Twin Peaks: The Missing Pieces (2014)
(သို့မဟုတ်) David Lynch ဝှက်ထားခဲ့တဲ့ ပဟေဠိအဖြေများ

Twin Peaks ဖန်တီးရှင် ဆရာကြီး David Lynch ကို သိကြတဲ့အတိုင်းပါပဲ။ သူက ပရိသတ်ကို ဘယ်တော့မှ အချိုကျွေးလေ့မရှိပါဘူး။ ဒါပေမဲ့ ဒီ “The Missing Pieces” ကတော့ Twin Peaks ပရိသတ်တွေအတွက် တကယ့်ကို ရတနာသိုက်တစ်ခုပါပဲ။
ဒီကားကို နားလည်ဖို့ဆိုရင် အရင်ဆုံး “Director’s Cut” ဆိုတာ ဘာလဲဆိုတာ နည်းနည်းပြောပြမှ ရမယ်။
Director’s Cut ဆိုတာ ဘာလဲ?
ပုံမှန် ရုပ်ရှင်တစ်ကား ရုံတင်တဲ့အခါ အချိန်ကန့်သတ်ချက် (ဥပမာ – ၂ နာရီခွဲထက် မပိုရဘူးဆိုတာမျိုး) ကြောင့်သော်လည်းကောင်း၊ ရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ သဘောထားကြောင့်သော်လည်းကောင်း ဒါရိုက်တာ ရိုက်ထားပြီးသား အခန်းကောင်းတွေကို နှမြောစရာကောင်းလောက်အောင် ဖြတ်ထုတ်ပစ်လိုက်ရတာမျိုး ရှိပါတယ်။
နောင်တစ်ချိန်ကြာမှ အဲ့ဒီဖြတ်ထားတဲ့ အခန်းတွေကို ဒါရိုက်တာက သူလိုချင်တဲ့ ပုံစံအတိုင်း ပြန်ဆက်၊ ပြန်ထည့်ပြီး ထုတ်ဝေတာကို Director’s Cut လို့ ခေါ်ပါတယ်။
ဒီ The Missing Pieces ကျတော့ Director’s Cut ထက်တောင် ပိုပါတယ်။ ၁၉၉၂ တုန်းက ထွက်ခဲ့တဲ့ “Twin Peaks: Fire Walk with Me” ရုပ်ရှင်မှာ မပါဝင်ဘဲ ဖြတ်တောက်ခံခဲ့ရတဲ့ ဇာတ်ဝင်ခန်းတွေကို စုစည်းထားတာပါ။
ဒါပေမဲ့ ရိုးရိုး Deleted Scenes အနေနဲ့ ထည့်ပေးတာမျိုး မဟုတ်ဘဲ David Lynch ကိုယ်တိုင် အသံပိုင်းဆိုင်ရာ၊ တည်းဖြတ်မှုအပိုင်းဆိုင်ရာ သေချာပြန်လုပ်ပြီး ရုပ်ရှင်တစ်ကားလို ကြည့်လို့ရအောင် (၁ နာရီခွဲစာနီးပါး) ပြန်ထုတ်ပေးထားတာ ဖြစ်ပါတယ်။
ဒီကားထဲမှာ ဘာတွေထူးလဲ?
Twin Peaks ဖန်တွေ နှစ်ပေါင်းများစွာ မေးခွန်းထုတ်နေခဲ့တဲ့ ကွက်လပ်တချို့ကို ဒီကားက ဖြည့်ဆည်းပေးပါတယ်။
Laura Palmer ရဲ့ ခံစားချက်: မူရင်းရုပ်ရှင်မှာ Laura (လော်ရာ) ရဲ့ ဘဝက အရမ်းမှောင်မိုက်လွန်းတယ်။
ဒီ Missing Pieces မှာတော့ သူမရဲ့ မိသားစု ထမင်းဝိုင်းက တင်းမာမှုတွေ၊ သူမရဲ့ အပြုံးတွေ၊ ကြောက်ရွံ့မှုတွေကို ပိုပြီး အသေးစိတ် မြင်ရတယ်။
မင်းသမီး Sheryl Lee ရဲ့ သရုပ်ဆောင်ချက်တွေက တကယ့်ကို ရှယ်ပါပဲ။
၂။ David Bowieရဲ့ အခန်းကဏ္ဍ: “Fire Walk with Me” မှာ ခဏလေးပဲ ပါခဲ့တဲ့ David Bowie (Phillip Jeffries ) ရဲ့ ဇာတ်ကွက်ကို ဒီမှာ အရှည်ကြီး ပြန်ကြည့်ရပါမယ်။ ဒီအခန်းက Season 3 (The Return) ကို နားလည်ဖို့အတွက် အင်မတန် အရေးကြီးပါတယ်။
၃။ Season 2 ဇာတ်သိမ်းရဲ့ အဆက်: စီးရီး Season 2 ပြီးတုန်းက Annie ဘာဖြစ်သွားလဲ၊ Cooper ဘယ်လိုဖြစ်သွားလဲဆိုတာ ပရိသတ်တွေ ရင်တမမ ဖြစ်ခဲ့ရတာလေ။ အဲ့ဒီအဖြေတချို့ကို ဒီထဲမှာ ထည့်ပေးထားပါတယ်။ ဆေးရုံက Annie ရဲ့ အခန်းက တော်တော်လေး အရေးပါပါတယ်။
ဒါက Standaloneရုပ်ရှင်မဟုတ်ပါဘူး။
ဒီတိုင်းကြည့်ရင်နားလည်မှာ မဟုတ်ပါ။ Twin Peaks စီးရီး (Season 1, 2) နဲ့ Fire Walk with Me(၁၉၉၂) ရုပ်ရှင်ကို ကြည့်ပြီးသား သူတွေ အတွက်သာ ရည်ရွယ်ပါတယ်။
ဇာတ်လမ်းအစအဆုံး မသိထားရင်တော့ ကြည့်ရတာ နားလည်မှာ မဟုတ်ပါဘူး။ဒါကြောင့် ဖော်ပြပါ စီးရီးနဲ့ရုပ်ရှင်ကို အရင်ကြည့်ဖို့ ညွှန်းချင်ပါတယ်။
“The Missing Pieces” ဟာ ဖြတ်ထားတဲ့ အခန်းတွေဆိုပေမယ့် အရည်အသွေး လျော့မနေပါဘူး။ Twin Peaks လောကကြီးကို ပိုပြီး ပြည့်စုံသွားစေတဲ့၊ မကြည့်မဖြစ် ကြည့်သင့်တဲ့ “အပိုင်းအစ” တွေ ဖြစ်ပါတယ်။ David Lynch ရဲ့ လက်ရာအတိုင်း လှပတယ်၊ ကြောက်စရာကောင်းတယ်၊ ပြီးတော့ ဆွေးမြေ့စရာ ကောင်းပါတယ်။



Leave a Reply