မုံရွာမြို့နယ်၊ ရတုံရွာနှင့် ဘူးတောင်းကန်ရွာအကြားရှိ နေအိမ်တဲများကို စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၅ နှစ်နှင့် ၈ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ရတုံရွာနှင့် ဘူးတောင်းကန်ရွာအကြားရှိ နေအိမ်တဲများကို အကြမ်းဖက် စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၅ နှစ်နှင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – မြို့နယ် ပလဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ယနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်အချိန် အကြမ်းဖက် စစ်တပ်၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter များက မုံရွာမြို့နယ်၊ ရတုံရွာနှင့် ဘူးတောင်းကန်ရွာ အကြားရှိ တောတဲများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၈ နှစ်အရွယ် မအိရွှေရည်ဖြိုး ၊ အသက် ၅ နှစ်အရွယ် မောင်ဟိန်းထက် နှင့် အသက် ၃၀ နှစ်အရွယ် ကိုအောင်စိုးထွေးတို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ဘာတိုက်ပွဲမှ မရှိဘဲနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ သေဆုံးတာ ၃ ဦးသေဆုံးတယ်။ ကလေးငယ် ၂ ဦးနဲ့ လူကြီး ၁ ဦး သေဆုံးတယ်လို့ သိရတယ်။ ဘာတိုက်ပွဲမှ မရှိဘဲ လာရောက် တိုက်ခိုက်သွားတာပါ” ဟု မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – မြို့နယ် ပလဖ မှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ် လပြည့်ညကလည်း မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ် အစပ်တွင် သီတင်းကျွတ် မီး ထွန်းပွဲတော်နှင့် ဆီမီးသပိတ်ပြုလုပ်နေစဉ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော စက်တပ် လေထီးများဖြင့် အကြိမ်ကြိမ် ဗုံးများ ကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂၀ ဦးကျော်သေဆုံးခဲ့ပြီး ၄၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


Leave a Reply