အိန္ဒိယနိုင်ငံမှာ ကလေး ၁၇ ယောက်လောက် သေဆုံးမှုနဲ့ ဆက်စပ်နေတဲ့ ချောင်းဆိုးပျောက်ဆေး ဖော်စပ်ထုတ်လုပ်တဲ့ ဆေးဝါးကုမ္ပဏီပိုင်ရှင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါပြီ။
အဖမ်းခံရသူကတော့ တမီလ်နာဒူးပြည်နယ် အခြေစိုက် Sresan Pharmaceuticals ဆေးဝါးထုတ်လုပ်ငန်းကို ဦးစီးနေတဲ့ ရန်ဂနာသန်ဂိုဗင်ဒန် ဖြစ်ပါတယ်။ သူ့ကို မဒယပရာဒေ့ရှ်ပြည်နယ် ရဲတွေက အောက်တိုဘာ ၈ ရက်၊ မနေ့ညပိုင်း ချန်နိုင်းမြို့မှာ ဖမ်းဆီးလိုက်တာပါ။
ဒီလအတွင်း သူ့ကုမ္ပဏီက ထုတ်တဲ့ Coldrif ချောင်းဆိုးပျောက်ဆေးကို သောက်ပြီး အသက် ၅ နှစ်အောက် ကလေးပေါင်း ၁၇ ယောက်ထက်မနည်း သေဆုံးပြီးကတည်းက ရန်ဂနာသန်ကို မဒယပရာဒေ့ရှ်ရဲတွေက လိုက်ရှာနေတာပါ။

အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက Coldrif ဆေးနမူနာတွေကို စစ်ဆေးကြည့်တဲ့အခါ အလွန်အဆိပ်ပြင်းတဲ့ စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ ဒိုင်အက်သလင်း ဂလိုက်ကောလ် (Diethylene Glycol – DEG) ပါဝင်နေတာကို တွေ့ရှိခဲ့ပါတယ်။
အဲဒီ ဓာတုပစ္စည်း ပါဝင်တယ်လို့ အောက်တိုဘာ ၂ ရက်မှာ အတည်ပြုပြီးတဲ့နောက်မှာ အဆိုပါအမှတ်တံဆိပ်နဲ့ ချောင်းဆိုးပျောက်ဆေးကို ပိတ်ပင်ခဲ့ပါတယ်။
တမီလ်နာဒူး မူးယစ်ထိန်းချုပ်ရေးဌာနရဲ့ အစီရင်ခံစာအရ ဒီဆေးကို သန့်ရှင်းမှုမရှိတဲ့ စက်ရုံအခြေအနေအောက်မှာ ထုတ်လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
အစောပိုင်း စုံစမ်းစစ်ဆေးမှုတွေအရ ဒီချောင်းဆိုးပျောက်ဆေးကို မဒယပရာဒေ့ရှ်အပြင် ဩရိဿနဲ့ ပူဒူချယ်ရီ ပြည်နယ်တွေအထိလည်း ဖြန့်ချိခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့တယ်လို့ အိန္ဒိယမီဒီယာတွေက သတင်းဖော်ပြကြပါတယ်။

အောက်တိုဘာ ၈ ရက်၊ မနေ့က တမီလ်နာဒူးကျန်းမာရေးဝန်ကြီး မာဆူဘရာမန်ယန်က သူ့ပြည်နယ်အစိုးရအနေနဲ့ Sresan Pharmaceuticals ကို ရာဇဝတ်မှုနဲ့ အရေးယူတော့မယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဂူဂျာရတ်ပြည်နယ်အခြေစိုက် ဆေးကုမ္ပဏီတွေက ထုတ်တဲ့ Respifresh နဲ့ RELIFE ဆေးရည်တွေကိုလည်း သောက်သုံးခြင်း မပြုဖို့၊ ရှောင်ကြဉ်ဖို့ အိန္ဒိယကျန်းမာရေးအာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
ဒီလိုတိုက်တွန်းရတဲ့အကြောင်းကတော့ အဲဒီဆေးဝါးထုတ်ကုန်တွေမှာလည်း အခုလိုမျိုး အဆိပ်ရှိဓာတုပစ္စည်း ပါဝင်နေတာကို တွေ့ရှိထားရလို့ ဖြစ်ပါတယ်။


Leave a Reply