လက်နက်မဲ့အရပ်သားပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်ပြီး သူရဲကောင်းတွေလို ဟစ်ကြွေးနေတဲ့ စစ်ကောင်စီအုပ်စုဟာ အာရက္ခတပ်တော် (AA)ကိုတော့ အင်မတန်ကြောက်တယ်လို့ နာမည်ကြီးပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့အတူ AAရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ဒူးထောက်အညံ့ခံရတဲ့ ဗိုလ်မှူးချုပ်တွေ၊ ထောင်ချီတဲ့ စစ်သုံ့ပန်းတွေရဲ့ သွင်ပြင်တွေက စစ်အုပ်စုပုံရိပ်ကိုအကြီးအကျယ်အထိနာစေခဲ့ပါတယ်။
အာဏာသိမ်းခေါင်းဆောင်အနေ နဲ့ AA ကိုလက်နက်ချဖို့ စစ်သုံ့ပန်းဗိုလ်မှူးချုပ်တချို့က ပြန်ပြောရတဲ့အထိ AA ကလည်း လက်သံပြောင်ပါတယ်။

AAနဲ့ရင်မဆိုင်ရဲလို့ ပြေးသူပြေး၊ လက်နက်ချသူချနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြားမှာ အကြောက်တရား ကြီးစိုးနေတာပါ။
ဒါပေမယ့်လည်း လွန်ဆန်လို့မရတဲ့အမိန့်ညွှန်ကြားချက်တွေကြားထဲမှာ ဗိုလ်မှူးချုပ်တစ်ဦးနဲ့ ဗိုလ်မှူးကြီး တစ်ဦးကတော့ ရခိုင်စစ်မြေပြင်ကို ခြေချရပါတော့မယ်။
စစ်ဦးစီးတက္ကသိုလ်ကကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်ထိုက်လတ် နဲ့ တပ်မ(၅၅) ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးမျိုးမြင့်ဦးတို့ဖြစ်ပါတယ်။
AAရဲ့ တိုက်ခိုက်မှုကြောင့်အထိနာနေတဲ့ စစ်ရေးဒေသနှစ်ခုက ဗိုလ်မှူးချုပ်နှစ်ဦးနေရာမှာ သူတို့ကို စစ်ကောင်စီက အစားထိုးလိုက်တာပါ။
ရခိုင်ပြည်နယ်နဲ့နယ်စပ်ဒေသတွေဖြစ်တဲ့ ပဲခူးတိုင်း၊ မကွေးတိုင်း နဲ့ ဧရာဝတီတိုင်းက တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) က စကခမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်းနေရာမှာ ဗိုလ်မှူးချုပ်ဇော်ထိုက်လတ်ကို အစားထိုးလိုက်ပါတယ်။

အလားတူစစ်တွေအခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်က ဒကစမှူးဗိုလ်မှူးချုပ်နေမျိုးအောင်အစား ဗိုလ်မှူးကြီးမျိုးမြင့်ဦးကို တာဝန်ပေးလိုက်တာပါ။
“အောက်တိုဘာလ၂၂ရက်နေ့မှာ ချိန်းပလိုက်တာ။ တိုင်းမှူးတွေလည်းပါတယ်။ စစ်ရေးနဲ့နိုင်ငံရေးကို ပုံစံတမျိုးပြောင်းပြီးကစားမယ့်သဘော။ ဒါပေမယ့် AA ဂွင်ကို သွားရမယ့်သူတွေမချောင်ဘူး”လို့ နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ်။
ဗိုလ်မှူးချုပ်ကျော်စွာလင်းကို မှော်ဘီဗိုလ်သင်တန်းကကျောင်းအုပ်ကြီးအဖြစ်ပြောင်းလိုက်ပြီး ဗိုလ်မှူးချုပ်နေမျိုးအောင်ကိုတော့ တပ်မတော်အုပ်ချုပ်မှုကျောင်း (ပြင်ဦးလွင်) ကျောင်းအုပ်ကြီး အဖြစ်ပြောင်းလိုက်ပါတယ်။

အောက်တိုဘာလ၂၂ရက်နေ့က ရာထူးအပြောင်းအရွှေ့ ပြုလုပ်လိုက်တဲ့ဖြစ်စဉ်မှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ အရှေ့အလယ်ပိုင်းအတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စကခ(၁၂)၊ စကခ(၁၃) နဲ့ စကခ(၂၀)စကခမှူး သုံးဦးအပါအဝင် ဗိုလ်မှူးချုပ်နဲ့ ဗ်ိုလ်မှူးကြီးအဆင့်တွေ သုံးဆယ်နီးပါး ပါဝင်ပါတယ်။
စကခ(၁၇)ဟာ ရှမ်းပြည်နယ်တောင်ပိုင်းမှာအခြေစိုက်တာပါ။
ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းရခိုင်ပြည်နယ်နဲ့ နယ်စပ်ဒေသ တိုက်ပွဲတွေမှာ AAကို စစ်ရှုံးနေတဲ့ တပ်မ(၉၉) အစား ပြီးခဲ့တဲ့သြဂုတ်လစပြီးစကခ (၁၇)လက်အောက်ခံတပ်ရင်းတွေကို စစ်ကောင်စီပို့ဆောင်ပြီးခုခံစေခဲ့တာပါ။
AAရဲ့ထိုးစစ်ကြောင့် စခန်းတွေဆက်လက်လွတ်ခဲ့ရတဲ့အတွက် တပ်မ(၉၉) တပ်မမှူး ဗိုလ်မှူးကြီးတင်မောင်ကျော်ကိုတော့ အာဏာသိမ်းခေါင်းဆောင်က အသုံးမကျဘူးဆိုတဲ့ အထာနဲ့ ဖမ်းဆီးအရေးယူခဲ့ပါတယ်။
ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ မကွေးတိုင်းထဲက နတ်ရေကန်ဗျူဟာတိုက်ပွဲ၊အမ်း-ပဒါန်းလမ်းတိုက်ပွဲ၊ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းဆက်စပ်နေတဲ့ တောင်ကုတ်-ပတောင်းလမ်းတိုက်ပွဲ၊ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဆက်စပ်နေတဲ့ လေးမျက်နှာမြို့နယ်ကတိုက်ပွဲတွေမှာ စကခ(၁၇)လက်အောက်ခံတပ်ရင်းတွေ ရောက်ရှိလာပြီးတိုက်ခိုက်နေပေမယ့် AA နဲ့ ပူးပေါင်းတပ်တွေထိုးစစ်ကြောင့် အထိနာနေပြန်ပါတယ်။

အဲဒီအချိန်မှာ စကခ(၁၇) စကခမှူး အပြောင်းအရွှေ့ဖြစ်လာတာပါ။
ရခိုင်ပြည်နယ်မှာ သိမ်းယူဖို့ကျန်နေတဲ့ ကျောက်ဖြူနဲ့မာန်အောင်မြို့နယ်အတူ လပေါင်းများစွာဝန်းရံပိတ်ဆို့ထားတဲ့စစ်တွေမြို့ကိုလည်း အောက်တိုဘာလဆန်းကစတင်ပြီး AAက စစ်ရေးအရှိန်မြှင့်တင်လာပါတယ်။
ဒကစမှူးအနေနဲ့ AAရဲ့ မြို့သိမ်းတိုက်ပွဲတွေကိုလေ့လာပြီး ခုခံတိုက်ခိုက်ခြင်းမပြုတော့ဘဲ လက်နက်ချဖို့ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းခဲ့ကြဖူးပါတယ်။
အဲဒီသတင်းတွေလူမှုကွန်ရက်ပေါ်ထွက်လာပြီး ရက်အနည်းငယ်ကြာမှာပဲ စစ်တွေ ဒကစမှူးကို အပြောင်းအလဲပြုလုပ်လိုက်တာလည်းဖြစ်ပါတယ်။
AAဟာ ၁၀၂၇ စစ်ဆင်ရေးထဲမှာ စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ်လေးဦး၊ ဒုတိယဗိုလ်မှူးကြီးတစ်ဦးကို စစ်သုံ့ပန်းအနေနဲ့ဖမ်းဆီးထားပါတယ်။
ဗိုလ်မှူးချုပ်တစ်ဦး ပျောက်ဆုံးနေပြီး ဗိုလ်မှူးကြီးငါးဦး သေဆုံးခဲ့ပါတယ်။

ရခိုင်စစ်မြေပြင်မှာ AA လက်ထဲ အစွယ်ကျိုးသွားတဲ့ စစ်ကောင်စီထိပ်တန်းအရာရှ်ိတွေစာရင်းက ဒီလိုရှိပါတယ်။
၂၀၂၄ဒီဇင်ဘာလက AAရဲ့ ဂွမြို့သိမ်းတိုက်ပွဲမှာ တပ်မ (၂၂)တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးနဲ့တပ်မ(၁၁) တပ်မမှူး ဗိုလ်မှူးကြီးသန်းစိုးဝင်းတို့ သေဆုံးခဲ့ပါတယ်။
၂၀၂၄ ဒီဇင်ဘာလ ၈ရက်က မောင်တောမြို့မြို့နယ်ခြားစောင့်တပ်ဖွဲ့ခွဲ-နခခ(၅)ကို သိမ်းယူတဲ့ တိုက်ပွဲမှာ ဗိုလ်မှူးကြီးအောင်နေမျိုး သေဆုံးခဲ့ပါတယ်။
ဗိုလ်မှူးကြီးအောင်နေမျိုးဟာ လက်အောက်ငယ်သားတွေနဲ့အတူ ရွှေတွေနဲ့ပိုက်ဆံတွေယူပြီးထွက်ပြေးစဉ်မှာ AAတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ရှင်းလင်းခံရတာဖြစ်ပါတယ်။
အလားတူမောင်တောမြို့သိမ်းတိုက်ပွဲမှာ ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းကို AA က အရှင်ဖမ်းမိခဲ့ပါတယ်။

ဗိုလ်မှူးချုပ်သူရိန်ထွန်းဟာ စစ်သုံ့ပန်းအနေနဲ့ အကြောက်လွန်နေတယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနနဲ့အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
ဒါအပြင် ၂၀၂၅ ဒီဇင်ဘာလ ၂၀ရက်ကအမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို သိမ်းယူတဲ့တိုက်ပွဲမှာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို အရှင်ဖမ်းမိခဲ့ပါတယ်။
စစ်ကောင်စီခေါင်းဆောင်တွေအနေနဲ့ အသိတရားရပြီး လက်နက်ချဖို့၊ အရပ်သား ပြည်သူတွေကို မသတ်ဖြတ်ဖို့ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ရုပ်သံကတစ်ဆင့် တိုက်တွန်းခဲ့ဖူးပါတယ်။
AAထံ ဒူးထောက်ခံရတဲ့ နောက်ထပ်ဗိုလ်မှူးချုပ်က စကခ (၉) စကခမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းကဖြစ်ပါတယ်။
၂၀၂၄ ဖေဖော်ဝါရီလဆန်းပိုင်းက ကျောက်တော်မြို့ကနေစစ်တွေမြို့ကို ရေတပ်စစ်သင်္ဘောတွေနဲ့ ကုလားတန်မြစ်ကြောင်းအတိုင်း ထွက်ပြေးစဥ်မှာ AA စစ်သည်တော်တွေက လိုက်လံတိုက်ခိုက်ချေမှုန်းဖမ်းဆီးခဲ့တာပါ။

ဒါကြောင့် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းဟာ AA ဖမ်းဆီးနိုင်ခဲ့တဲ့ စစ်တပ်ဗိုလ်ချုပ်တွေထဲ ပထမဆုံးဈေးဦးပေါက်သူဖြစ်ပါတယ်။
သူနဲ့အတူ စစ်တပ်အရာရှိကြီးတွေကိုပါ AAက အရှင်ဖမ်းမိခဲ့ပါတယ်။
မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာတော့တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်းသေဆုံးခဲ့ပါတယ်။
ပလက်ဝမြို့သိမ်းတိုက်ပွဲမှာကဗိုလ်မှူးချုပ်ဇင်မျိုးဆွေ ပျောက်ဆုံးသွားခဲ့ပြီးသေဆုံးတာလား၊ ထွက်ပြေးလွတ်မြောက်သွားတာလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ AA က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲတွေထဲမှာနှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုး သေဆုံးခဲ့ပါတယ်။
AA နောက်ဆုံးဖမ်းမိထားတဲ့ စစ်ကောင်စီအရာရှိက အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်၊ယာယီနည်း ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ဖြစ်ပါတယ်။
နတ်ရေကန်ဗျူဟာကိုခုခံတဲ့ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီးက တိုက်ပွဲမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
သူကလည်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းလိုပဲ AAရဲ့ စစ်ရေးစွမ်းရည်ကိုချီးကျူးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်နက်ချကြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။
လက်ရှိမှာတော့ စစ်တွေမြို့သိမ်းတိုက်ပွဲကို AAက စနစ်တကျပုံဖော်နေပြီး ရခိုင်ပြည်နယ်နဲ့နယ်စပ်တိုက်ပွဲတွေမှာလည်း ရလဒ်ကောင်းတွေရနေတယ်လို့ AA နဲ့အတူ တိုက်ပွဲဝင်နေတဲ့ မဟာမိတ်ရဲဘော်အချို့ကပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့နယ်စပ်ဒေသတွေမှာ စစ်ကောင်စီရဲ့တန်ပြန်ထိုးစစ်တွေကြောင့် တိုက်ပွဲတွေပြင်းထန်နေသလိုမူလရည်မှန်းချက်အတိုင်းစစ်ရေးအောင်မြင်တဲ့အထိ မြို့သိမ်းတိုက်ပွဲတွေကိုဆက်လက်တိုက်ခိုက်မယ်လို့ AAကထုတ်ထားပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ဒေသကပြည်သူတွေနဲ့အတူ ရခိုင်ပြည်နယ်အတွင်း ထိန်းချုပ်မြို့နယ်တွေက ပြည်သူတွေလည်း စစ်ရေးသတိရှိကြဖို့ AAက တိုက်တွန်း ထားပါတယ်။
AA လက်စသတ်မယ့် မြို့သိမ်းစစ်ဆင်ရေးတွေနဲ့အတူ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ စစ်ရေးမြေပြင်တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် ငရဲခန်းပဲလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
လက်ရှိစစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ AA ရဲ့ မဟာမိတ်ရဲဘော်တစ်ဦးကအခုလိုပြောပါတယ်။
“တိုင်းစစ်ဌာနချုပ်တောင်သိမ်းထားသေးတာပဲ။ လက်ရှိ စစ်ဆိုင်ထားတဲ့နေရာတွေကို သိမ်းဖို့က ကြာတာနဲ့မြန်မှာပဲ ကွာတာ။ ခေါင်းမာတဲ့ ရန်သူတွေအတွက်က သတ်ကွင်းပဲဖြစ်တယ်”။ ။
(AA ကဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေဖြစ်တဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ဗိုလ်မှူးချုပ် သောင်းထွန်း၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်တို့ကိုတွေ့ရစဥ်)


Leave a Reply