အမျိုးသမီးက ဆေးခန်းရှေ့ ၊ ပါဆယ်လမ်းမပေါ် ပြေးထွက်လာခဲ့ပြီး လမ်းသွားလမ်းလာတွေကို အကူအညီတောင်းခဲ့တာကို တွေ့ခဲ့ရပါတယ်။

အဲဒီနောက် စက္ကန့်အနည်းငယ် အကြာမှာ လူသတ်သမားဟာ ဆိုင်ကယ်ကိုခွပြီး နောက်ပြန်တွန်းထွက်လာခဲ့တာကို တွေ့ရပါတယ်။

အဲဒီနောက် ပါဆယ်လမ်းမကြီးအတိုင်း ဟင်္သာတဘူတာဘက်ကို ဆိုင်ကယ်ကို အရှိန်နဲ့ မောင်းနှင်ထွက်သွားခဲ့တာကို တွေ့ရပါတယ်။

ဒီအမှုနဲ့ ပါတ်သက်ပြီး ဟင်္သာတမြို့မ ရဲစခန်းက အမှုကြီးအမှတ် ၆/၂၀၂၅၊ (ပ)၂၃၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၆ နဲ့ အမှုဖွင့်လှစ်ထားပြီး စုံစမ်းဖေါ်ထုတ် အရေးယူနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

CCTV ပါ အချက်အလက်တွေကို အခြေခံပြီး သံသယတရားခံတဦးကိုလည်း ဖမ်းဆီးစစ်ဆေးနေတာရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး အဲဒီ ကနဦး ဖမ်းဆီးစစ်ဆေးခံနေရတဲ့ သံသယတရားခံကလည်း သေဆုံးခဲ့တဲ့ ဆရာဝန်မိသားစုနဲ့ အသွားအလာ အဝင်အထွက် ရှိသူဖြစ်တယ်လို့လည်း တရပ်ကွက်တည်းနေတဲ့ မြို့ခံတဦးက ပြောပါတယ်။

ဒီနေ့ဆိုရင် အခင်းဖြစ်ပွားတာ ၄ ရက်ရှိလာပြီ ဖြစ်ပြီး မနေ့က ညနေ ၃ နာရီမှာတော့ သေဆုံးသူတွေရဲ့ နှစ်လောင်းပြိုင် ဈာပနကို ဟင်္သာတမြို့ခံအများအပြားက လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *