ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၌ သက်ငယ်မုဒိန်းမှု ကျူးလွန်သူတစ်ဦးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ၏ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက် နံနက် ၂ နာရီခွဲတွင် လုံတောက်ကျေးရွာအုပ်စုရှိ ရွာတစ်ရွာမှ မိုင်းကျော်ဌေး ဆိုသူသည် အသက် ၁၄ နှစ်သာ ရှိသေးသည့် မိန်းကလေးငယ်တစ်ဦး၏ နေအိမ်ပေါ်သို့ တက်ရောက်ကာ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
“ကလေးမလေးက ကျောင်းတက်နေတာ ၇ တန်းပဲရှိသေးတယ်။ အဲဒီညက သူ့အမေလည်း တောင်ယာမှာအိပ်တော့ အိမ်မှာ ကလေးမလေးတယောက်ပဲ ကျန်ခဲ့တာ အဲဒါကို အခွင့်ကောင်းယူပြီး ကလေးမလေးကို စော်ကားသွားတာ။ ကလေးမလေးကိုလည်း တခြားသူကို ပြန်ပြောပြရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်” ဟု ဖြစ်စဉ်ကိုသိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။
ပြစ်မှုကျူးလွန်သူ မိုင်းကျော်ဌေးသည် ယင်းနေ့တွင် အရက်မူးကာ ကျူးလွန်ခံရသူ မိန်းကလေးငယ်၏ အိမ်နှင့်အိမ်နီးချင်းဖြစ်သည့် သူငယ်ချင်းနေအိမ်တွင် တည်းခိုခဲ့ကြောင်း ယင်းသို့ တည်းခိုစဉ် နံနက် ၂ နာရီခွဲခန့်တွင် အမျိုးသမီးငယ်၏ အိမ်ပေါ်သို့ တက်ရောက်ကာ မုဒိမ်းမှုကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း TNLA က နိုဝင်ဘာ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။
ထို့သို့ ကျူးလွန်သည်ကို မိန်းကလေးငယ်၏ မိသားစုဝင်များက သိရှိပြီးနောက် တအာင်းရဲတပ်ဖွဲ့ကို လာတိုင်ကြားရာမှ တရားခံကို ဖမ်းမိခဲ့ခြင်းဖြစ်ပြီး သက်ငယ်မုဒိန်းမှု ကျူးလွန်သူကို အရေးယူသွားမည်ဟု TNLA ကဆိုသည်။
ယခုနှစ် ဧပြီ ၁၈ ရက်တွင်လည်း နမ့်ဆန်မြို့နယ်၊ အာရမ်းကျေးရွာတွင် သက်ငယ်မုဒိန်းမှု ကျူးလွန်ခဲ့သည့် အမျိုးသားတစ်ဦးကို တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သေးသည်။


Leave a Reply