အင်တာနက်လိုင်းကျ၍ကျန်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၆၀ စာရင်း ထပ်တိုးကြေညာ

ဧရာဝတီ၊ စက်တင်ဘာ ၃၀၊ ၂၀၂၅

ကိုယ်စားလှယ်လောင်းလျှောက်လွှာများ တင်သွင်းရာတွင် အင်တာနက်လိုင်းချို့ယွင်းမှုကြောင့် ကျန်နေခဲ့သူ ၆၀ ဦး စာရင်းအား ထပ်မံဖြည့်စွက်ပြီး လာမည့်ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်းလျှောက်ထားသူ ၅,၀၂၃ ဦးရှိကြောင်း စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC)က ယမန်နေ့ရက်စွဲဖြင့် ပြင်ဆင်ကြေညာသည်။

ကျန်နေခဲ့သည့် ကိုယ်စားလှယ်လောင်းတင်သွင်းသူများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)မှ ၃၀ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)မှ ၁၀ ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၆ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ၄ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ)မှ ၂ ဦး၊ ပြည်သူ့ပါတီမှ ၁ ဦး၊ တိုင်းနှင့်ပြည်နယ်အလိုက် ယှဉ်ပြိုင်မည့် ၅၁ ပါတီမှ ၆ ဦးနှင့် တသီးပုဂ္ဂလ ၁ ဦးတို့ ပါဝင်သည်။

ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်းကို စက်တင်ဘာ ၂၃ ရက်တွင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တပတ်အကြာ၌ အင်တာနက်လိုင်းချို့ယွင်းမှုကြောင့် ကျန်ခဲ့သည်ဆိုကာ အယောက် ၆၀ စာရင်းကို ထပ်တိုးကြေညာလာခြင်း ဖြစ်သည်။

လတ်တလောတွင် ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်သွင်းခဲ့သူ ၅,၀၂၃ ဦးအား အောက်တိုဘာ ၄ ရက်နေ့အထိ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများ၌ ဆက်လက်စိစစ်လျက်ရှိကြောင်း UEC က ပြောထားသည်။


Leave a Reply

Your email address will not be published. Required fields are marked *