သထုံမှာ အသက်မပြည့်သေးတဲ့သူတွေအပါအဝင် ဒေသခံ ၃၀ ကျော် ဖမ်းဆီးခံရ

သထုံမှာ အသက်မပြည့်သေးတဲ့သူတွေအပါအဝင် ဒေသခံ ၃၀ ကျော် ဖမ်းဆီးခံရ

သထုံ၊ စက်တင်ဘာ ၃၀

မွန်ပြည်နယ် သထုံမြို့နယ် ကရင်လေးဆိပ်ကျေးရွာကို စစ်ကော်မရှင်တပ် ဝင်ရောက်စီးနင်းပြီးနောက် အသက်မပြည့်သေးတဲ့ ကလေးတွေအပါအဝင် ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၅၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တွေဟာ စက်တင်ဘာ ၂၈ ရက်နေ့ မနက် ၅ နာရီကျော်လောက်မှာ ကရင်လေးဆိပ်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာပါ။

အဲဒီနောက် စစ်ကော်မရှင်တပ်ဟာ အသက် ၁၃ နှစ်အရွယ်တွေဖြစ်တဲ့ ကလေးငယ် ၅ ဦး ၊ အမျိုးသ မီး ၁၀ ဦးနဲ့အမျိုးသား ၁၅ ဦးထက်မနည်း ၊ စုစုပေါင်း ၃၀ ကျော်ကို ဖမ်းဆီးသွားပါတယ်။

ဖမ်းဆီးသွားတဲ့ ဒေသခံတွေကို သထုံအခြေစိုက် အမှတ် (၉) လေ့ကျင့်ရေးတပ်ထံ ခေါ်ဆောင်သွားပြီး စက်တင်ဘာ ၂၉ ရက်နေ့အထိ ပြန်လွှတ်ပေးတာ မရှိသေးပါဘူး။

ဒီဖမ်းဆီးမှုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သထုံမြို့နယ် ဒုံဝန်းနဲ့သိမ်ဆိပ်ကျေးရွာကြား ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း မိုင်းခွဲခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့ကလည်း သထုံမြို့နယ် ပုတိန်ရိုးကျေးရွာမှာ အသက်မပြည့်သေးတဲ့သူတွေအပါအဝင် ဒေသခံ ၄၀ ကျော်ကို စစ်ကော်မရှင်တပ်က နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီး ပြီးနောက် အဲဒီထဲက စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေကို စစ်မှုထမ်းတပ်သား စုဆောင်းခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *