Enchanted (2007)

Enchanted ကတော့ ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့အမေရိကန်သက်ဝင်လှုပ်ရှားရုပ်ရှင်၊ ကာတွန်းနဲ့ဂီတပေါင်းစပ်ဖန်တီးထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်ပါတယ်။ Kevin Lima က ဒါရိုက်တာလုပ်ရိုက်ကူးထားပြီး Bill Kelly က ဇာတ်ညွှန်းရေးကာ Amy Adams၊ Patrick Dempsey၊ James Marsden နဲ့ Susan Sarandon တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။
စိတ်ကူးယဉ်ကာတွန်းကမ္ဘာဖြစ်တဲ့ Andalasia မှာနေထိုင်တဲ့ Giselle အမည်ရှိတဲ့ ကောင်မလေးဟာ Prince Edward နဲ့တွေ့ဆုံချစ်ကြိုက်မိရာကနေ ချက်ချင်းလက်ထပ်ဖို့စီစဉ်ခဲ့ကြပါတယ်။ ဒါပေမဲ့ Edward ရဲ့ မိထွေးတော် Queen Narissa ဟာ သားတော်လက်ထပ်ရင် နန်းစည်းစိမ်ဆုံးရှုံးရမှာစိုးရိမ်တာနဲ့ပဲ Giselle ကို ဆန္ဒပြည့်ရေတွင်းထဲတွန်းချလိုက်ပါတယ်။
အဲဒီတွင်းထဲကပြန်ထွက်ပေါ်လာတာက လူသားအသွင် Giselle ဖြစ်နေပြီး လက်တွေ့ကမ္ဘာရဲ့နယူးယောက်မြို့ Times Square ထဲမှာ ရောက်ရှိနေခဲ့ပါတယ်။ စုံတွဲတွေကိုကွာရှင်းပေးရတဲ့ရှေ့နေဖြစ်သူ Robert နဲ့သူ့သမီးငယ်လေး Morgan က Giselle ကို ကယ်တင်ထားခဲ့ကြပြီး Robert ကိုယ်တိုင်က အချစ်ကိုယုံကြည်မှုမရှိသူဖြစ်ပေမယ့်လည်း Giselle ရဲ့စိတ်ကူးယဉ်ဆန်မှုတွေနဲ့ရင်ဆိုင်လိုက်ရတဲ့အခါ Giselle ကို ချစ်မိသွားခဲ့ပါတော့တယ်။
တစ်ချိန်တည်းမှာပဲ Prince Edward နဲ့ Giselle ရဲ့ရှဉ့်လေး Pip ဟာ Giselle ကိုရှာဖွေကယ်တင်ဖို့ Andalasia ကနေလိုက်လာခဲ့ကြသလို Queen Narissa ရဲ့အကြံပေးချုပ် Nathaniel ကလည်း Giselle ကိုအဆိပ်ခတ်သတ်ဖို့ လက်တွေ့ကမ္ဘာကို ရောက်ရှိလာခဲ့ပါတယ်။
နာမည်ကျော် Disney ဂီတပညာရှင် Alan Menken နဲ့ Stephen Schwartz တို့က Enchanted ဇာတ်ကားအတွက် တေးဂီတတွေဖန်တီးပေးထားပြီး Disney ရဲ့ပုံပြင်တွေကို နှစ်သက်သူတွေအတွက်တင်မက ဟာသနဲ့စိတ်ကူးယဉ်ဇာတ်လမ်းတွေကို နှစ်သက်သူတွေအတွက်ပါ ကြည်နူးပျော်ရွှင်စရာဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။



Leave a Reply