A Summer’s Tale

A Summer’s Tale

A Summer’s Tale (1996)

Eric Romherရဲ့ Four Seasonsရုပ်ရှင်တွေဟာ ရာသီလေးခုနာမည်နဲ့ ရုပ်ရှင်တွေ‌ပေါ့။ လေးရာသီဇာတ်လမ်းပေါ့။ ကျွန်တော်‌တော့ အချစ်ရဲ့လေးရာသီဆိုတဲ့ နာမည်နဲ့ ပိုပနံသင့်မယ်လို့ထင်တယ်။ ဘဝကို ရာသီလေးခုနဲ့ ပိုင်းခြားကြတာတွေ ရှိတယ်။ ငယ်ရွယ်တဲ့ နွေဦး။ ပျိုမျစ်တဲ့နွေ။ သက်ငြိမ်စ ဆောင်းဦး။ နှောင်းတဲ့ဆောင်း။ စသလိုပေါ့။ Romherကတော့ အချစ်ကို လေးရာသီနဲ့ ပိုင်းခြားခဲ့တယ်။ ဆိုပေမဲ့ ဒီဇာတ်လမ်းလေးပုဒ်က အဆက်အစပ်တော့မရှိဘူး။ သီခြားစီပဲ။ တူညီတာကတော့ ဒီဇာတ်လမ်းလေးပုဒ်မှာ အရွယ်အမျိုးမျိုးမှာ ကျွန်တော်တို့ ကြုံရနိုင်တဲ့ အချစ်တွေကို ပြထားတယ်။ အချစ်ရဲ့လေးရာသီဆိုတဲ့နောက် အိုမင်းတဲ့ကာလတွေတော့ မပါဘူးပေါ့။

အချစ်ရဲ့ပြဿနာတွေကို အဓိကတင်ဆက်ပြတာဖြစ်တဲ့အတွက် အချစ်ရဲ့ပြဿနာတွေအရှိများသေးတဲ့ အရွယ်တွေပဲများတယ်။ Romherက အချစ်ရဲ့လေးရာသီကို တင်ဆက်ပြတဲ့နေရာမှာ ရိုမန့်တစ်ဆန်တဲ့အနေအထားကိုတော့ တွေ့ရမှာမဟုတ်ဘူး။ လက်တွေ့ကျသည်ထက် ကျအောင်ပဲ ပုံဖော်ထားတယ်။ ငယ်တုန်းဆိုလည်း ငယ်တဲ့အလျောက်။ လူလတ်ဆိုလည်း လူလတ်အလျောက်။ အိမ်ထောင်သည်ဆိုလည်း အိမ်ထောင်သည်အလျောက်။ ချစ်ခြင်းဆိုတဲ့ ဆက်ဆံရေးတွေရဲ့ အသိရခက် ရှုပ်ထွေးပုံကို တင်ဆက်ထားတယ်။

ဒီနွေပုံပြင်ကတော့ ဆယ်ကျော်သက်ဘဝရဲ့အချစ်ကိုပဲ ပြထားတဲ့ ဇာတ်လမ်းပါပဲ။ ဇာတ်လမ်းထဲ ကောင်လေးတစ်ယောက်က နွေရာသီပိတ်ရက်မှာ ကမ်းခြေမြို့လေးကို‌ ရောက်လာတယ်။ သူချစ်တဲ့ကောင်မလေးနဲ့တွေ့ဖို့ လာစောင့်နေတာပေါ့။ ဒါပေမဲ့ ကောင်မလေးက ရောက်မလာခဲ့ဘူး။ တခြားကောင်မလေး၂ယောက်ကတော့ သူ့ဘဝထဲ အသစ်ဝင်လာခဲ့တယ်။ သူတို့၃ယောက်ကြားမှာ သူဘယ်သူ့ကိုချစ်လဲ ဘယ်သူနဲ့တွဲချင်လဲဆိုတာကို ရွေးချယ်မှုလုပ်တဲ့အကြောင်းလို့ပြောလို့ရမယ်။ ဇာတ်လမ်းက ဒီလောက်ပဲ။

ဒီလောက်ပဲမဟုတ်တာက Romherရဲ့ ဆယ်ကျော်သက်အချစ်အပေါ်အမြင်နဲ့ ဒီဇာတ်ကောင်တွေကို တည်ဆောက်တဲ့ပုံပဲ။ ယောက်ျားလေးဇာတ်ကောင်က ဗဟိုဇာတ်ကောင်ပေါ့။ အနုပညာကိုချစ်တယ်။ မိန်းမတွေနဲ့ပတ်သက်ရင် ယုံကြည်ချက်နည်းတယ်။ ဘဝမှာ သူ့ကိုယ်သူတောင် သေချာနားမလည်နေဘူး။ ဒါက ဆယ်ကျော်သက်ဘဝတိုင်းနီးပါးရဲ့ ကိစ္စပါပဲ။ ဒီထက်လည်း ပိုချင်ပိုနိုင်တယ်။ မိန်းကလေးဇာတ်ကောင်၃ကောင်မှာကျ စရိုက်တွေက လုံးဝကွဲထွက်နေတယ်။ တစ်ယောက်က တစ်ဖက်သတ်အချစ်နဲ့တူတဲ့ ပုံစံမျိုး။ ထက်မြက်တဲ့ မိန်းမပုံစံမျိုး။ တစ်ယောက်ကကျ ပေါ့ပါးလွန်းတဲ့ပုံစံမျိုး။ နောက်ဆုံးနဲ့အရေးအကြီးဆုံး တစ်ယောက်ကတော့ အချစ်နဲ့တူတဲ့ ပုံစံမျိုးလို့ ပြောရမယ်ထင်တယ်။ အဖြေက ရှင်းနေသလိုလိုပါပဲ။

ဆိုပေမဲ့ Romherပြနေတာက ဆယ်ကျော်သက်အချစ်ပါ။ ဆယ်ကျော်သက်အရွယ်မှာ ကျွန်တော်တို့သိတဲ့အသိတရားနဲ့က အမှားအယွင်းများတယ့် အချစ်မျိုး။ တန်ဖိုးတွေ မသိသေးတဲ့အခါမျိုး ရွေးချယ်မှုတွေ မှားယွင်းတဲ့ အချိန်မျိုးတွေပေါ့။ သူ့ဇာတ်ကောင်အတွက် ဒီအရွယ်မှာ အချစ်ဆိုတာက တစ်ဦးတစ်ယောက်ကို လိုနေလို့ အခြေအနေအဆင်ပြေ အခါပေး အဆင်ပြေနေလို့ ချစ်လိုက်တဲ့ ပုံစံမျိုးပဲ။ လူတိုင်းအတွက်တော့ ဟုတ်ပါ့မလား မသိပေမဲ့ ကျွန်တော့်ရဲ့ဆယ်ကျော်သက်အချစ်တွေဆိုတာလည်း ဒီလိုပဲဖြစ်ခဲ့တော့ ကျွန်တော်တော့ လက်ခံတယ်။

ဒီနောက် နည်းနည်းကြီးလာတဲ့အခါ ပိုကြီးတဲ့ရွေးချယ်မှုုတွေ လာချင်လာမှာပေါ့။ Romherကတော့ သူပြချင်တဲ့ နွေပုံပြင်ကို နွေမှာပဲ အဆုံးသတ်သွားခဲ့တော့ ဇာတ်ကောင်ရဲ့ ရွေးချယ်မှုတွေဟာ အားမလိုအားမရဖြစ်စရာတော့ကောင်းနေမယ်။ ဒါပေမဲ့လည်း ဒါကိုကလည်း ဆယ်ကျော်သက်ဘဝပါပဲ။ အမှားတွေလုပ်ရင်း မှားရင်း , ပြန်ပြန်ဆင်ဖို့ကြိုးစားရင် ထပ်မှားရင်း , ပြန်ပြင်ဆင်ဖို့ကြိုးစားရင်း , အမှားတွေထပ်လုပ်ရင်း ဘဝတစ်ခု ဖြစ်လာကြတာပဲမဟုတ်လား။ ကိုယ့်ခံစားချက်ကို ကိုယ်ရိုးသားလိုက်ရင် မှားနေခဲ့ရင်တောင် သတိရတိုင်းမှာ လွမ်းမောစရာပေါ့။

ရိုးသားလိုက်တာက မှားနေခဲ့ရင်တောင် သတိရတိုင်းမှာ‌ ပျော်ရွှင်စရာ

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *