တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသော အွန်လိုင်းကျားဖြန့် လိမ်လည်မှုအတွက် ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ဝေဆန်း အပါအဝင် ၃ ဦးကို Fujian ပြည်နယ်တွင် လူသတ်မှု အပါအဝင် ရာဇဝတ်ပုဒ်မများစွာဖြင့် ထပ်မံ တရားစွဲ
တရုတ်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်သော အွန်လိုင်းကျားဖြန့် လိမ်လည်မှုအတွက် ကိုးကန့်ပည်သူ့စစ်ခေါင်းဆောင် ဝေဆန်း အပါအဝင် ၃ ဦးကို Fujian ပြည်နယ်၊ Quanzhou မြို့ တွင် လူသတ်မှုအပါအဝင် ရာဇဝတ်ပုဒ်မများစွာဖြင့် ထပ်မံ တရားစွဲလိုက်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံမြောက်ပိုင်းဒေသဖြစ်သော ကိုးကန့်ကို အခြေပြု၍ ကျားဖြန့်ဂိုဏ်းများ ထူထောင်၍ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်ခြင်း၊ ရာဇ၀တ်မှုများ လုပ်ဆောင်ရန် လက်နက်ကိုင်တပ်ဖွဲ့များကို အသုံးချခဲခြင်းတို့အတွက် ဝေဆန်း အပါအဝင် ၃ ဦးကို တရားစွဲလိုက်ခြင်းဖြစ်ကြောင်း အစိုးရရှေ့နေများက ယမန်နေ့က ထုတ်ပြန်ကြေညာသည်။
Fujian ပြည်နယ်၊ Quanzhou မြို့ တရားရုံးတွင် တရားစွဲဆိုရာတွင် အသုံးပြုသည့် ပုဒ်မများမှာ လိမ်လည်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများ စီစဉ်မှုနှင့် ငွေညှစ်မှုတို့ ပါဝင်သည်ဟု အစိုးရရှေ့နေများက ပြောကြားသည်။ တရားစွဲခံလိုက်ရသော ဝေဆန်း (ခ) ဝေဝှိုင်ရန် Wei Huairenမှာ စစ်တပ်လက်အောက်ခံ ကိုးကန့် နယ်ခြားစောင့်တပ်ရင်း (၁၀၀၆) ဥက္ကဋ္ဌဖြစ်သည်။
စက်တင်ဘာလ ၂၉ ရက်နေ့ Zhejiang ပြည်နယ်ရှိ တရာရုံးက ကိုးကန့်ဒေသမှ မြီရှောက်ချန်း၏ မိသားစုဝင်များကို ပထမဆုံးအကြိမ် အဖြစ် စီရင်ချက်များ ချမှတ်ခဲ့ပြီး မြီရှောက်ချန်း၏ သားဖြစ်သူ Ming Guoping (Mg Myin Shaut Phyin)၊ မြေးမလေး Ming Zhenzhen(သီရိမောင်)၊ ဝေကော်ချန်း Zhou Weichang ၊ ဝူဟုန်မင် Wu Hongming ၊ ဝူစိန်လုံ Wu Senlong ၊ ဖုယွီပင်း Fu Yubin အပါအဝင် ၁၁ ဦး တို့ကို သေဒဏ်ချမှတ်ခဲ့သည်။

ရန်ကျိန့်ရှီ Yang Zhengxi၊ ဖုချိန်ဇစ် Fu Chengzhi အပါအဝင် ၅ ဦးကို ဆိုင်းငံ့ ၂ နှစ် သေဒဏ် ချမှတ်လိုက်ကြောင်း၊ လော်ကျန်းကျမ်း Luo Jianzhang ၊ ချိုးဇစ် Qiu Zhi အပါအဝင် ၁၁ ဦးကို ထောင်ဒဏ်တသက် ချမှတ်လိုက်ကြောင်း၊ ပိဟွေ့ကျွင်း Bi Huijun ၊ ကျန်းကျိ Jiang Ji အပါအဝင် ၁၂ ဦးကို ထောင်ဒဏ် ၅ နှစ်မှ ၂၄ နှစ်အထိ သတ်မှတ်ထောင်ဒဏ် အသီးသီးကိုလည်းကောင်း၊ ငွေဒဏ်၊ ပိုင်ဆိုင်မှု ပစ္စည်းများ သိမ်းယူခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်း ပြစ်ဒဏ်များကိုလည်း ချမှတ်ခဲ့သည်။
တရုတ်နိုင်ငံ၊ Zhejiang အရှေ့ပိုင်းခရိုင်တွင် ကျားဖြန့် ငွေလိမ်လည်မှု အပါအဝင် ပြစ်မှု ကျူးလွန်သူ တရားခံ ၃၉ ဦးကို စွဲချက် တင်ခဲ့ပြီး ၎င်းတို့အနက် ၁၆ ဦးမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး ၎င်းတို့ကို လူသတ်မှု၊ လိမ်လည်မှု၊ ဥပဒေမဲ့ ထိန်းသိမ်းမှု၊ စနစ်တကျ လောင်းကစားမှုနှင့် ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတို့ အပါအဝင် ပြစ်မှုများဖြင့် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ နယ်နိမိတ်ပြင်ပ ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော ရာဇ၀တ်မှုများဖြစ်သော်လည်း တရုတ်နိုင်ငံသားများ၏ ကိုယ်ပိုင်အခွင့်အရေးများကို ချိုးဖောက်ခြင်းကြောင့် တရုတ်အာဏာပိုင်များက ယင်းအမှုကို စီရင်ပိုင်ခွင့်ရှိသည်ဟုဆိုကာ တရုတ်အစိုးရက ဖမ်းဆီး အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာစစ်တပ်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသမှ ကျားဖျန့် အွန်လိုင်းငွေလိမ်လည် ဂိုဏ်း၏ အဓိက တရားခံဖြစ်သောစစ်တပ်က ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင် ပယ်ဆောက်ချိန် Bai Suocheng၊ ပယ်ရင့်ဆန်း Bai Yingcang (ပယ် ဆောက် ချိန်၏ သား) ၊ဝေဆန်း (ခ) ဝေဝှိုင်ရန် Wei Huairen နယ်ခြားစောင့်တပ်ရင်း (၁၀၀၆) ဥက္ကဌ ၊ လျှိုအားပေါက် (ခ) လျိုကျိန့်ရှန်း Liu Zhengxiang Fully Light ဖူလီလိုက် လုပ်ငန်းစု သူဌေး ၊လျှိုကျိန့် မောက် Liu Zhengmao ၊ ရွှီလောက်ဖား Xu Laofa တို့ကို အခြား အရေးကြီး တရားခံ ၄ ဦး စုစုပေါင်း ၁၀ ဦးတို့ကို နေပြည်တော်လေဆိပ်မှ တစ်ဆင့် တရုတ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။


Leave a Reply