Jason X

Jason X (2001)

လူအများစုခေါ်တဲ့ လူသတ်ကားဆိုတဲ့ Slasher လောကထဲမှာ Top 5 ပြောပါဆိုရင် မဖြစ်မနေ Jason ကြီးက ပါကိုပါနေပါလိမ့်မယ်။

လူကောင်ကအကြီးကြီး မျက်နှာမှာ ဟော်ကီမျက်နှာဖုံးနဲ့ ဓားတစ်လက်ကိုင်ပြီး တွေ့ရာသချိုင်းဓားမဆိုင်း လိုက်ရွှိုင်းတဲ့ Friday the 13th ကောင်ကြီးပေါ့ဗျာ။

သူနဲ့ ပတ်သက်ပြီး ဇာတ်ကားတွေထွက်ထားတာဆိုရင်လည်း စုစုပေါင်း ၁၂ ကားလောက်တောင်ရှိတဲ့ထိ အောင်မြင်သူကြီးပေါ့။

ဒီလိုအောင်မြင်လို့လည်း သူက တခြားနာမည်ကျော်လူသတ်သမားကြီးဖြစ်တဲ့ (Nightmare on Elm Street) က Freddy နဲ့တောင် (Freddy vs Jason) ဆိုပြီး တစ်ကားတည်း အတူတူအပြိုင်နွဲလိုက်ပါသေးတယ်။

ဒီတော့ မသိတဲ့လူတွေအတွက် သူ့သမိုင်းကြောင်းလေး အတိုချုံးပြောရမယ်ဆို ခရစ္စတယ်လိတ်ခ်စခန်းမှာ ရုပ်ဆိုးပန်းဆိုးကောင်လေးတစ်ယောက်က တခြားကလေးတွေအနိုင်ကျင့်တာခံရ ရေကန်ထဲရေနစ်သေသွားပြီး အမေဖြစ်သူနဲ့ ပတ်သက်တဲ့ အာဃာတအငြိုးတွေကြောင့် မသေမျိုးလူသတ်သမားတစ်ယောက် ဖြစ်လာတဲ့သူ။

ဒီဘဲက ဘယ်လိုသတ်သတ် ဘယ်လိုလုပ်လုပ် တကယ်မသေနိုင်တဲ့ကောင်။ ဒီကားထဲမှာကျ အဲဒီလိုကောင်ကို ခေတ်လွန်ကာလ အာကာသယာဉ်ပျံပေါ်တင်ပေးလိုက်တာ ကောင်းကျလေသတည်းပေါ့ဗျာ။

ခေတ်လွန် ၂၄၀၀ ကျော်ကာလတစ်ခုမှာ ပရော်ဖက်ဆာတစ်ယောက်နဲ့ ကျောင်းသားကျောင်းသူတွေက အရင်ကမ္ဘာဟောင်းက လက်ကျန်တွေကို တိုက်ခိုက်ရေးအဖွဲ့ရဲ့ယာဉ်တစ်စီးနဲ့အတူ ရှာဖွေကြရင်း ရေခဲရိုက်ထားတဲ့ Jason ကြီးကိုတွေ့ပြီး ခေါ်တင်လာရာကနေ ခြေနှစ်ချောင်းမကယ်ကောင်းဆိုသလို အာကာသထဲ ခွေးဖြစ်ကြပြီး ဘယ်လိုတွေ သမခံရမလဲဆိုတာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။

(လူသတ်ကားဖြစ်တဲ့အလျောက် သွေးထွက်သံယိုပြကွက်များနဲ့ မိသားစုနဲ့ မကြည့်ရှုအပ်သောမြင်ကွင်းများပါဝင်တဲ့အတွက် သတိချပ်စေလို…)


Comments

Leave a Reply

Your email address will not be published. Required fields are marked *