အူရီဒူးမြန်မာက U9 အမည်သို့ ပြောင်းလဲမည်
ပိုင်ရှင်အသစ်ပြောင်းသွားပြီဖြစ်တဲ့ Ooredoo Myanmar (အူရီဒူးမြန်မာ) ကုမ္ပဏီအနေနဲ့ U9 အမည်ကို ပြောင်းလဲသွားမယ်လို့ အူရီဒူးမြန်မာက စက်တင်ဘာ ၁၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၀ ရက်ကစပြီး U9 အမည်သစ် တရားဝင် ကူးပြောင်းမှာဖြစ်ပြီး လက်ရှိဖုန်းနံပါတ်တွေနဲ့ ဆင်းမ်ကတ်တွေ တစုံတရာ ပြောင်းလဲမှုရှိမှာ မဟုတ်ကြောင်း၊ အသုံးပြုနေတဲ့ အစီအစဉ်တွေ၊ လက်ကျန်ငွေတွေနဲ့ ဝယ်ယူထားတဲ့ ဝန်ဆောင်မှုအစီအစဉ်တွေ အရင်အတိုင်း ဆက်လက်အလုပ်လုပ်နေမှာ ဖြစ်ကြောင်း၊ သုံးစွဲသူတွေအနေနဲ့ လက်ရှိဝန်ဆောင်မှုတွေ ဆက်လက်ရရှိဖို့အတွက် ဘယ်လိုဆောင်ရွက်မှုမျိုးမှ လုပ်ဖို့မလိုကြောင်း၊ သုံးစွဲသူဝန်ဆောင်မှုစင်တာ ဖုန်းနံပါတ်တွေနဲ့ ဆိုင်လိပ်စာတွေ အားလုံးလည်း အရင်အတိုင်း ဆက်လက်ရှိနေမယ်လို့ ဆိုပါတယ်။
အူရီဒူးမြန်မာ တာဝန်ရှိသူတယောက်က “ဝန်ဆောင်မှုတွေကတော့ ပုံမှန်အတိုင်းပါပဲ။ နာမည်လေးပဲ ပြောင်းလိုက်တာပေါ့။ ပိုင်ရှင်ပြောင်းသွားတယ်။ ဝန်ထမ်းတွေကလည်း ပုံမှန်ရာထူးအတိုင်းပါပဲ” လို့ ပြောပါတယ်။
အဆိုပါ U9 အက်ပလီကေးရှင်းအသစ်ကို Apple App Store နဲ့ Google Play တို့မှာ ရယူနိုင်ပြီး သုံးစွဲသူတွေအနေနဲ့ အူရီဒူးမြန်မာ App အသုံးပြုစဉ်က အကောင့်အချက်အလက်တွေအတိုင်း ပြန်လည်အသုံးပြုကာ ဝင်ရောက်နိုင်တယ်လို့ သိရပါတယ်။
အူရီဒူးမြန်မာကို ကာတာနိုင်ငံအခြေစိုက် မိခင်ကုမ္ပဏီ အူရီဒူးက Nine Communications ကုမ္ပဏီထံ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၅၇၆ သန်းနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့မှစ၍ အူရီဒူးမြန်မာသည် U9 အမည်သစ်သို့ တရားဝင် ကူးပြောင်းမည်ဖြစ်ပါသည်။ လာမည့် ရက်သတ္တပတ်များအတွင်း လက်လီအရောင်းဆိုင်များ၊ ရုံးခန်းများနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများတွင် U9 ၏ တက်ကြွလန်းဆန်းသော အသွင်အသစ်ကို မြင်တွေ့ရတော့မည် ဖြစ်ပါသည်။
ဤအကူးအပြောင်းသည် သုံးစွဲသူများအတွက် လွယ်ကူချောမွေ့မည် ဖြစ်ပါသည်။
လက်ရှိဖုန်းနံပါတ်များနှင့် SIM ကတ်များ တစ်စုံတရာ ပြောင်းလဲမှုရှိမည် မဟုတ်ပါ။
အသုံးပြုနေသော အစီအစဉ်များ၊ လက်ကျန်ငွေများနှင့် ဝယ်ယူထားသော ဝန်ဆောင်မှုအစီအစဉ်များ ယခင်အတိုင်း ဆက်လက် အလုပ်လုပ်နေမည်ဖြစ်ပါသည်။
သုံးစွဲသူများအနေဖြင့် လက်ရှိဝန်ဆောင်မှုများ ဆက်လက်ရရှိရန်အတွက် မည်သည့် ဆောင်ရွက်မှုမျိုးမျှ ပြုလုပ်ရန်မလိုပါ။
သုံးစွဲသူဝန်ဆောင်မှုစင်တာ ဖုန်းနံပါတ်များနှင့် ဆိုင်လိပ်စာများ အားလုံးလည်း ယခင်အတိုင်းပင် ဆက်လက်ရှိနေမည်ဖြစ်ပါသည်။
U9 သည် မြန်မာ့ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ကဏ္ဍတွင် အရေးပါသော မှတ်တိုင်တစ်ခုကို ကိုယ်စားပြုပါသည်။
“U” သည် ဤအသွင်ကူးပြောင်းမှု၏ ဗဟိုချက်တွင်ရှိသော ကျွန်ုပ်တို့၏ သုံးစွဲသူများ၊ စီးပွားရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် လူမှုအသိုင်းအဝိုင်းများဖြစ်သည့် “လူကြီးမင်း” တို့ကို ညွှန်းဆိုပါသည်။
“9” သည် ဆက်သွယ်ရေးနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ကတိကဝတ်များကို အသစ်တဖန် ပြန်လည်လုပ်ဆောင်ရင်း စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုများကို ညွှန်းဆိုပါသည်။
“အခုလို အသွင်အသစ်ပြောင်းလဲမှုဟာ ကျွန်မတို့ ကုမ္ပဏီအတွက်သာမက ဆက်သွယ်ရေးနယ်ပယ်အတွက်ပါ အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်” ဟု U9 ၏ အမှုဆောင်အရာရှိချုပ် (CEO) ဒေါ်ကာရိုလိုင်းယဉ်ယဉ်ဌေးက ပြောကြားခဲ့သည်။ “ကျွန်မတို့ရဲ့ အမည် ပြောင်းလဲသွားပေမဲ့ သုံးစွဲသူတွေအနေနဲ့ ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုတွေကို ဆက်လက်ရရှိနေမှာဖြစ်သလို ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံသစ်တွေကိုလည်း မကြာခင်မှာ ရရှိလာမှာဖြစ်ပါတယ်” ဟု ဖြည့်စွက် ပြောကြားခဲ့ပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့မှစ၍ သုံးစွဲသူများသည် U9 အက်ပလီကေးရှင်းအသစ်အား Apple App Store နှင့် Google Play တို့တွင် ရယူနိုင်မည်ဖြစ်ပါသည်။ သုံးစွဲသူများအနေနှင့် အူရီဒူးမြန်မာ App အသုံးပြုစဉ်က အကောင့်အချက်အလက်များအတိုင်း ပြန်လည် အသုံးပြုကာ ဝင်ရောက်နိုင်မည် ဖြစ်ပါသည်။
U9 မိတ်ဆက်ပွဲအား ဂုဏ်ပြုသည့်အနေဖြင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့မှစ၍ သုံးစွဲသူများမှ 9999 အား “Hello U9” ဟု စာတို ပေးပို့ပါက 9GB အထိ အခမဲ့ဒေတာ ရရှိနိုင်မည့် အခွင့်အရေးကိုပါ စီစဉ်ပေးထားပါသည်။


Leave a Reply