ချောင်းဦး ရဲစခန်းကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ စစ်အုပ်စုတပ်သားတချို့ သေဆုံး

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်က စစ်အုပ်စုတပ်တွေ အထိုင်ချတပ်စွဲထားတဲ့ မြို့မရဲစခန်းကို အောက်တိုဘာလ ၁၀ ရက်မှာ တော်လှန်ရေးအင်အားစုတွေက လက်နက်ကြီးဒရုန်းတွေ ပစ်ချတိုက်ခိုက်ခဲ့တာလို့ Chaung U People’Defence Force အဖွဲ့ကထုတ်ပြန်ပါတယ်။

၆၀- မမ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ရာမှာ ရဲစခန်းအတွင်းက ပစ္စည်းသိုလှောင်ထားတဲ့ ဂိုထောင်ထိမှန်ပေါက်ကွဲခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဗုံးသီးကျရောက် ပေါက်ကွဲတာကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင် ငါးဦးသေဆုံးကာ၊ တစ်ဦးဒဏ်ရာရခဲ့ပြီး သေဆုံးသွားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကိုတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Chaung U People’Defence Forceနဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မနေ့က ညပိုင်းမှာပဲ ချောင်းဦးမြို့ပေါ် ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ စစ်အုပ်စုက လက်နက်ကြီးတွေ ပြန်လည်ပစ်ခတ်တာကြောင့် ငလုံးတင်ရွာက ဒေသခံအမျိုးသမီးနှစ်ဦး သေဆုံးကာ ကလေးငယ်နှစ်ဦး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်ကလည်း ချောင်းဦးနယ်၊ ဘုံတိုရွာစာသင်ကျောင်းမှာ ကျင်းပခဲ့တဲ့ သီတင်းကျွတ်လပြည့်ည စစ်အာဏာရှင် ဆန့်ကျင်ရေးဆီမီးသပိတ် လှုပ်ရှားမှုကို စစ်အုပ်စုကလေကြောင်းပစ်ခတ်ခဲ့တာကြောင့် လူ ၂၄ ဦး သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရရှိသူတွေကိုလည်း ဆေးကုသလို့မရအောင် မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ဆေးဝါးသယ်ယူခွင့်တွေကို တင်းကြပ်ဖြတ်တောက်ကာ စစ်အုပ်စုအထိုင်စခန်းတွေကနေ လက်နက်ကြီးတွေပါ ဆက်တိုက်ပစ်ခတ်နေတာ ဖြစ်ပါတယ်။

Photo: မြိုင်နယ်က လင်းကတော့ရဲစခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့စဉ်

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *