ဝိုင်းမော်နဲ့ လန်ဆယ်မှာ စစ်တပ်ပူးပေါင်းတပ် ထိုးစစ်ဆင်လို့ တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်နဲ့ ဆော့လော်မြို့နယ် လန်ဆယ်ဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ ၊ ပြည်သူ့စစ် ပူးပေါင်းတပ်တွေ ဒီကနေ့ (စက်တင်ဘာ၂၂ရက်) တိုက်ပွဲ ဆက်ဖြစ်ပွားနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပါနဲ့ ပြည်သူ့စစ်တွေဟာ လန်ဆယ်ဒေသ ပြန်လည်သိမ်းပိုက်နိုင်ဖို့ စက်တင်ဘာ ၁၉ရက်ကတည်းက ထိုးစစ်ဆင်နေတာကြောင့် ဒီကနေ့ စက်တင်ဘာ ၂၂ရက်နေ့အထိ တိုက်ပွဲတွေဖြစ်နေတာပါ။

“လန်ဆယ်အထက် လဟယ်ဆင်မှာ ဒီမနက် ၅နာရီ အချိန်မှာ တိုက်ပွဲပြင်းထန်နေတယ်။ရှေ့တိုးလိုက် ပြန်ဆုတ်လိုက်ပါပဲ”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က လန်ဆယ်ဒေသ တိုက်ပွဲ ၄ရက်အတွင်း အခြေအနေအပေါ် ပြောပါတယ်။

လဟယ်ဆင်တောင်ကြောဟာ KIA ပူးပေါင်းတပ်ဖွဲ့တွေ နေရာယူထားတဲ့နေရာဖြစ်ပါတယ်။

အလားတူ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာဘက်မှာလည်း ဒီကနေ့ မနက် တိုက်ပွဲဆက်ရှိနေတယ်လို့ ပြောပါတယ်။

“ဝိုင်းမော် လမြန်ရွာဘက် ဒီမနက် စခနဲ့ ပြည်သူ့စစ်တွေ ၅ နာရီ အချိန်မှာ ထိုးစစ်ဆင်လာတယ်။ ပွဲပြင်းထန်တယ်”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါအပြင် ပြည်သူ့စစ်ဘက်က အထိအခိုက်များနေတယ်လို့လည်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည်ရရှိဖို့ကြိုးပမ်းတဲ့အနေနဲ့ ဝိုင်းမော်၊ လန်ဆယ်ဒေသတွေကနေ ပြန်လည်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ အလွယ်တကူသိမ်းပိုက်နိုင်မှာ ဟုတ်ဘူးလို့လည်း စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။

(KIA/KPDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – Sirinda)

Comments

Leave a Reply

Your email address will not be published. Required fields are marked *