TNLA ဗိုလ်ချုပ်တာဘုန်းကျော်သို့အိတ်ဖွင့်ပေးစာ

မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ဦးဆောင်တဲ့
တော်လှန်ရေးတပ်တွေက
၁၀၂၇ စစ်ဆင်ရေးနဲ့အတူ
မြို့တွေ တမြို့ပြီးတမြို့သိမ်းပြတဲ့အချိန်
အာဏာရှင်ရဲ့အကြမ်းဖက်စစ်တပ်ကြီး
ပြိုလဲတော့မယ်ဆိုပြီး
ပြည်သူတွေကနှစ်ထောင်းအာရ
လက်ခုပ်တီးကြိုဆိုခဲ့ကြတာ အားလုံးအသိပဲ။

မိုးကုတ်မြိုထဲ
တော်လှန်ရေးတပ်တွေ ရောက်လာတဲ့အခါ
ပြည်သူတွေက
စစ်အာဏာထမ်းပိုးအောက်ကနေ
လွတ်ပြီကျွတ်ပြီဆိုတဲ့အသိနဲ့
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို
သူတို့ရဲ့ ကယ်တင်ရှင်တွေအလား
အိုးစည်ဗုံမောင်းအတီးအမှုတ်၊အကအခုန်တွေနဲ့
ဝမ်းပန်းတသာကြိုဆို အောင်ပွဲခံခဲ့ကြတယ်။

နောက် သိပ်မကြာခင်
NUG ဒေါက်တာဇော်ဝေစိုးကပါ တခါ
၂၀၂၅ ဇူလိုင်၂၈ရက်နေ့မှာ
“ဗိုလ်ချုပ် တားဘုန်းကျော်
ကျနော်တို့ ပြည်တွင်းပြည်ပပြည်သူတွေအားလုံး၊
တော်လှန်ရေးအင်အားစုတွေအားလုံး၊
ချစ်ခင်ရပါသော၊လေးစားရပါသော၊အားကိုးရပါသော၊
ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်၏ခေါင်းဆောင်
ဖြစ်ပါတယ်။
တိုင်းပြည်ရဲ့အနာဂတ်ဟာ၊
ဗိုလ်ချုပ်တို့၊ ခေါင်းဆောင်တို့ပခုံးပေါ်မှာ ရောက်နေပါပြီ”လို့ထပြောခဲ့တယ်။

အဲ့ဒီစာနဲ့ တပါတည်း
ဗိုလ်ချုပ်တာဘုန်းကျော်၊
ဒေါက်တာဇော်ဝေစိုးတို့အတူတွဲရိုက်ထားတဲ့ပုံကိုပါ
ချပြထားတော့
NUG ၊ PDF ခေါင်းဆောင်တွေက
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့
ချိတ်ဆက်ပူးပေါင်းမိကြပြီဆိုပြီး
ပြည်သူတွေက အားတက်စရာအကြောင်းဖြစ်ရတယ်။

ဒါပေမယ့်
ဒါတွေက အိပ်ပျော်နေတုန်းမက်တဲ့
ဂယောက်ဂယက် အိပ်မက်တွေအဖြစ်နဲ့
ဝေဝါးပျောက်ကွယ်သွားခဲ့ပါပြီ။

“ဆက်တိုက်ဗုံးကြဲနေတာ။
ကြဲတဲ့သူ၊ကြဲဖို့ဆော်ဩသူ၊
ကြဲခံရတာကိုဝမ်းမြောက်လက်ခုပ်တီးသူ။
အားလုံးကို ထုံးသေချာတို့မှတ်ထားမယ်။
အလှည့်ဆိုတာ ရှိစမြဲပါ”လို့
ဗိုလ်ချုပ်တာဘုန်းကျော်ပြောခဲ့တာ
၂၀၂၅ အောက်တိုဘာ ၁၉ ရက်နေ့ကဆိုတော့
ဘာကြာသေးလို့လဲ။

ရက်စက်ကြမ်းကြုတ်တဲ့
အကြမ်းဖက်လုပ်ရပ်တွေ ထုံးတို့မှတ်ထားသမျှ
လက်စားပြန်ချေမယ်ဆိုတော့
ဒီစကားတွေအထိ
ပြည်သူက စိတ်အားမလျော့ကြသေးပေမယ့်
ရန်သူနဲ့သဘောတူအပစ်ရပ်ပြီး
စစ်အာဏာပါးကွက်သား သူသတ်သမားလက်ထဲ
မိုးကုတ်မြို့ကိုပြန်ပေးမယ်လို့ဆိုတဲ့အခါကျ
သူတို့ရဲ့မျှော်လင့်ချက်တွေ
ချနင်းခံလိုက်ရသလိုပါပဲ။

တကယ်တမ်းကျ
အသက်တွေရင်းပြီးရယူထားတဲ့မြို့ကို
ရန်သူအလိုကျ လိုက်လျောဆွေးနွေး
အလွယ်တကူ ပြန်ပေးလိုက်တယ်ဆိုတာက
စတေးခဲ့ရတဲ့ ဘဝတွေ၊
ကျခဲ့ရတဲ့ သွေးနဲ့မျက်ရည်၊
ဆုံးရှုံးထားရတဲ့အိုးအိမ်ပိုင်ဆိုင်မှုတွေ၊
ပစ်ချထားရတဲ့ အနာဂတ်အိပ်မက်တွေ၊
အပ်နှင်းထားတဲ့ ယုံကြည်ကိုးစားထားမှုတွေ
ဒီအရာအားလုံးကို
ချနင်းလိုက်တာပဲ ဖြစ်တယ်။

တခဲနက်သံပုံးတီးသံတွေက
မြို့ကြီးက သူ့ရင်ထဲအသံကို
ထုတ်ပြန်ကြေညာလိုက်တာလို့ဆိုရမယ်။

“လေယာဉ်ဗုံးကြဲဒါဏ်
ငါတို့တွေအတူခံနေကြရတာပဲ။
ဒရုန်းမိုးရွာဒဏ် ငါတို့အတူခံကြရတာပဲ။
ဘာမဆိုလုပ်ရဲတယ်ဆိုသူရဲ့
ငန်ကျိကျိ ငြိမ်းချမ်းရေးနဲ့ရွေးကောက်ပွဲကို
ငါတို့က ဘာအဓိပ္ပါယ်ဖွင့်စရာလိုမှာလဲ။
ဒီကစားပွဲမှာနားချိန်တန်လို့နားတာ။ဖိအားများလို့နားတာ။
အားပြန်စုဖို့ နားတာ။
စမတ်ကျတဲ့ခေတ်ကြီးမှာ ငါတို့တော်လှန်ကြတာ
အားလုံးဟာ အမြင့်ကိုပျံတက်
ငါတို့လိုချင်တာ လက်ရခူးဆွတ်ဖို့ပဲလေ”လို့
၂၀၂၅ နိုဝင်ဘာ ၂ ရက်နေ့မှာ
ဗိုလ်ချုပ်တာဘုန်းကျော်ပြောခဲ့သေးတယ်။

“အမြင့်ကိုပျံတက်
ငါတို့လိုချင်တာ လက်ရခူးဆွတ်ဖို့”တဲ့လား။
နောက်ဆုံးကျတော့
အားလုံးရဲ့ အသက်တွေခူးဆွတ်၊
ဘဝတွေကို ခြွေချပြီး
အမြင့်ပျံတက်သွားတာ
ပြည်သူရှိရာ ပြန်ဆင်းမလာခဲ့တော့ပါဘူး။

“အာဏာရှင်တံတိုင်းတွေ
တထပ်ပြီးတထပ်ပြိုကွဲ။
တမြို့ပြီးတမြို့ တံတိုင်းတွေပြိုလဲ။
ငါတို့ခေါင်းမှာတော့ သွေးတွေရဲရဲနီလို့ပေါ့”လို့
ဗိုလ်ချုပ်တာဘုန်းကျော်ရေးခဲ့ဖူးတယ်။
အမှန်က
သွေးချင်းချင်းနီနေတာဦးခေါင်းတင် ဘယ်ကလိမ့်မလဲ။
တနိုင်ငံလုံး သွေးအိုင်ထဲမှာမို့
သွေးအိုင်ထဲက မြန်မာပြည်ဆိုတဲ့စကားကပဲ
ပိုပြီး ဆီလျော်ပါလိမ့်မယ်။

“၁၀၂၇ စစ်ဆင်ရေးဆိုတာ
လူထုအားနဲ့ဖြိုလို့ ယိုးယွင်းနေတဲ့ စစ်တပ်ကို
ဒီလိုလက်နက်နဲ့ ဒီလိုတိုက်ရင် နိုင်ပါတယ်လို့
နွေဦးခြေတက်တွေကို သက်သေပြတာ”ဆိုတဲ့
ဗိုလ်ချုပ်တာဘုန်းကျော်ရဲ့စကားကို
ပြန်ကိုးကားပြီး ပြောချင်တယ်။

စစ်ပွဲအတွင်း ကျဆုံးသွားရသူတွေ၊
ခြေလက်အင်္ဂါစွန့်လွှတ်စတေးခဲ့ရသူတွေ၊
အိုးအိမ်ဆုံးရှုံးခဲ့ရသူတွေရဲ့မျက်နှာကိုမှ မထောက်၊
သွေးရဲသံရဲရဲ အလူလူးအလဲလဲပြည်သူနဲ့အတူ
မရပ်တည်ဘဲ
ရန်သူနဲ့ လက်ဝါးချင်းရိုက်၊အပေးအယူပြန်လုပ်ပြီး
ရန်သူ့လက်ထဲ မြို့ကို ဥဿုံအလုံးစုံ
ဝကွက်ပြန်အပ်တာကျတော့
နွေဦးမျိုးဆက် လူငယ်ခြေတက်တွေကို
ဘာမက်ဆေ့ပေးပြီး
ဘာကိုသက်သေပြချင်လို့လဲ။
ရန်သူနဲ့စေ့စပ်သင့်ရင် စေ့စပ်ရမယ်။
ပေါင်းစားသင့်ရင် ပေါင်းစားရမယ်လို့
သက်သေပြချင်တာများလားမေးရတော့မှာပါ။

“မြန်မာပြည်တော်လှန်ရေး မိုးစင်စင်လင်းပါဦးမလား။
မချင့်မရဲအပြုံးနဲ့ မေးတဲ့သူများလာတယ်။
နိယာမသဘောအရ မိုးအမြဲချုပ်တာ မရှိပါလေ။
မိုးလင်းအောင် ငါတို့ နည်းလမ်းရှာဖွေ
မရပ်မနားထုဆစ်နေတယ်။
ဒါ…အဖြေပဲ”လို့
ဗိုလ်ချုပ်တာဘုန်းကျော်ရေးဖူးတယ်။
ခုတော့ နိုင်ငံတခုလုံးကို အသာထား။
မိုးကုတ်မြို့တောင်မှ မိုးမလင်းနိုင်သေးဘဲ
လျှပ်ပြက်သလို မျက်စိတမှိတ်အလင်းရောင်ကို
ခဏမြင်ခွင့်ရလိုက်ရပြီး
အမှောင်ထုထဲ ပြန်ရောက်သွားခဲ့ပါပြီ။

ပြောရရင်
ဗိုလ်ချုပ်တာဘုန်းကျော်တို့က
မိုးကုတ်မြိုကိုရော၊လူ့အသက်တွေကိုပါ
အကြမ်းဖက် စစ်အုပ်စုဆီ ရောင်းစားပြီး
အမှောင်ထဲမှာ ပြန်ထားသွားခဲ့လို့ပါပဲ။

အရင်က
လူကုန်ကူးတာပဲ ကြားဖူးတာ။
အခုခေတ်မှာ မြို့တွေ၊အသက်တွေအထိပါ
ကုန်ကူးခံရကြောင်း
နောင်မျိုးဆက်သစ်တွေကို ပြန်ပြောပြရမယ်။

#မောင်နန်းဝေ(ဗန်းမော်)
၂၀၂၅ နိုဝင်ဘာ ၂၆

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *