Eye in the Sky (2007)

ဒီနေ့တော့ ၂၀၀၇ ခုနှစ်ကထွက်ခဲ့တဲ့ ဟောင်ကောင် Action Thriller ကားကောင်းတစ်ကားဖြစ်တဲ့ “Eye in the Sky” အကြောင်း ပြောပြချင်ပါတယ်။
တလောက ထွက်ထားတဲ့ ဂျက်ကီချန်းရဲ့ The Shadow’s Edge မှီငြိမ်းထားတဲ့ Original ဖြစ်တဲ့ ဇာတ်ကားလေးပါပဲ။
ဒီကားက နာမည်ကြီးဒါရိုက်တာ Johnnie To ကိုယ်တိုင် ထုတ်လုပ်သူအဖြစ်ပါဝင်ထားပြီး သူ့တပည့်လက်ရင်း Yau Nai-hoi ရိုက်ကူးထားတာဆိုတော့ ကားကောင်းတစ်ကားဖြစ်မယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။
ဇာတ်လမ်းအစမှာ “Piggy” ဆိုတဲ့ နာမည်ပြောင်နဲ့ ရဲမေအသစ်လေးတစ်ယောက် (Kate Tsui) က ဟောင်ကောင်ရဲတပ်ဖွဲ့ရဲ့ အထူးထောက်လှမ်းရေးဌာန (CIB) ကို ရောက်လာပါတယ်။
သူ့ရဲ့တာဝန်က ရာဇဝတ်ကောင်တွေကို နောက်ကနေ တိတ်တိတ်လေးလိုက်ပြီး သတင်းအချက်အလက်တွေ စုဆောင်းရတာပါ။
သူ့ကို သင်ကြားပေးမယ့်သူကတော့ ဒီလောကမှာ ဝါရင့်နေပြီဖြစ်တဲ့
ခေါင်းဆောင်ကြီး “Dog Head” (Simon Yam) ပေါ့။
သူတို့အဖွဲ့ရဲ့ အဓိကပစ်မှတ်ကတော့ Shan (Tony Leung Ka-fai) ဦးဆောင်တဲ့ ဓားပြဂိုဏ်းတစ်ခုပါ။
ဒီဂိုဏ်းက တော်ရုံမဟုတ်ဘူး၊ အရမ်းကို ကျွမ်းကျင်ပြီး သူတို့ခေါင်းဆောင် Shan ဆိုတာကလည်း အင်မတန်ပါးနပ်တယ်။
ရဲတွေ ဘယ်လိုလိုက်မယ်ဆိုတာကို ကြိုသိနေတတ်တော့ လုံးဝကို ဖမ်းရခက်နေတဲ့သူပါ။
ဒီဇာတ်ကားမှာ ရဲတွေက ဓားပြဂိုဏ်းကို ဘယ်လိုနည်းပညာတွေ၊ လူကိုယ်တိုင် နောက်ယောင်ခံလိုက်တာတွေနဲ့ ခြေရာခံကြသလဲဆိုတာကို အရမ်းကို စိတ်လှုပ်ရှားမှု အပြည့်နဲ့ ရိုက်ပြထားတယ်။
အထူးသဖြင့် အတွေ့အကြုံနုသေးတဲ့ ရဲမေလေး Piggy တစ်ယောက် အန္တရာယ်တွေကြားထဲကနေ သူ့အရည်အချင်းကို ဘယ်လိုသက်သေပြမလဲ၊ ဉာဏ်များတဲ့ ဓားပြခေါင်းဆောင် Shan နဲ့ ဘယ်လိုထိပ်တိုက်တွေ့မလဲဆိုတာတွေကို ကြည့်ရင်း ရင်တမမနဲ့ ကြည့်ရမှာပါ။
ရဲနဲ့လူဆိုးကြားက ဉာဏ်ချင်းပြိုင်တာကိုပဲ ပြတာမဟုတ်ဘဲ၊ နောက်ယောင်ခံလိုက်ရတဲ့အလုပ်က ဘယ်လောက်တောင် စိတ်ဖိစီးမှုများလဲ၊ ဘယ်လောက်အန္တရာယ်များလဲဆိုတာကိုပါ ကွက်ကွက်ကွင်းကွင်း မြင်ရမှာဖြစ်လို့ အက်ရှင်ကားကောင်းကြိုက်သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။



Leave a Reply