ဝိုင်းရံပိတ်ဆို့ခံနေရတဲ့ နတ်ရေကန်တောင်ဗျူဟာစခန်းကို လေယာဉ်ပေါ်ကလာချပေးတဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာပစ္စည်းတွေအချို့ AA သိမ်းဆည်းရမိ

ဝိုင်းရံ ပိတ်ဆို့ခံထားရသည့်အတွက် လက်နက်ခဲယမ်း၊ ရိက္ခာများပြတ်တောက်နေသော မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒန်းမြို့အပိုင်အမ်း-ပဒန်း ရိုးတောင်ကျော်လမ်းရှိ နတ်ရေကန်လေကြောင်းရန် ဗျူဟာကုန်းကို လေယာဉ်မှ လေထီးဖြင့် လာချပေးနေရရာ ထိုအထဲက လက်နက်ခဲယမ်းများနှင့် ရိက္ခာထုပ်တချို့ကို အာရက္ခတပ်တော် (AA) မှသိမ်းဆည်းရမိကြောင်းသတင်းရရှိသည်။

ဒေသခံမြေပြင်သတင်းရင်းမြစ်တစ်ဦးက “ပစ္စည်းတွေမချပေးခင်ဂျက်နဲ့ပတ်ဝန်းကျင်ကို လာပစ်တယ်။ပြီးမှ Y8 လေယာဉ်နဲ့ပစ္စည်းထုပ်တွေကို ချတယ်။တချို့ ပစ္စည်းတွေက သူတို့(စစ်တပ်)ဖက်လည်းကျတယ်။AA ဖက်ကိုလည်းအထုပ်တွေ ကျလာတာတွေရှိတော့သိမ်းဆည်း ရမိထားတွေရှိတယ်”ဟုပြောသည်။

အင်အားရာနှင့်ချီရှိသည့် လေကြောင်းရန်ကာကွယ်ရေးဗျူဟာကိုအာရက္ခတပ်တော်နှင့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များက ဝိုင်းရံ ပိတ်ဆို့ထားသဖြင့် ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပြတ်တောက်နေ၍ ယနေ့ အောက်တိုဘာ ၁၁ ရက်နေ့ နံနက်က Y8 လေယာဉ်ဖြင့်လက်နက်ခဲယမ်းနှင့်စားနပ်ရိက္ခာကိုလေထီးဖြင့်လာချပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောဆိုသည်။

အာရက္ခတပ်တော်နှင့်ပူးပေါင်းမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များသည် အမ်း – ပဒါန်းလမ်းပေါ် ရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းအတွက်အဓိကကင်းစခန်းကြီးဖြစ်သည့် ပဇီကျေးရွာအနီးရှိဖိုက်တာကုန်းစခန်းကိုအောက်တိုဘာ၁၀ ရက်နေ့ တွင် လက်နက်ခဲယမ်းအများအပြားနှင့် အတူ သိမ်းပိုက်ရရှိခဲ့သည်။

စက်တင်ဘာလ ၂၈ ရက်ကလည်းက အာရက္ခတပ်တော်နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့သည် နတ်ရေကန်စခန်းနှင့်နှစ်မိုင်ဝန်းကျင်သာကွာဝေးသည့် နတ်ရေကန် – ပဒါန်းလမ်းသစ် ကားလမ်းမပေါ်ရှိစစ်တပ်၏ ထောက်ပို့စခန်းကြီးဖြစ်သော ဂုတ်ကြီး စခန်းကိုသိမ်းပိုက်ရရှိခဲ့သည်။

၎င်းပြင် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းသို့ ပဒါန်းဘက်က စစ်ကူလာနိုင်သည့် လမ်းဟောင်း၊ လမ်းသစ်နှစ်ခုစလုံးကို အာရက္ခတပ်တော်နှင့် တော်လှန်ရေးတပ်ဖွဲ့များက ဖြတ်တောက် ပိတ်ဆို့ ထားသဖြင့် အဆိုပါ နတ်ရေကန်တောင်ပေါ်ရှိ လေကြောင်းရန် ကာကွယ်ရေးစခန်းတွင် လက်နက်နှင့် စားနပ်ရိက္ခာများပြတ်တောက်နေသည်ဟု ဆိုသည်။

“ ဒီ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကို ဗျူးဟာမှူးတစ်ဦး ကိုယ်တိုင်ဦစီးပြီးစခန်း ထိုင်နေတာ။ လေကြောင်းရန်ဗျူဟာကိုအခိုင်အမာတည်ဆောက်ထားပြီးတောင်ပတ်လည်မှာတပ်စခန်းအသီးသီက တပ်ဆုတ်လာတဲ့ တပ်ဖွဲ့ဝင်တွေ၊စစ်မှုထမ်းတပ်သားသစ်တွေနဲ့ အင်အား ဖြည့်တင်းပြီး သေသေချာချာခံစစ်လုပ်ထားတာ။အင်အားတော့ လေးငါးရာလောက်ရှိနိုင်တယ်။ ဒါပေမယ့် အခုက နတ်ရေကန်နားမှာ နေ့တိုင်းတိုက်ပွဲဖြစ်နေပြီး ရိက္ခာတွေလည်းပြတ်လာတော့ ထွက်ပြေးတာလည်း တော်တော်များနေတယ်။ တပ်ပွဲမှာကျသွားတာတွေလည်း တော်တော်များ နေတယ်။ ဒီလေကြောင်းရန်ကာကွယ်ရေးစခန်းလည်း ဒီအတိုင်းဆို မကြာခင် ကျသွားနိုင်တယ်”ဟု ပြောဆိုသည်.။

အကြမ်းဖက်လေတပ်ကနေကြောင်းကနေနေ့ရောညပါလာရောက်ဗုံးကြဲတိုက်ခိုက်နေသော်လည်းအာရက္ခတပ်တော်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ တန်ပြန်ထိုးစစ်ကို မဟန့်တားနိုင်ဘဲ ဖြစ်နေသည်ဟု တစ်ခြား စစ်ရေးသတင်းရင်းမြစ်တစ်ခုကလည်းပြောဆိုသည်။

“Y12၊ ဂျက်ဖိုက်တာ၊ Y8 တို့ကအဆက်မပြတ်လာပစ်တယ်။အဓိကနတ်ရေကန် ဗျူဟာကုန်းက ပိတ်မိနေတာကိုသိနေလို့အယင်ထက်လာပစ်နေတာပါ။ဒါပေမယ့် တောတောင်ထူထပ်ပြီး တောင်တွေက မတ်စောက်တဲ့အတွက် လေကြောင်းကနေ လာပစ်တာလည်း ထင်သလောက် ထိရောက်မှုမရှိပါဘူး”ဟုပြောသည်။

စစ်တပ်၏ ကာကင်းကုန်းများနှင့်ရိက္ခာသယ်ယူရေးလမ်းကြောင်းများကို တော်လှန်ရေးတပ်များကဖြတ်တောက်ပိတ်ဆို့ထားပြီး ကပစ၁၄၊ဇင်ပြွန်း၊ဆုန်ကုန်းတို့မှတတ်လာသော စစ်ကူ​စစ်ကြောင်းများသည်လည်းအကျအဆုံးများနှင့် ထွက်ပြေးမှုများနေသဖြင့် ရှေ့မတိုးနိုင်ဘဲနောက်သို့သာဆုတ်နေရသည်ဟုသိရသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *