ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ထုံးဘိုကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်၍ သားအမိ နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ယနေ့ (စက်တင်ဘာလ ၁၉ ရက်) မနက် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဒရုန်းဖြင့် ဗုံးကြဲချသွားခြင်းဖြစ်ကြောင်း ဖားကန့်မြို့နေ ကိုစိုးကြီးက ပြောသည်။
ကိုနေမင်းထွန်း(အသက် ၃၀ ခန့်) နှင့် ၎င်း၏ မိခင်ဖြစ်သူ သေဆုံးသွားခြင်းဖြစ်ပြီး အဆောက်အဦအချို့ ပျက်စီးသွားကြောင်း ဒေသခံက ပြောသည်။


“အကြမ်းဖက်စစ်ကော်မရှင်၊ SNA နဲ့ ပသစများက ကျွန်တော်တို့ ဖားကန့်ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ပစ်လိုက်၊ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်လိုက် လုပ်နေတာ။ ပြည်သူတွေ နေ့စဥ်နဲ့ အမျှ ဒဏ်ရာရလိုက် သေဆုံးလိုက်တွေ ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။
ဖားကန့်မြို့နယ်တွင် စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲမှု၊ စစ်ကြောင်းထိုးနေမှုများကြောင့် စစ်ရှောင်နေကြသူများရှိသော်လည်း မြို့ပေါ်နေ ဒေသခံအများစုမှာ စစ်မရှောင်ကြသေးကြောင်း သိရသည်။
“ကတုတ်ကျင်းတွေလည်း တူးထားကြတယ်ပေါ့ဗျာ။ ဒါပေမဲ့ ၁၂၀ တွေနဲ့ ကြဲတဲ့အခါကြတော့ မခံနိုင်ဘူး။ ၁၂၀ တွေနဲ့ကြဲတာ” ဟု ဖားကန့်မြို့နေသူက ဆိုသည်။
“ဒီမနက်တော့ လုံးခင်းအုပ်စုက (လုံးခင်းကျေးရွာအုပ်စုမှ ဒေသခံများ ) စိုးရိမ်စိတ်တော့ရှိနေရတယ်” ဟု အခြားဒေသခံတဦးက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်ကလည်း ဆန်းကြွယ်ဘုရားကုန်းတွင် နှစ်ဖက်တိုက်ပွဲ မနက် ၄ နာရီခွဲက စတင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံက ဆိုသည်။ ထိုနေ့ ညနေ ၄ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်၍ ကလေးငယ်တဦးသေဆုံးကာ အခြားကလေးငယ်နှစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့နယ်ကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေ၍ နှစ်ဖက်ပြင်းထန်တိုက်ပွဲများ စက်တင်ဘာလအတွင်း ဖြစ်ပွားနေသည်။


Leave a Reply