MNDAA နဲ့ဆက်ဆံရေးတင်းမာနေချိန် လားရှိူးမြို့ပေါ်မှာ စစ်တပ်က သေနတ်ဆက်တိုက်ပစ်ခတ်

MNDAA နဲ့ အာဏာသိမ်းစစ်တပ်ဆက်ဆံရေတင်းမာနေစဉ် ယမန်နေ့ည ၁၁နာရီခန့်က လားရှိုးမြို့မှာ သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်လာတာကြောင့် ဒေသခံတွေ ထိတ်လန့်ခဲ့ကြပါတယ်။
သေနတ်သံတွေဟာ တစ်ဖက်တည်းကပစ်တဲ့အသံမျိုးဖြစ်ပြီးနိုဝင်ဘာလ၂၄ရက်ညမှာ၅မိနစ်လောက်အထိ ကြာခဲ့တယ်လို့ မြို့ခံတဦးကပြောပါတယ်။
“စစ်တပ်ကမသင်္ကာတာတွေ့လို့ပစ်တာဆိုပြီး ကြားတာပဲ။ ရပ်ကွက်(၁)ဘက်ကနေ ပစ်တာ။ ကြားတာတော့ အသံတော်တော်ကျယ်တယ်”လို့ ရပ်ကွက် (၇)မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

လားရှိုးမြိို့ပြင်မှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီရဲ့ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့မှုး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ကိုယ်တိုင် နိုဝင်ဘာလ ၁၁ ရက် နေ့က လားရှိုးမြို့အထိလာရောက်တောင်းဆိုပေမယ့် ငြင်းပယ်ခံရပြီး ဆွေးနွေးမှုပျက်ခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း စစ်ကောင်စီက ကင်းထောက် လေယာဉ်တချို့ပျံသလို MNDAA ကလည်း အင်အားတိုးချထားတယ်လို့ မြေပြင်သတင်းမြစ်တွေကပြောပါတယ်။
လားရှိုးမြို့ကနေ မန္တလေးမြို့ဘက်ကိုတည်တဲ့ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ နောင်မွန်နဲ့ တန့်ယန်း၊မိုင်းရယ် မြို့ဖက်ကိုသွားတဲ့- နမ့်ပေါင်-ဟိုယ ရွာတွေမှာ MNDAAက တပ်စွဲထားတာပါ။

ဆက်ဆံရေးတင်းမာပြီးတဲ့နောက်ပိုင်း လာရှိူး-သီပေါလမ်းပိုင်းက ဒုဋ္ဌဝတီတံတားကိုလည်း နှစ်ဘက်စလုံးက ပိတ်ထားပါတယ်။ ဒီနေ့အထိပြန်မဖွင့်သေးပါဘူး။
MNDAA ထိန်းချုပ်ဒေသတွေကိုဖြတ်လာတဲ့ ကုန်တင်ကားတွေကိုလည်း စစ်ကောင်စီက ဖမ်းဆီးနေပါတယ်။
ဒီအခြေအနေမှာ လားရှိုးမြို့ထဲမှာ သေနတ်ပစ်ခတ်သံတွေထွက်ပေါ်လာတာမို့ ဒေသခံတွေကြားကအမျိုးမျိုးထင်ကြေးပေးနေကြပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ MNDAA က ထိန်းချုပ်ထားတဲ့လားရှိုးမြို့ကို တရုတ်အစိုးရရဲ့စွက်ဖက်မှုကြောင့် ၂၀၂၅ ဧပြီလမှာ ကျည်တစ်ချက်မဖောက်ရဘဲ စစ်ကောင်စီကို ပြန်လွှဲပေးခဲ့ရပါတယ်။
ဒါကြောင့်စစ်တပ် ပြန်ဝင်လာပြီး ရှစ်လခန့်အတွင်း မြို့ပေါ်မှာ ပစ်ခတ်သံ ရှားရှားပါးပါး ပြန်ကြားရတာဖြစ်ပါတယ်။
လားရှိူးမြို့ပေါ်ကိုသာ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ရယူနိုင်ခဲ့ပြီး မြို့ပတ်ချာလည်ကိုတော့ MNDAA က တပ်စွဲထားတာဖြစ်ပါတယ်။
(လားရှိူးမြို့ပေါ် ပစ်ခတ်သံများကြားရစဥ်။ ရုပ်သံ-ဒေသခံ)


Leave a Reply